ဗင်နီဇွဲလား အတိုက်အခံဘက်ကို ထောက်ခံကြဖို့ နိုင်ငံအားလုံးကို အမေရိကန် တိုက်တွန်း

ဗင်နီဇွဲလား အတိုက်အခံဘက်ကို ထောက်ခံကြဖို့ နိုင်ငံအားလုံးကို အမေရိကန် တိုက်တွန်း

ဇန်နဝါရီ ၂၇ ။                 ။ ဗင်နီဇွဲလားရဲ့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကတော့ ပိုမို ရေချိန်မြင့်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိ ဖိအားပေးခံနေရတဲ့ သမ္မတ နီကိုလပ်စ် မာဒူရိုကလည်း ရာထူးစွန့်ဖို့ ငြင်းဆန်နေသလို တစ်ဘက်မှာ အတိုက်အခံ ခေါင်းဆောင် ဟွမ် ဂွါဒိုကလည်း ၎င်းဟာ လက်ရှိ ကြားဖြတ်သမ္မတဖြစ်တယ်လို့ ကြေညာထားလျက် ရှိပါတယ်။

ယင်းအခြေအနေတွေအောက်မှာတော့ ဗင်နီဇွဲလား အတိုက်အခံ အင်အားစုဘက်ကိုသာ ၀ိုင်းဝန်းထောက်ခံ ရပ်တည်ပေးကြဖို့ ဇန်နဝါရီ ၂၆ ရက်မှာ အမေရိကန်က နိုင်ငံအားလုံးကို တိုက်တွန်းသွားခဲ့ပါတယ်။

အလားတူ မာဒူရိုအနေနဲ့ နိုင်ငံမှာ ရွေးကောက်ပွဲတွေ ပြန်ကျင်းပပေးဖို့ ဒါမှမဟုတ်ရင်လည်း ဟွမ်ဂွါဒိုကို သမ္မတအဖြစ် အသိအမှတ်ပြုဖို့  ဥရောပ ခေါင်းဆောင်တွေက  ပြောကြားထားပြီးဖြစ်ပါတယ်။

ဒါပေမယ့်လည်း တရုတ်နဲ့ ရုရှားနိုင်ငံတို့ကတော့ မာဒူရိုဘက်ကနေ ရပ်တည်ပေးနေလျက် ရှိဆဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် နီကိုလပ်စ် မာဒူရို အစိုးရဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ စီးပွားရေး ကျဆင်းမှုအတွက် အဓိက တာဝန်ရှိတယ်ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပဲယိုးက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အထူးအစည်းအဝေး တစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ အတိုက်အခံ ခေါင်းဆောင် ဟွမ် ဂွါဒို ကို ဗင်နီဇွဲလား ကြားဖြတ်သမ္မတအဖြစ် အမေရိကန်က အသိအမှတ်ပြုထားသလိုအတိုင်း လိုက်လံလုပ်ဆောင်ကြဖို့ ပွန်ပဲယိုးက နိုင်ငံအားလုံးကို တိုက်တွန်းသွားခဲ့ပါတယ်။

ဒါ့အပြင် မာဒူရို အစိုးရနဲ့အကြား ဘဏ္ဍာရေး ဆက်ဆံမှုတွေ ဖြတ်တောက်ကြဖို့ကိုလည်း ၎င်းက နိုင်ငံအားလုံးကို တိုက်တွန်းသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly