ပိုမိုကောင်းမွန်တဲ့ ငြိမ်းချမ်းရေးလှေကားထစ်အတွက် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ကျင်းပ

ပိုမိုကောင်းမွန်တဲ့ ငြိမ်းချမ်းရေးလှေကားထစ်အတွက် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ကျင်းပ

ရန်ကုန်၊ ဇန်နဝါရီ၂၅ ။           ။ မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုးစုတွေရဲ့ရိုးရာယဉ်ကျေးမှုနဲ့နေထိုင်စားသောက်မှုတွေ၊ ဖျော်ဖြေတင်ဆက်မှုတွေ ပါဝင်တဲ့ သွေးချင်းတို့ရဲ့ ပွဲတော်ဆီ Myanmar Ethnics Culture Fest ကို ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းတွင် ဇန်နဝါရီလ၂၅ရက်နေ့ကစပြီး ၅ရက်ကြာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

“ဒီပွဲဟာတိုင်းရင်းသားတွေအချင်းချင်း ယုံကြည်မှုတွေ၊ ရင်းနှီးမှုတွေရနိုင်ဖို့အတွက် ပလက်ဖောင်း တစ်ခု ဖြစ်ပါတယ်။အခုဆိုရင် ကျွန်တော်တို့ ကချင်တိုင်းရင်းသားတွေနဲ့ တွေ့ခွင့်ရတယ်။ မွန်တိုင်းရင်းသားတွေနဲ့ တွေ့ခွင့်ရတယ်။ချင်းတိုင်းရင်းသားတွေနဲ့ တွေ့ခွင့်ရတယ်။စကားတွေဖလှယ်ကြတယ်။သူ့ယဉ်ကျေးမှု ကိုယ်လေ့ လာတယ်။ကိုယ့်ယဉ်ကျေးမှု သူတို့လေ့လာကြတယ်။ဒီတိုင်းအားဖြင့် ရင်းနှီးချစ်ခင်မှုတွေ ပိုတိုးလာ တယ်” လို့ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာအောင်ရဲဇော်က ပြောပါတယ်။

အဆိုပါပွဲကို မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြုလုပ်တာဖြစ်ပြီး လာရောက်သူများ အနေနဲ့ တစ်နေရာတည်းတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ ဓလေ့စရိုက်များကို လေ့လာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

 “ဒီပွဲကို ဦးစီးတာက စီးပွာရေးလုပ်ငန်းရှင်များအသင်းဖြစ်တယ်။ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းဖြစ် တယ်။ စီးပွာရေးလုပ်ငန်းရှင်တွေ၊ စီးပွားရေးပညာရှင်တွေများပါတယ်။ဒီလူတွေအချင်းချင်းမှာလည်း စီးပွားရေး ပိုမိုတိုးတက်အောင် ဖော်ဆောင်ရေးနဲ့ ရင်းနှီးမှုတွေပိုမိုတိုးတက်အောင်ဆောင်ရွက်ရင်းနဲ့ တိုင်းပြည်ရဲ့ စီးပွာရေး လည်း တစ်ဖက်မှာ တိုးတက်မယ်။တစ်ဖက်မှာလည်း တိုင်းရင်းသားတွေရဲ့ ရင်းနှီးမှုတွေ၊ ချစ်ကြည်မှုတွေ၊ ယုံကြည်မှုတွေ ပိုမိုတိုးတက်လာမယ်။ပိုမိုကောင်းမွန်တဲ့ ငြိမ်းချမ်းရေးဘက်ကို လှမ်းနိုင်မှာ ဖြစ်တယ်။ဒီပွဲက အဲ့ဒါအတွက် လှေကားထစ်ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်” လို့ ဒေါက်တာအောင်ရဲဇော်က ဆိုပါတယ်။

ပွဲတော်အတွင်း၌ တိုင်းရင်းသားပေါင်းစုံတို့ရဲ့ ရိုးရာအစားအစာတွေ၊ လက်မှုပစ္စည်းတွေ၊ ရိုးရာအထည်ရောင်းချ တဲ့ စျေးဆိုင်တွေကိုလည်း တွေ့နိုင်မှာဖြစ်သလို ကချင်၊ ကယား၊ကရင်၊ချင်းစတဲ့တိုင်းရင်းသား၈မျိုးအပြင် အထူးဒေသက တိုင်းရင်းသားတွေရဲ့ယဉ်ကျေးမှုပြခန်းတွေကိုလည်း ပြသထားပါတယ်။ဒါ့အပြင် တိုင်းရင်းသား အကပဒေသာပွဲ၊ တိုင်းရင်းသားမယ်ပြိုင်ပွဲတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

“ဒီနေ့ကတော့ တိုင်းရင်းသားအားလုံးနဲ့တွေ့ဆုံရလို့ ကျွန်မအရမ်းပဲ ပျော်ပါတယ်။ဖြစ်နိုင်မယ်ဆိုရင် တိုင်းရင်း သားအားလုံး လာပြီးမှပါဝင်ကြပါလို့ ကျွန်မဖိတ်ခေါ်ချင်ပါတယ်” လို့ ကချင်တိုင်းရင်းသူ ဒေါ်ခေါညိုက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ သွေးချင်းတို့ရဲ့ ပွဲတော်ဆီပွဲကို မနက်၁၁နာရီကနေ ည၁ဝနာရီအထိ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်မှာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly