Rights to Recall ဥပဒေကြမ်းသည် ရေးဆွဲပြီး ကော်မရှင်မှာ သိမ်းထားဖို့မဟုတ်ဟု မင်းကင်းအမတ် မေးခွန်းထုတ်

By မျိုးထွန်းနိုင်
28 January 2019
Rights to Recall ဥပဒေကြမ်းသည် ရေးဆွဲပြီး ကော်မရှင်မှာ သိမ်းထားဖို့မဟုတ်ဟု မင်းကင်းအမတ် မေးခွန်းထုတ်
 ဓာတ်ပုံ - EPA

နေပြည်တော်၊ ဇန်နဝါရီ ၂၈ ။             ။ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်းသည် ရေးဆွဲပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ သိမ်းထားဖို့မဟုတ်ကြောင်း မင်းကင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ပြောကြားခဲ့သည်။

ဇန်နဝါရီလ ၂၈ရက်နေ့က ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် Rights to Recallဥပဒေကိုမည်သည့်အချိန်တွင် လွှတ်တော်သို့တင်မည်။ မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ကြန့်ကြာနေရသည်ကို သိရှိလိုခြင်းမေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင်ဦးသန်းဌေးက ပြန်လည်ဖြေကြားရာ၌ ကော်မရှင်အနေဖြင့် အဆိုပါဥပဒေကြမ်းကို ရေးဆွဲပြီး ဖြစ်ကြောင်း သို့သော် ပထမအကြိမ်ပြည်ထောင်စု လွှတ်တော်တွင် ဆိုင်းငံ့ထားသည့် ကိစ္စဖြစ်သောကြောင့် ပြည်ထောင်စုလွှတ်တော်မှ ဥပဒေကြမ်းတင်သွင်းရန် လမ်းညွှန်လာပါက တင်ပြမည်ဟု ဖြေကြားခဲ့သည်။

“ကျွန်တော်တို့က ပထမအကြိမ်ပြည်သူ့လွှတ်တော်မဟုတ်ပါဘူး။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ပါ။ ပထမ အကြိမ်မှာ မလုပ်နိုင်ခဲ့တဲ့ Rights to Recallကို အခုပြည်သူ့ကိုယ်စားလှယ်လို့ ပြောနေကြတဲ့သူတွေ အများစု ရှိနေတဲ့အချိန်မှာ လုပ်မလားလို့ ဦးသောင်းအေးက ပြီးခဲ့တဲ့နှစ်က မေးခဲ့တာ။ ဦးသောင်းအေးမေးတဲ့မေးခွန်းကို ဖြေပြီးပြီ။ ဖြေပြီးတဲ့အခါမှာ ဥပဒေကြမ်းရေးဆွဲပြီးပြီလို့ ဒီမှာပါပါတယ်။ လွှတ်တော်က တရားဝင်ထုတ်ပြန်ထားတဲ့ Record တွေပါ။နိုင်ငံတော်သမ္မတကြီးကလည်း အဲ့အချိန်တုန်းက ဥက္ကဋ္ဌတာဝန်ယူခဲ့ပြီး ဒါကို ရေးပေးပါလို့ ကျွန်တော်တို့ကို အတိအလင်းညွှန်ကြားထားတယ်။ ရေးပေးပါဆိုတာ အလကားနေရင်း ရေးပေးပြီး ကော်မရှင် ရုံးမှာ သိမ်းထားဖို့မဟုတ်ဘူး။ လွှတ်တော်ကို တင်ဖို့ သမ္မတကြီးက ရေးခိုင်းတာ ။သမ္မတကြီးက ။အဲ့တော့ လွှတ်တော်ကနေ ပို့ပါလို့ မပြောလို့ ခင်ဗျားတို့ မပို့ဘူးဆိုတာကတော့ ဒီဟာကို ကိုယ်စားလှယ်တွေ အားလုံးလည်း သိသွားတယ်။ နိုင်ငံတော်လည်း သိသွားတယ်လို့ ပြောချင်တယ်။”ဟု မင်းကင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ဆိုခဲ့သည်။

ထို့နောက် လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဒုတိယအကြိမ်လွှတ်တော်က ခန့်အပ်ထားခြင်း သာဖြစ်ပြီး ပထမအကြိမ် လွှတ်တော်မှ ခန့်အပ်ခဲ့ခြင်းမဟုတ်ကြောင်း၊ ဥပဒေကြမ်းတစ်ခုကို လွှတ်တော်သို့ တင်ပြလာပါက လွှတ်တော်မှ လိုအပ်သလို စီစဉ်ဆွေးနွေးဆောင်ရွက်မည်ဖြစ်ပြီး လွှတ်တော်မှ မညွှန့်ကြား သဖြင့် ဥပဒေကြမ်း မတင်သွင်းရခြင်း ဆိုသည်ကို လက်မခံကြောင်း အဆိုပါဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့မည်သည့်အချိန်တွင် တင်သွင်းမည်ဆိုသည်ကို သိလိုကြောင်း ဆက်စပ်မေးခွန်းကို ဦးမောင်မြင့်က မေးမြန်း ခဲ့သည်။

“ပထမအကြိမ်ပြည်သူ့လွှတ်တော်သက်တမ်းကာလတွင် ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်၍ ဆိုင်းငံ့ ထားပါကြောင်းဖော်ပြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည်ပေးပို့ထားသည့် ကိစ္စရပ် ဖြစ်ပါသောကြောင့် ပြည်ထောင်စုလွှတ်တော်၏ ဆိုင်းငံ့ထာသော အဆုံးအဖြတ်သည် အတည်ဖြစ်နေဆဲ ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အဆိုပါဥပဒေကြမ်းကို အသင့်ရေးဆွဲပြီး ဖြစ်ပါကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်က ဆက်လက်လမ်းညွှန်လာပါက ယင်းလမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်သွားရန် အဆင်သင့်ရှိပါတယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးက ထပ်မံ ဖြေကြားခဲ့သည်။

ထိုသို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဖြေကြားမှုများနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က “ဒီနေရာမှာ တဆက်တည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြောကြားလိုပါတယ်။ ဥပဒေရေးဆွဲပြီး တင်ပြဖို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တာဝန်ရှိပါတယ်။ပြည်ထောင်စုလွှတ်တော်က ညွှန်ကြားလို့ လမ်းညွှန်မှ ပြန်လည်တင်ပြရမယ်ဆိုတာ ပြည်ထောင်စုလွှတ်တော်ရဲ့ လုပ်ငန်းတာဝန်မဟုတ်ပါဘူး။ သက်ဆိုင်ရာ ဒီဥပဒေကို စီမံခန့်ခွဲရတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်သာလျှင်ဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဋ္ဌြာန်းချက်များအရ မဲဆန္ဒရှင်ပြည်သူတစ်ယောက်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ် ကို ရွေးကောက်တင်မြောက်ခွင့်ရှိသလို ဥပဒေနဲ့အညီ တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခြင်းကို ပေးအပ်ထား သော်လည်း Rights to Recallဥပဒေ မရှိခြင်းကြောင့် နိုင်ငံသားများသည် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြဋ္ဌာန်းထား သော နိုင်ငံသားအခွင့်အရေးကို အပြည့်အဝ ရရှိထားခြင်း မရှိသေးပေ။

အဆိုပါဥပဒေကြမ်း၏ အခြေအနေနှင့် ပတ်သက်၍ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၆ရက်နေ့တွင် Rights to Recallဥပဒေကြမ်းကိုရေးဆွဲပြီးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဖြေကြားထားပြီး ၂၀၁၉ ဇန်နဝါရီ ၂၈ ရက်နေ့အထိ အချိန်ကာလ ၁၁ လကြာမြင့်ခဲ့သော်လည်း ဥပဒေမှာ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း ဦးမောင်မြင့်၏ ဆွေးနွေးမှုများအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required