ယခုနှစ် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ဆု ကမ္ဘောဇဘဏ်ရရှိ၊ (၇) နှစ်ဆက်တိုက် ရရှိခြင်းဖြစ်

ယခုနှစ် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ဆု ကမ္ဘောဇဘဏ်ရရှိ၊ (၇) နှစ်ဆက်တိုက် ရရှိခြင်းဖြစ်

နေပြည်တော်၊ ဇန်နဝါရီ ၂၄ ရက် ။                  ။ ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နဲ့ အထူးကုန်စည်ခွန် အများဆုံး ပေးဆောင်ခဲ့သူတွေကို နိုင်ငံတော်သမ္မတအိမ်တော်မှာ ဇန်နဝါရီ ၂၄ရက်က နိုင်ငံတော်သမ္မတကိုယ်တိုင် ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ ကမ္ဘောဇဘဏ်လီမိတက်က ငွေကျပ် ၃၂ ဘီလီယံကို ဝင်ငွေခွန်အဖြစ် နိုင်ငံတော်ကို အများဆုံး ပေးဆောင်ခဲ့တာပါ။ ကမ္ဘောဇဘဏ်လီမိတက်အနေနဲ့ ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်ကနေ ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အထိ (၇)နှစ်ဆက်တိုက် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့တာကြောင့် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းကို သမ္မတ ဦးဝင်းမြင့်က အထူးဂုဏ်ထူးဆောင်ဆုနဲ့ အထူးဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့ပါတယ်။

ဝင်ငွေခွန်အများဆုံး ပေးဆောင်ခဲ့တဲ့ ကမ္ဘေဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အခုလို ဂုဏ်ပြုပေးတဲ့အပေါ် ကျေးဇူးတင်ကြောင်းနဲ့ အခွန်က တိုင်းပြည်အတွက် အရေးကြီးတာကြောင့် နိုင်ငံသားတိုင်း အခွန်ဆောင်ဖို့ လိုတယ်လို့ ပြောပါတယ်။

"အခွန်အများဆုံးဆောင်တာက ကျွန်တော်တို့ နှစ်တိုင်းဆောင်ပါတယ်။ကြိုတင်ခွန်တွေလည်း အများကြီး ပေးဆောင်ထားပါတယ်။ အခွန်က တိုင်းပြည်အတွက် အရေးကြီးပါတယ်။ နိုင်ငံသားတိုင်းက အခွန်ပေးဆောင်ဖို့ တာဝန်ရှိပါတယ်။ သတ်မှတ်တဲ့ လျာထားချက်တွေတော့ တချို့လည်း ကြိုသွင်းထားပါတယ်။ စနစ်တကျ အခွန်နဲ့ ပတ်သက်လို့ ပြင်ဆင်ထားပါတယ်။ အသိမှတ်ပြုပေးတဲ့အပေါ် ကျေးဇူးအထူးတင်ပါတယ် " ဟု ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌ  ဦးအောင်ကိုဝင်းက ပြောသည်။

နိုင်ငံတော်သမ္မတက ဝင်ငွေခွန် အများဆုံးပေးဆောင်တဲ့ ကုမ္ပဏီ ၁၀ ခု ကို ဂုဏ်ပြုချီးမြှင့်ခဲ့တာဖြစ်ပြီး အဲ့ဒီကုမ္ပဏီတွေကတော့ ကမ္ဘောဇဘဏ်အပြင် မြဝတီဘဏ်၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ ရွှေတောင် ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ၊ အပြည်ပြည်ဆိုင်ရာအဖျော်ယမကာရောင်းဝယ်ရေးကုမ္ပဏီ၊ ဧရာဝတီဘဏ်၊ မြန်မာ့စပျစ်နဲ့အဖျော်ယမကာကုမ္ပဏီိ၊ သမဝါယမဘဏ်၊ မြဝတီထရေးဒင်းလီမိတက်နဲ့ မြန်မာ့ဩဘာအုပ်စုတို့ ဖြစ်ကြပါတယ်။

အခွန်အများဆုံးထမ်းဆောင်တဲ့ လုပ်ငန်းရှင်ကြီးတွေဟာ နိုင်ငံတိုးတက်ရေးအတွက် အထောက်အပံ့ ပြုတာကြောင့် အခုလို ဂုဏ်ပြုရတာဖြစ်တယ်လို့ သမ္မတဦးဝင်းမြင့်က အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

 " ယနေ့အခမ်းနားကို တက်ရောက်လာကြတဲ့ လုပ်ငန်းရှင်ကြီးများဟာ မိမိတို့အကျိုးအတွက် စီးပွားရှာကြသလို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အပံ့ပြုနေကြတဲ့ တာဝန်သိ တာဝန်ကျေပွန်တဲ့ အခွန်ထမ်း ပုဂ္ဂိုလ်ကြီးတွေဖြစ်ကြတဲ့အတွက် နိုင်ငံတော်အနေနဲ့ ချီးကျူးဂုဏ်ပြုထိုက်လို့ ချီးကျူး ဂုဏ်ပြုရခြင်းဖြစ်ပါတယ်"ဟု  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောသည်။

အခမ်းအနားမှာ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်တဲ့ ကုမ္ပဏီတွေဖြစ်တဲ့ ဒန်ကို၊ စီးတီးမတ်၊ အပြည်ပြည်ဆိုင်ရာ အဖျော်ယမကာ ရောင်းဝယ်ရေး၊ ပီတိစွမ်းအားထရေးဒင်း၊ အာရှစွမ်းအင်၊ ရွှေဗျိုင်းဖြူ၊ ကျော်စံ၊ ဧရာဟင်္သာရောင်းဝယ်ရေး၊ ပစ္စည်းမျိုးစုံရောင်းဝယ်ရေးနဲ့ ဘန်ဟာထရေးဒင်းကုမ္ပဏီတို့ကိုလည်း သမ္မတက ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။

ဒါ့အပြင် အထူးကုန်စည်ခွန်အများဆုံးပေးဆောင်တဲ့ ကုမ္ပဏီ ၁ဝခုအပြင် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နဲ့ အထူးကုန်စည်ခွန်အများဆုံးပေးဆောင်တဲ့ ပုဂ္ဂလိကပိုင်နဲ့ နိုင်ငံခြားကုမ္ပဏီိ ငါးခုစီကိုလည်း သမ္မတက ချီးမြှင့်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly