ဒုတိယတန်းကျောင်းသူအား အဓမ္မပြုကျင့်ခဲ့ပြီး တိမ်းရှောင်နေသူကို တစ်လကျော်အကြာတွင် ဖမ်းမိ

ဒုတိယတန်းကျောင်းသူအား အဓမ္မပြုကျင့်ခဲ့ပြီး တိမ်းရှောင်နေသူကို တစ်လကျော်အကြာတွင် ဖမ်းမိ
ဓာတ်ပုံ - Mandalay Police

မန္တလေး၊ ဇန်နဝါရီ ၂၅ ။         ။ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှ အသက် ၈ နှစ်အရွယ် ဒုတိယတန်းကျောင်းသူအား အဓမ္မ ပြု ကျင့်ခဲ့ပြီး တိမ်းရှောင်နေသူကို အချိန်တစ်လကျော်အကြာတွင် ရှမ်းပြည်နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

 
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၃ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုံ(၂)တွင် နေထိုင်သော  မ xxxxxx (၈)နှစ် ဒုတိယတန်း ကျောင်းသူသည်နေအိမ်မှ စက်ဘီးစီး၍ထွက်သွားရာ ပြန်လည် ရောက်ရှိလာခြင်း မရှိသဖြင့် လိုက်လံရှာဖွေခဲ့ရာ နောက်ဆုံးတွင် ၄၈ လမ်း ဆီဆိုင်ရှိ CCTV မှတ်တမ်းအရ အမျိုးသားတစ်ဦးမှ မxxxx ၏ စက်ဘီးနောက်သို့ ဆိုင်ကယ်ဖြင့် လိုက်ပါနေသည်ကို မြင်တွေ့သဖြင့် စက်မှု နယ်မြေ ရဲစခန်းတွင် လူပျောက် အမှုဖွင့်တိုင်တန်းခဲ့ကြောင်း သိရသည်။

ထို့နောက် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မxxxx အား ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအနီးရှိ ရတနာပုံနည်း ပညာတက္ကသိုလ်ဝင်းတွင် ဒဏ်ရာများဖြင့်တွေ့ရှိရပြီး ခေါ်ဆောင်သွားသူ အမျိုးသားမှ အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောပြခဲ့သဖြင့် ပြင်စာနယ်မြေရဲစခန်း(ပ)၁၈၂/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၆၃/ ၃၂၅ အရ ဆက်လက် အမှုဖွင့်ခဲ့သည်။

မဟာအောင်မြေမြို့နယ်၊ ရွေဂဲပွားရပ်ကွက်တွင် နေထိုင်သော သီဟနိုင်(ခ)သီဟ (ခ)အငယ်လေး (၂၉)နှစ်ကို မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ လိုက်လံစုံစမ်းရှာဖွေခဲ့ရာ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့ ပတ်ဝန်းကျင်တွင် ရောက်ရှိနေကြောင်း သတင်းရရှိခဲ့သည်။

မန္တလေးခရိုင်၊ မှုခင်းနှိမ်နင်းရေး ဌာနစိတ်မှတပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့သို့ သွားရောက်ကာ သတင်းအတည်ပြုစုံစမ်းခဲ့ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့၊ည ၈ နာရီအချိန်ခန့်တွင် သီဟနိုင်(ခ)သီဟ(ခ) အငယ်လေးအား ရပ်စောက်မြို့၊ တောင်ကွက်သစ်ရပ်ကွက်၊ ရပ်တော်မူဘုရားဝင်း အနီးတွင်ဖမ်းဆီးရမိခဲ့ပြီး အမှုကို ဆက်လက်စစ်ဆေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

"မန္တလေးခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တာပါ။ ရပ်စောက်မြို့နယ်ရဲစခန်းကနေ မန္တလေးကို ခေါ်လာနေပါပြီး။"ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်က ပြောပါတယ်။

ပြစ်မှုကျူးလွန်ခဲ့သူသည် တိမ်းရှောင်နေခဲ့သည့် ပုဂံ၊မကွေးနဲ့ချောက်မြို့တို့မှာလည်း ဆိုင်ကယ်ခိုးယူတာတွေလုပ်ခဲ့ကြောင်း ဒုတိယရဲမှူးကြီးမျိုးအောင်က ပြောသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်ခဲ့သည့် သီဟနိုင်(ခ)အသေးလေး အသက်၂၉နှစ်(ဘ) ဦးကျော်သူအောင်ကို ပြင်စာနယ်မြေရဲစခန်းမှာ(ပ)၁၈၂/၂၀၁၈၊ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆၊၃၆၆၊၃၆၃၊၃၂၅ တို့ဖြင့်အမှုဖွင့်လှစ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly