"စစ်ဆိုတာကတော့ ဘယ်စစ်မှ မကောင်းဘူး"

By ဖြိုးသီဟချို & အောင်ငြိမ်းချမ်း
23 January 2019
"စစ်ဆိုတာကတော့ ဘယ်စစ်မှ မကောင်းဘူး"
မကြာသေးမီက ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တွေ့ရသည့် ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံ (ဓာတ်ပုံ - အောင်ငြိမ်းချမ်း/Myanmar Now)

ရက္ခိုင့်တပ်မတော် (AA) အင်အားကြီးလာခြင်းမှာ တက်ကြွသည့် သဘာဝရှိသည့် လူငယ်တို့က ခေတ်အဆက်ဆက် ဖိနှိပ်ခံရမှုကို တွန်းလှန်လိုခြင်းကြောင့် ဖြစ်နိုင်သည်ဟု ရခိုင်ပြည်နယ်မှ လေ့လာသူတစ်ဦးဖြစ်သူ ဦးခိုင်ကောင်းစံက ပြောသည်။

ဦးခိုင်ကောင်းစံသည် ယခင်က  ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) တွင် ၇ နှစ် တာဝန်ထမ်းခဲ့သည်။  ALA မှ ထွက်ပြီး ကာလအတန်ကြာတွင် ၁ဝ နှစ် အထိန်းသိမ်းခံရသည့် ဦးခိုင်ကောင်းစံသည် ယခုအခါ စစ်တွေအခြေစိုက် ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတွင်  ဒါရိုက်တာအဖြစ် ဆောင်ရွက်နေသည်။

မကြာသေးမီက Myanmar Now နှင့် တွေ့ဆုံစဉ် သူက ရခိုင်ဒေသ တိုက်ပွဲတို့ကြောင့် တိမ်းရှောင်ရသူများ၊ လက်နက်ကိုင် ပဋိပက္ခ၊ ငြိမ်းချမ်းရေးမျှော်လင့်ချက်တို့အကြောင်း ပြောပြထားသည်။ 
မေး - လတ်တလော ရခိုင်ဒေသမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူရဲ့အခြေအနေကို အကျဉ်းချုပ် ပြောပြပေးပါ။

ဖြေ -  စစ်ရှောင်တွေ  ၆,ဝဝဝ လောက်တော့ ရှိတာပေါ့လေ။   ရာသီဥတု အရမ်းအေးနေတဲ့အခြေအနေမှာ မိုးရေကာဖျင်တွေ မိုးပြီး နေရတယ်၊ နောက်ပြီး မြေကြီးပေါ်မှာပဲ အိပ်နေရတဲ့သူတွေရှိတယ်။  ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း သေသေချာချာ မရဘူး။ တချို့ မြို့နယ်၊ တချို့နေရာတွေမှာတော့ ရိက္ခာတွေ လုံလုံလောက်လောက် ရပေမယ့် ဝေးလံခေါင်ဖျားတဲ့ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းတို့ ဆိုရင် ရောက်တဲ့ သူတွေက တော်တော်နည်းတယ်။ ရောက်လာတဲ့ ပစ္စည်းကလည်း တော်တော် နည်းတယ်။

ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေများတာ တွေ့ရတယ်။ ကလေးတွေမှာ ဆိုရင်လည်း လိုအပ်တဲ့ ရသင့်တဲ့ အာဟာရတွေ၊  ကိုယ်ဝန်သည်တွေ ဆိုရင်လည်း လိုအပ်တဲ့ အစားအစာ အဟာရတွေရဖို့ လိုတယ်။ နောက် ဆေးဝါးတွေပေါ့။ သက်ကြီးရွယ်အိုတွေ အတွက်လည်း ဆေးဝါးကုသမှုတွေ လိုအပ်နေတယ်။  ဖြစ်သလိုစားသောက်နေထိုင်ရတာက ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်တာပေါ့။ အခုကတော့ ရက်ပိုင်းလေးသာမို့လို့ သိပ်မသိသာပေမယ့် လနဲ့ချီ ကြာလာရင်တော့ ကျန်းမာရေး  ထိခိုက်မှုတွေ ရှိလာနိုင်တယ်။
 

မေး -  ဝံလက်အဖွဲ့အနေနဲ့ စစ်ရှောင်တွေအတွက် ဘယ်လောက်ကူညီပေးနေသလဲ။

ဖြေ -  ကျွန်တော်တို့ရောက်တာကတော့ ကျောက်တော်မြို့နယ် ဝါးတောင်၊ ကန်စောက်၊ တောင်မင်းကုလားရွာရယ်၊ နောက် ပုဏ္ဏားကျွန်းမြို့နယ်ထဲက သင်ပုန်းတန်းရယ်၊ ဖားကြွယ်ရယ်ပေါ့။ သန်ဘက်ခါ (ဇန်နဝါရီ ၁၉)  ရသေ့တောင်ဘက်ကို သွားဖို့ ပြင်ဆင်ထားပါတယ်။
မေး -  အကူအညီတွေက ထိရောက်မှု ရှိလား။

ဖြေ -   အကူအညီတွေက ထိရောက်မှုနည်းသေးတာပေါ့။ ပြည်ထောင်စု အစိုးရအဖွဲ့က လူကယ်ပြန်ဝန်ကြီး ကိုယ်တိုင်လာတော့ သိန်း ၇ဝဝ ကျော်ပဲ ပေးတယ်။ တကယ်တမ်း သိန်း ၇ဝဝ ကျော်ဆိုတာက လူဦးရေ ၄,၅ဝဝ၊ ၅,ဝဝဝ လောက်နဲ့ အချိုးချလိုက်ရင် လူတစ်ယောက်ရဲ့ ရပိုင်ခွင့်က ၁၇,၅ဝဝ ပဲ ရှိတာပေါ့။  နိုင်ငံတကာ အဖွဲ့အစည်းတွေကနေ အစိုးရက အကူအညီပေးဖို့ လိုတယ်။ နောက်နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း တိုက်ရိုက်ကူညီပေးလို့ မရဘူး ဆိုရင် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကူညီပေးဖို့လိုတယ်။

မေး -  တိုက်ပွဲကာလ ဆက်ကြာနေမယ်ဆိုရင် စစ်ရှောင်တွေရဲ့ အခြေအနေက ဘယ်လို ဖြစ်သွားနိုင်သလဲ။

ဖြေ - တိုက်ပွဲတွေ ဆက်ဖြစ်နေမယ် ဆိုရင် စစ်ရှောင်တွေရဲ့ စားဝတ်နေရေးက အစိုးရကသာ တာဝန် မယူဘူးဆိုရင် တော်တော်လေးကို အခက်အခဲကြုံရမယ့် အနေအထားရှိတယ်။ လူထုတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေဆိုတာက အလှူရှင်တွေဆီက လာသလောက်ကိုပဲ ကူညီရတဲ့အပိုင်းဖြစ်တယ်။ ဒီလိုမျိုး ဖြစ်နေတဲ့အတွက် စစ်ရှောင်တွေတင် မဟုတ်ဘဲ စစ်ရှောင်တွေ ခိုလှုံနေတဲ့ရွာတွေ၊ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းပေါ့နော်၊ ဒါလည်း တော်တော်လေး အရေးကြီးတာပေါ့။ ရခိုင်မှာဆိုရင် တကယ့်ကို ဆိုးဆိုးဝါးဝါး အခြေအနေ ဖြစ်သွားနိုင်တာပေါ့။

မေး -  ရခိုင်ပြည်နယ်ပြင်ပကရော လှူဒါန်းမှုတွေ ရှိလား။

ဖြေ -  ပြည်မဘက်ကလာတာကတော့ ၈၈ မျိုးဆက် ပွင့်လင်းလူအဖွဲ့အစည်းက လာတယ်။ သူတို့က အကူအညီပေးသလိုပဲ အားပေးစကားတွေလည်း ပြောတယ်။ ပြည်မဘက်က အဖွဲ့အစည်း တချို့လည်း လာမယ်ဆိုပြီး ဆက်သွယ်တာတွေ တွေ့ရပါတယ်။  ရေရှည် ဖြစ်လာရင်တော့ ပြည်မက အဖွဲ့အစည်းတွေလည်း လာလိမ့်မယ်လို့ ထင်တယ်။ ဒါပေမဲ့ အဲဒါက ကူညီတဲ့ အပိုင်းလောက်ပဲဖြစ်မယ်။ တကယ်တမ်း ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းမှာ အစိုးရက တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။

မေး -  လူကယ်ပြန်ဝန်ကြီးဌာနက ထောက်ပံ့ထားတယ် ဆိုတော့  နောက်ထပ် ထောက်ပံ့မယ်လို့ရော ကြားသေးလား။

ဖြေ -  အဲဒီလိုတော့ မကြားဘူး။ အဲဒီလို ပဋိပက္ခဖြစ်ပြီဆိုရင် အရေးပေါ် ငွေကြေးက သီးသန့်ထားရှိတာ ရှိမရှိ ဆိုတာကလည်း အရေးကြီးတယ်။ ဒါမျိုးက တိုင်းနယ် ပြည်နယ်အလိုက်ကို ရှိနေရမှာပေါ့။ ပြည်ထောင်စုမှာလည်း ရှိနေရမယ်။ ဒီလိုဖြစ်ပြီဆိုရင် အရေးပေါ် ကူညီရမယ့် ငွေကြေးပမာဏပေါ့ ဆက်ကူညီမလား မကူညီဘူးလား ဆိုတာကလည်း  ပြောရခက်တယ်။ တကယ်လို့ အစိုးရမှာ မရှိဘူးဆိုရင် အခြေစိုက်နေတဲ့ INGO (နိုင်ငံတကာ ကူညီရေးအဖွဲ့အစည်း) တွေကို   ဘာတွေကူညီပေးနိုင်မလဲ ဆိုတာကို အစိုးရက တွန်းဖို့လိုတယ်။ 

မေး - INGO တွေရဲ့ ထောက်ပံ့မှုတွေကရော ဘယ်လို အခြေအနေ ရှိနေပါသလဲ။

ဖြေ -   ကျွန်တော်တို့ စခန်းတွေ သွားတဲ့အချိန်မှာ မိသားစုအသုံးအဆောင်တွေနဲ့ ယာယီအိမ်သာတွေ လုပ်ပေးတယ်။ ဒါတွေက တကယ်တမ်းပြောရရင် မထိရောက်ဘူး။ သင်ပုန်းတန်းစခန်းလို နေရာမျိုးမှာဆိုရင် (ယာယီအိမ်သာနဲ့) လူနေတဲ့ နေရာနဲ့က ဝါးတစ်ပြန်ပဲဝေးတဲ့ ဧရိယာမှာ ထားထားတယ်။   ပေးတာလည်း ပေးပါတယ်။ ပေးတာထက် သတင်းတွေမှာ လုံလောက်နေပြီလို့ ပြောလိုက်တဲ့အခါမှာ တချို့အလှူရှင်တွေကလည်း ထင်ယောင်ထင်မှား ဖြစ်သွားနိုင်တယ်။ တကယ်တမ်းကတော့ လုံလောက်မှု မရှိပါဘူး။

မေး -  တိုက်ပွဲနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ပေါ်လာတဲ့ လူမျိုးရေးအမုန်းစကားတွေကိုရော ဘယ်လို မှတ်ချက်ပေးချင်လဲ။

ဖြေ -  အဓိကကတော့ နှစ်ဖက်တိုက်ပွဲကိုလည်း ရပ်စေချင်တယ်။ နောက်တစ်ခုက လူမှုစာမျက်နှာပေါ်မှာ လူမျိုးရေးအရ ဗမာတိုင်းရင်းသားနဲ့ ရခိုင်တိုင်းရင်းသားကြားမှာ အမုန်းပွားအောင် ဖန်တီးနေတဲ့ လူတစ်စု ရှိနေတယ်၊ အကောင့် အတုတွေနဲ့။ အဲဒါကိုလည်း ဖြေလျှော့သွားအောင် ကြိုးပမ်းဖို့ လိုတယ်။ ဒါဟာ လူမျိုးရေးအရ ဖြစ်နေတဲ့ဟာ မဟုတ်ဘူး၊  တစ်ဘက်မှာ ယုံကြည်မှုနဲ့ တော်လှန်နေတဲ့သူနဲ့ စည်းစနစ်ကို သူတို့တော်လှန်တာ ဖြစ်တယ် ဆိုတာကိုလည်း ကွဲကွဲပြားပြားသိဖို့ လိုတယ်။ နောက်တစ်ခုက ပြီးခဲ့တဲ့ ရက်ပိုင်းက သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးရဲ့ ပြောဆိုမှုဟာလည်း လူတွေရဲ့စိတ်ကို ဆွပေးသလို ဖြစ်တယ်။ ဒါဟာလည်း ကိုယ်ပြောတဲ့ စကားပေါ်မှာ တာဝန်ယူဖို့ တာဝန်ခံဖို့လိုတာပေါ့။ 

မေး။     ။ တိုက်ပွဲကြား မြေဇာပင် စစ်ရှောင်တွေနဲ့ ပတ်သက်ပြီး နှစ်ဘက် တာဝန်ရှိသူတွေကို တိုက်တွန်းချင်တာ ရှိသလား။

ဖြေ။     ။ အခုလက်ရှိ ကျွန်တော်တို့သိသလောက်ဆိုရင် မြန်မာနိုင်ငံကလည်း ဖက်ဒရယ်ဒီမိုကရေစီနစ်ကို သွားနေတယ်ပေါ့။ AA ကလည်း တိုက်ပွဲတွေ မဖြစ်ခင်မှာ မြောက်ပိုင်းမဟာမိတ်တွေနဲ့ ပေါင်းပြီးတော့မှ သူတို့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့အတွက်  သဘောထား ထုတ်ပြန်ချက်တစ်စောင် ထုတ်တယ်။ ဒါဟာ ဘုံတူညီမှု ရှိနေကြတာပဲပေါ့။ တပ်မတော်ကလည်း တိုင်းပြည် ငြိမ်းချမ်းရေးကို လိုချင်တယ်၊ လက်နက်ကိုင် တော်လှန်ရေးအင်အားစုကလည်း တိုင်းပြည်ငြိမ်းချမ်းရေးကို လိုချင်တယ်၊ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ချင်တယ်။ အဲဒီတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စားပွဲဝိုင်းထဲမှာ အဆင်ပြေဖို့ အဓိကကတော့ တပ်မတော်အနေနဲ့လည်း နည်းနည်းလေး သဘောထားကြီးပေးပါပေါ့။ တော်လှန်ရေး အင်အားစုတွေကလည်း   တချို့အရာတွေမှာက တစ်ဆင့်ပြီး တစ်ဆင့်သွားသင့်တယ်။ တပ်မတော်ဘက်ကလည်း စစ်ပွဲကိုရပ်ပါပေါ့၊ တစ်နိုင်ငံလုံးကို ရပ်ပါ။ ရပ်ပြီးတော့မှ ဖြည်းဖြည်းချင်းချင်းနဲ့ ဖြေလျှော့ပေးလို့ရတဲ့အရာတွေဆိုရင် ဖြေလျှော့ပေးဖို့ပေါ့နော်။ ပွင့်လင်းရိုးသားစွာနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့လိုတယ်လို့ ပြောချင်ပါတယ်။

မေး -  AA စစ်ဦးစီးချုပ်က အင်တာဗျူးတစ်ခုမှာ "ကိုယ့်ပြည်နယ်ရဲ့ အချုပ်အခြာအာဏာကို ကိုယ့်လက်ထဲမှာ ထားရတာ ပိုကြိုက်တယ်   အာဏာခွဲဝေမှုမြင့်မားတဲ့ အခြေအနေကို ပိုသဘောကျတယ်" လို့ ပြောခဲ့တယ်။ ရခိုင်တိုင်းရင်းသားတစ်ယောက်အနေနဲ့ ဒါကို ဘယ်လိုမြင်ပါသလဲ။

ဖြေ -   အရင်တုန်းက တစ်ခါမှ မပြောဖူးဘူး။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုပဲ သွားမယ်လို့  ပြောနေတာပေါ့။ အဲဒီတော့ အခုလို ပြောလိုက်တာကလည်း သူ့ရဲ့ယုံကြည်ချက်လည်း ဖြစ်ကောင်းဖြစ်မယ်၊ တစ်ဘက်မှာလည်း စစ်ရေးအရ သူတို့ကို အရမ်းကို ခွဲခြားဆက်ဆံမှုပေါ့။ ဥပမာ အနောက်ပိုင်းတိုင်းကို အပစ်အခတ်ရပ်တဲ့အခါမှာ မပါဘူး ဆိုတဲ့ဟာရယ်၊ သာမန်တိုက်ပွဲဝင်တဲ့ဟာကို လေယဉ်တွေနဲ့ အမြှောက်တွေ သုံးတဲ့ဟာရယ်၊ လိုအပ်တာထက်ပိုပြီးတော့ စစ်အင်အားတွေ အလွန်အကျွံသုံးတဲ့အပေါ်မှာ AA ခေါင်းဆောင်ရဲ့ ပြောဆိုမှုလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ ဒီအပေါ်မှာတော့ ကျွန်တော်ကတော့ မှတ်ချက် မပေးချင်ပါဘူး။

ဒီလိုပါပဲ တော်လှန်ရေးအင်အားစုတွေကတော့ လွတ်မြောက်ရေးတို့ဘာတို့ ပြောလာကြတာပဲ၊ တကယ်တမ်း ငြိမ်းချမ်းရေး စားပွဲဝိုင်းထဲ ရောက်လာတဲ့အခါ   ဘုံသဘောတူညီမှုပေါ်မှာပဲ မူတည်ပြီးတော့ လုပ်ဆောင်သွားကြတာပဲပေါ့နော်။

အပြတ်ချေမှုန်းမယ်ဆိုတဲ့ စကားကတော့ မဖြစ်သင့်ဘူးလို့ မြင်တယ်။ စကားဝိုင်းထဲမှာ ဆွေးနွေးရင်တော့ စိတ်ပိုင်းဆိုင်ရာတွေကအစ ပြောင်းလွယ်ပြင်လွယ်လို့ရတဲ့ သူတွေလို့ပဲမြင်ပါတယ်။

မေး -  ရက္ခိုင့်တပ်မတော်က အချိန်တိုတိုအတွင်းမှာ အင်အား တောင့်တင်းလာတယ်။ ရခိုင်လူငယ်တွေအတွင်းမှာ ထောက်ခံမှုတွေ ရရှိလာတယ်ဆိုတာက ဘယ်လိုစေ့ဆော်မှုတွေကြောင့်ဖြစ်မလဲ။

ဖြေ -  အဓိကကတော့ ရက္ခိုင့်တပ်မတော်ရဲ့ အခြေချတဲ့ဧရိယာပေါ့။ (ကချင်လက်နက်ကိုင်အဖွဲ့) KIA က ငြိမ်းချမ်းရေး ယူထားတဲ့ ဧရိယာ။ အဲဒီဧရိယာမှာ ရခိုင်က ရွှေ့ပြောင်းနေထိုင်တဲ့ ရခိုင်လူမျိုးတွေ အများကြီးရှိတယ်။ KIA နဲ့ ငြိမ်းချမ်းရေးပြိုကွဲတဲ့အချိန်မှာ အလုပ်လုပ်နေကြတဲ့ သူတွေလည်း အများကြီး ရှိတယ်။ နောက် လူငယ်တွေဆိုတာက ခံစားလွယ်တော့။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း အဲဒီလို အတွေ့အကြုံတွေကို ဖြတ်သန်းခဲ့ဖူးတော့ လူငယ်တွေရဲ့ ဘာသာဘာဝ အရမ်းတက်ကြွတယ်၊ တီထွင်ပြီးတော့ လုပ်ချင်တယ်၊ အဲဒီလိုလုပ်နေတာမြင်ရင် အရမ်းအားကျတယ်၊ ကိုယ်ကိုယ်တိုင် ပါဝင်ချင်တယ်၊ အဲဒီလိုဟာတွေကလည်း အကြောင်းခံတယ်။

နောက်တစ်ခုက အစိုးရအဆက်ဆက်ရဲ့ ခွဲခြား ဆက်ဆံထားမှုပေါ့နော်။ ဥပမာ ကျွန်တော်တို့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က ပြည်တွင်းစစ် မရှိဘဲနဲ့ကို ဆင်းရဲ မွဲတေနေတယ်။ သယံဇာတတွေရှိတယ်၊ စိုက်ပျိုးဖို့မြေတွေ ရှိတယ်၊ ငါးဖမ်းဖို့ ရေတွေ ရှိတယ်၊ ဒါပေမဲ့ အရမ်းကို ချွတ်ခြုံကျနေတယ်။ ဒါဟာ ဘာကြောင့်လဲလို့ တချို့လည်း သုံးသပ်ကောင်း သုံးသပ်ကြလိမ့်မယ်။ အဲဒီလိုဖြစ်တဲ့အချိန်မှာ လူငယ်တွေရဲ့ ဘာသာဘာဝ၊ သူတို့ရဲ့ လုပ်ရည်ကိုင်ရည်ပေါ့၊ ရခိုင်ဆိုရင် တော်လှန်ရေး အဆက်ဆက် လုပ်ခဲ့တယ်၊ ဒါပေမဲ့ AA လို အင်အားကောင်းပြီးတော့ တိုက်နေတဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေကလည်း နယ်စပ်ဧရိယာ မဟုတ်ဘဲ မြို့နဲ့ အရမ်းနီးတဲ့ ဧရိယာတွေမှာဖြစ်နေတော့ လူတွေရဲ့ စိတ်က တော်လှန်ရေးအပေါ်မှာယုံကြည်မှုပေါ့၊ ဒါကလည်း အစိုးရအဆက်ဆက်ရဲ့ စနစ်ကြောင့်၊ စစ်နဲ့အုပ်ချုပ်လာတဲ့ စနစ်ကို ဖိနှိပ်မှုများလို့ တွန်းလှန်လိုတဲ့စိတ်တွေက ပိုပြီးတော့ အင်အားဖြစ်စေတယ်လို့ မြင်တာပေါ့။

စစ်ဆိုတာကတော့ ဘယ်စစ်မှ မကောင်းဘူးပေါ့နော်။   ကျွန်တော်တို့ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီးကို ဘယ်လို တည်ဆောက်ကြမလဲ၊ အဲဒါက အရေးကြီးတယ်။  အကုန်လုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို သွားနိုင်ဖို့ မျှော်လင့်တယ်။ အဲဒီလိုသွားနိုင်အောင်လည်း တိုက်တွန်းကြဖို့ ပြောချင်ပါတယ်။      ။

Mizzima Weekly

Tags