အလှမယ် ရွှေအိမ်စည်မှ Miss Universe Myanmar Organization ဥက္ကဋ္ဌကို တရားစွဲသော အမှု တရားလိုမလာ၍ ရုံးပြန်ချိန်း

အလှမယ် ရွှေအိမ်စည်မှ Miss Universe Myanmar Organization ဥက္ကဋ္ဌကို တရားစွဲသော အမှု တရားလိုမလာ၍ ရုံးပြန်ချိန်း
  Photo - Shwe Eain Si  facebook

 ရန်ကုန်၊ ဇန်နဝါရီ ၂၂ ။          ။ အလှမယ် ရွှေအိမ်စည်မှ Miss Universe Myanmar Organization ဥက္ကဋ္ဌ ဒေါ်စိုးယုဝေကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားသည့်အမှုတွင် တရားလိုမလာရောက်နိုင်သောကြောင့် ဖေဖော်ဝါရီ ၅ ရက်နေ့သို့ ရုံးပြန်ချိန်းလိုက်ကြောင်း ရန်ကင်းမြို့နယ်တရား ရုံးမှ တရားသူကြီး ဒေါ်လေးလေးနွယ်ထံမှ သိရသည်။

 အလှမယ်ရွှေအိမ်စည်နှင့် ဒေါ်စိုးယုဝေတို့သည် အပြန်အလှန်အမှုဖွင့်တရားစွဲဆိုထားကြတာဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်နေ့၌ မင်္ဂလာတောင်ညွှန့်မြို့နယ်တရားရုံးတွင်လည်း ရုံးချိန်းရှိနေသည့်အတွက် ရန်ကင်းတရားရုံးမှ ရက်ပြန် ချိန်းပေးရန် ရဲဘက်မှ အကြောင်းကြားလာခြင်းဖြစ်သည်ဟုလည်းသိရသည်။

 ထို့ကြောင့် ၃ ကြိမ်မြောက်ရုံးချိန်းကို ရန်ကင်းမြို့နယ်တရားရုံးက ဖေဖော်ဝါရီ ၅ ရက်နေ့တွင် တရားလိုဖြစ်သည့် အလှမယ်ရွှေအိမ်စည်အား စတင်စစ်ဆေးရန် ချိန်းဆိုထားကြောင်း မြို့နယ်တရားသူကြီး ဒေါ်လေးလေးနွယ် ကဆိုသည်။

 တရားရုံးတွင် တရားလိုပြသက်သေများအနေဖြင့် တရားလိုအပါအဝင် ၉ ဦးထိတင်ပြထားကြောင်းလည်း ၄င်းကဆိုသည်။

 Miss Universe Myanmar Organization ဥက္ကဋ္ဌ ဒေါ်စိုးယုဝေ၏ လူမှုကွန်ယက်ဖြစ်သည့် Facebook တွင် ရေးသား ပြောဆိုချက်များသည်အလှမယ်ရွှေအိမ်စည်၏ ဂုဏ်သိက္ခာကိုထိခိုက်စေသည်ဟုဆိုကာ ဇန်နဝါရီ ၈ ရက်နေ့တွင် ရွှေအိမ်စည်က အမှုဖွင့်တရားဆိုခဲ့ခြင်းဖြစ်သည်။

 အဆိုပါနေ့တွင်ပင် ဒေါ်စိုးယုဝေကိုတရားရုံးမှဆင့်ခေါ်ခဲ့ပြီးနောက် အာမခံလျှောက်ထားသောကြောင့် ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၆ အရ ကျပ်သိန်း ၁၀၀ တန် လူ ၂ ဦးဖြင့် (အာမခံ) အချုပ်လွတ်ထုချေခွင့်ပေးခဲ့ကြောင်း လည်း ရန်ကင်းမြို့နယ်တရားရုံးမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly