လိင်တူချစ်သူများရဲ့ Yangon Pride ပွဲတော် တစိတ်တစ်ပိုင်းအဖြစ် LGBTIQ သင်္ဘောဖြင့် လှည့်လည်

လိင်တူချစ်သူများရဲ့ Yangon Pride ပွဲတော် တစိတ်တစ်ပိုင်းအဖြစ် LGBTIQ သင်္ဘောဖြင့် လှည့်လည်

ရန်ကုန်၊ ဇန်နဝါရီ ။            ။ လိင်တူချစ်သူများရဲ့ Yangon Pride ပွဲတော် တစိတ်တစ်ပိုင်းအဖြစ် LGBTIQ သင်္ဘောဖြင့် လှည့်လည်ခြင်း အစီအစဉ်ကို ဇန်နဝါရီလ ၂၆ ရက်နေ့က ရန်ကုန်မြစ်ပေါ်က သင်္ဘောပေါ်မှာ ပြုလုပ်ခဲ့ပါတယ်။

 မြန်မာ LGBTတွေအရေး ဆောင်ရွက်နေတဲ့ &Proud အဖွဲ့က ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပြီးသင်္ဘော ၃ စီးကို ဗိုလ်တစ်ထောင်ဆိပ်ကမ်းကနေ မော်တင်ဆိပ်ကမ်းအထိ မောင်းနှင်ခဲ့တာပါ။

 “ဒါ ကျွန်မတို့ LGBTတွေအတွက် သီးသန့်ကျင်းပပေးတဲ့ ပထမဆုံး Pride Party ဖြစ်တဲ့အတွက် ကျွန်မတို့ အရမ်းပျော်တယ်။ လွတ်လပ်တယ်လို့လည်း ခံစားရတယ်။ ပတ်ဝန်းကျင်ကလည်း လုံခြုံတယ်လို့ ခံစားရတယ်” လို့ Yangon Pride ပွဲဖြစ်မြောက်ရေးပါဝင်ဆောင်ရွက်သူ ရှင်းသန့်က ပြောပါတယ်။

 သင်္ဘောပေါ်မှာ LGBTIQ တွေအပြင် သူတို့အပေါ် နားလည်လက်ခံပေးတဲ့ အသိုင်းအဝိုင်းကသူတွေလည်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

 “သူများအတွက်ကတော့ LGBT Pride က ရိုးနေပြီ။ ဘာပျော်စရာကောင်းလဲလို့ ဆိုကောင်း ဆိုလိမ့်မယ်။ ကျွန်မ အတွက်တော့ မတူဘူး။ ဘာလို့လဲဆိုတော့ ကျွန်မအသက် ၂၉ နှစ် ရှိပြီ ဖြစ်တယ်။ ဒီအတောအတွင်းမှာ LGBT တွေက အမြဲတမ်းဖိနှိပ်ခံရပြီး သင်္ကြန်လိုပွဲတော်တွေမှာတောင်မှ အရမ်းကြောက်ပြီးတော့ ကိုယ့်ရဲ့ ဖြစ်တည်မှုကို သိသွားမှာလား။ ငါတို့ ပါဝင်ဆင်နွှဲလို့ ရမှာလားဆိုပြီးမှ နောက်မှာပဲရှိခဲ့တာ” လို့ မရှင်းသန့်က ဆက်ပြောပါတယ်။

 Yangon Pride ပွဲတော်ကို ၂၀၁၄ ခုနှစ်တည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး အရင်နှစ်တွေက သခင်မြပန်းခြံမှာ ပြုလုပ်ခဲ့တာပါ။

 ၅ ကြိမ်မြောက် Yangon Pride ပွဲတော်ကို ဇန်နဝါရီလ ၂၅ ရက်ကနေ စတင်ပြီး သီတင်းပတ်နှစ်ပတ်ကြာ သတ်မှတ်ထားတဲ့ ပြင်သစ်ယာဉ်ကျေးမှုဌာနနဲ့ သခင်မြပန်းခြံနေရာတွေမှာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

 “ကျွန်တော်တို့ ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ LGBTတွေအပေါ်အမြင်မှားတွေ၊ အမြင်စောင်းနေတာတွေကို ကျွန်တော်တို့တွေ လူမှုပတ်ဝန်းကျင်မှာ ရှိနေတဲ့အမြင်တွေကို ပြန်လည်တည့်မတ်အောင် မှန်ကန်တဲ့ အသိပညာပေးချင်တယ်ပေါ့နော်။အဲ့ဒါနဲ့ ကျွန်တော်တို့ အသိပညာနဲ့၊ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ဘက်ကနေပြီးတော့ ကျွန်တော်တို့တွေ တစ်ဘက်တစ်လှမ်းကနေပြီးတော့ မြှင့်တင်မယ်ဆိုပြီးတော့ &Proud LGBT ရုပ်ရှင်ပွဲတော်၊ ဒီနှစ်မှာတော့ Yangon Pride ဆိုပြီး ပြောင်းခေါ်တယ်ပေါ့နော်” လို့ &Proud ရဲ့Co Director ကိုလှမြတ်ထွန်းက ပြောပါတယ်။

 ဒါ့အပြင် အဲ့ဒီပွဲအတွင်း မြန်မာနိုင်ငံမှာရှိတဲ့ LGBT IQ ဖြစ်တည်မှုတွေကို အကောင်းမြင်လာအောင် မီးမောင်း ထိုးပြသူတွေကို “Heroes Awards” ဆုတွေချီးမြှင့်သွားမယ်လို့လည်း သိရပါတယ်။ “Heroes Awards” ဆုတွေထဲက တစ်ဆုအတွက် မော်ဒယ်သရုပ်ဆောင်ဥက္ကာမင်းမောင်က ရွေးချယ်ခံထားရတယ်လို့ &Pride အဖွဲ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ပြီး ဆုရတဲ့အပေါ်ဂုဏ်ယူတယ်လို့ ဥက္ကာမင်းမောင်ရဲ့ မိခင်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly