ဆင်မ(၁)ကောင်အား တရားမဝင်သယ်ဆောင်လာသူများကို ဖမ်းမိ

ဆင်မ(၁)ကောင်အား တရားမဝင်သယ်ဆောင်လာသူများကို ဖမ်းမိ

စစ်ကိုင်း ၊ဇန်နဝါရီ ၂၅ ။          ။ စစ်ကိုင်းတိုင်းဒေသကြီး ၊ကသာခရိုင်၊ ပင်လည်ဘူးမြို့တွင် ဇန်နဝါရီ ၂၄ ရက်နေ့၌ ဆင်မတစ်ကောင်အား ပိုင်ဆိုင်မှုအထောက်အထား တစ်စုံတစ်ရာပြသနိုင်မှုမရှိ၊ သက်ဆိုင်ရာဌာန၏ ခွင့်ပြုမိန့်မရှိဘဲ သယ်ဆောင် လာသူများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပင်လည်ဘူး -ကောလင်းသွားလမ်း ပင်လည်ဘူးမြို့အထွက်တွင် ရဲတပ်ဖွဲ့များ၊ သစ်တောဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သတင်းအရစောင့်ဆိုင်းနေစဉ် ပင်လည်ဘူးမှ ကောလင်းမြို့သို့ ဝါးရုံသာကျေးရွာတွင် နေထိုင်သော မြင့်လွင်ဦး (၂၄)နှစ် မောင်းနှင်ပြီး မိုးညှင်းမြို့တွင်နေထိုင်သော ဇော်ဝင်းထွန်း(၂၁)နှစ် လိုက်ပါ လာသည့် 1N/××× Forland ၆ ဘီးယာဉ်နှင့် မိုးညှင်းမြို့နယ်၊ နန်းပုတ်ကျေးရွာနေ ဝင်းကို (စိစစ်ဆဲ) မောင်းနှင် လာသည့် 1H/×××× Pajero ယာဉ်တို့အား ရပ်တန့်စစ်ဆေးစဉ် Pajero ယာဉ်မှာ မောင်းနှင်ထွက်ပြေးသွားပြီး ဇော်ဝင်းထွန်း မောင်းနှင်လာသည့် ယာဉ်ပေါ်မှ အမြင့် ၇ ပေ ၈ လက်မ၊ အလျား ၁၁ ပေ ၆ လက်မ၊ အသက် (၃၀)နှစ်ခန့်ရှိသော ဆင်မ ၁ ကောင်အား ပိုင်ဆိုင်မှုအထောက်အထား တစ်စုံတစ်ရာမပြနိုင်ပဲ တရားမဝင် သယ်ဆောင်လာကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆင်မဖမ်းဆီးရမိမှုနှင့် ပက်သက်၍ စစ်ဆေးချက်အရ ဖောင်းပြင်မြို့နယ် ချိန်ကန်တောစပ်မှ မိုးညှင်း မြို့နယ် နန်းပုတ်ကျေးရွာသို့ တရားမဝင် သယ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့် မြင့်လွင်ဦးပါ (၂)ဦးနှင့် ဝင်းကို(ဖမ်းမမိ)တို့ (၃)ဦးအား ပင်လည်ဘူး မြို့မရဲစခန်းတွင် (ပ)၇/၂၀၁၉၊ ဇီဝမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၃(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ထို့အပြင် ဖမ်းဆီးရမိသောဆင်အား မြန်မာသစ်လုပ်ငန်း ကောလင်းသစ်ထုတ်လုပ်ရေး ဒေသ၊ ကောလင်းမြို့သို့  ပို့ဆောင်ခဲ့ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly