ပခုက္ကူ၊ဇန်နဝါရီ ၂၀ ။ ။ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပြင်ဆင်ချက်တွင် ဒေသခံများ၏ သဘောထားများ ပါဝင်လာစေရေးအတွက် ပုဂံ-ညောင်ဦးဒေသခံများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ဇန်နဝာရီလ ၁၉ ရက်နေ့က ညောင်ဦးမြို့တွင် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြသည်။
"ကျွန်တော်တို႔ ဒီဆန္ဒပြပွဲကို လုပ်ရတဲ့ရည်ရွယ်ချက်က ခုအသစ်ပြဌာန်းနေတဲ့ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဥပဒေမှာ ကျွန်တော်တို့ဒေသခံတွေရဲ့ သဘောဆန္ဒတွေ မပါခဲ့ပါဘူး။ ဥပဒေရေးဆွဲရေး တစ်နှစ်ခွဲကာလမှာ ဒေသခံတွေရဲ့ သဘောထားတွေ မေးတယ်။ယူနက်စကိုရော ပါတဲ့အစည်းအဝေးတွေ အကြိမ်ကြိမ်လုပ်တယ်။ဒေသခံတွေရဲ့ သဘောထားတွေ ပါမယ်လို့ ပြောတယ် ။ဥပဒေကြမ်းထွက်လာတဲ့အခါမှာ ဒေသခံတွေရဲ့ သဘောထားတွေ မပါခဲ့ပါဘူး။ အမျိုးသားလွှတ်တော်မှာ ပြဌာန်းထားတဲ့ဥပဒေမှာ ဒေသခံတွေကို ဖိနှိပ်တဲ့ဥပဒေ အချက်အလက်တွေ ဖြစ်နေတဲ့အတွက်၊ ဥပဒေကို ပြုနေတဲ့ အမတ်တွေက စလို့ သမ္မတအထိ ဒေသခံတွေရဲ့ သဘောထားကို သိစေချင်လို့ ခု ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်ရတာပါ"ဟု ဆန္ဒပြပွဲ ဦးဆောင်သူ ဦးရဲမြင့်အောင် က မဇ္ဈိမသို့ပြောသည်။
ပုဂံဒေသခံများအနေဖြင့် ဒေသတွင်းအတွက်ပိုမိုကောင်းမွန်တဲ့ ဥပဒေကို ပိုမိုလိုလားနေကြသည်ဟု ဆန္ဒထုတ်ဖော်သူများက ဆိုသည်။
လက်ရှိတွင် အမျိုးသားလွှတ်ေတာ်မှ အတည်ပြုထားသည့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဥပဒေသည် ဥပဒေအားဖြင့် ဒေသခံများအား ဖိနှိပ်နေသည့် ဥပဒေဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။
"ပုဂံရဲ့ အမွေအနှစ်တွေက နှစ်ထောင်ချီရှိတယ်။အဲ့ဒါတွေကို ကာကွယ်ချင်တယ်။ ပုဂံဘုရားတွေကို ဒေသကလူတွေက သမိုင်းပေးတာဝန်အရ အစဉ်အဆက် ကာကွယ်လာကြတယ်။ ကျွန်တော်တို့က ဒီဘုရားတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ဥပဒေအရ ကာကွယ်ချင်တယ်။ ဘုရားတွေရဲ့ပတ်ဝန်းကျင်နယ်မြေတွေမှာ မည်သည့်နှစ်ရှည် အဆောက်အဦတွေမှာ ဆောက်လုပ်ခွင့် မပြုသင်ဘူးလို့ အကြံပြုထားတယ်။ ဒါပေမယ့် အဲ့ဒါတွေက ဥပဒေမှာ ပါမလာကြဘူး"ဟု ဒေသခံဦးကျော်ဆွေက ပြောသည်။
ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးဥပဒေကို လက်ရှိအချိန်တွင် အမျိုးသားလွှတ်တော်တွင် အတည်ပြုထားရှိပြီး လာမည့် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ ဆက်လက်ဆွေးနွေးသွားမည်ဟု သိရသည်။