သံဖြူဇရပ်မြို့နယ်တွင် ဗုံးသီးဟောင်း ၁ လုံးပေါက်ကွဲ

သံဖြူဇရပ်မြို့နယ်တွင် ဗုံးသီးဟောင်း ၁ လုံးပေါက်ကွဲ
ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့

နေပြည်တော်၊ ဇန်နဝါရီလ ၂၆ ။          ။ မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ်ရှိ ရာဘာခြံအနီးတွင် ဇန်နဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းက ဗုံးသီးဟောင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၅ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိ ကျေးရွာတွင် နေထိုင်သော ရန်နိုင်အောင်(၁၉)နှစ်သည် ၎င်း၏ ဖခင်ဖြစ်သူ ဦးဝင်းအောင်နှင့်အတူ အတွင်း စခန်းကြီးကျေးရွာရှိ ဒေါ်ရီ၏ ရာဘာခြံ၌ ရာဘာအစေးများလိုက်သိမ်းစဉ် ရာဘာခြံအတွင်း မြေကြီး၌ စိုက်ဝင် လျက်ရှိသော အရှည် ၁ ပေခန့်ရှိသည့် မော်တာဗုံးသီးအဟောင်း ၁ လုံးကိုတွေ့ရှိ၍ ယူဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

 အဆိုပါ မော်တာဗုံးသီးအဟောင်းကို ရာဘာခြံတဲရှေ့အရောက်တွင် မြေကြီးပေါ်သို့ ပစ်ချလိုက်ရာ ပေါက်ကွဲ ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ရန်နိုင်အောင်တွင် ဝဲ/ယာ ခြေမျက်စိအထက်ပိုင်း၌ ပြတ်ရှဒဏ်ရာ၊ ဝဲလက် ကောက်ဝတ်နှင့် ဝမ်းဗိုက်တို့တွင် စိုးရိမ်ဖွယ်ရာ ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ပြီး သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံ ကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း  သိရသည်။

ဖြစ်စဉ်အတွက် ရန်နိုင်အောင်အား သံဖြူဇရပ်မြို့မရဲစခန်းက (ပ)၂၁၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly