မြိတ်မြို့တွင် စိတ်ကြွဆေးပြား ၈ သောင်းကျော်ထပ်မံ ဖမ်းဆီးရမိ

မြိတ်မြို့တွင် စိတ်ကြွဆေးပြား ၈ သောင်းကျော်ထပ်မံ ဖမ်းဆီးရမိ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဇန်နဝါရီ (၁၉) ။           ။ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ရှိ မြိတ်တောင်နယ်မြေတွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်မှုပြုလုပ်နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက သွားရောက် ဖမ်းဆီးရာမှ wy စာတန်းပါ စိတ်ကြွဆေးပြား ၈ သောင်းကျော်ကို ဖမ်းဆီး ရရှိခဲ့ကြောင်း မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။

မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်ထားရှိသူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးစုစုပေါင်း ၃ ဦးထံမှ စိတ်ကြွဆေးပြား စုစုပေါင်း ၈၅၂၀၀ ပြား ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၄၂၀၀ ကို ဖမ်းဆီးရမိခဲ့သည်ဟု သိရ သည်။

မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း သတင်းအရ မြိတ်ခရိုင် ရဲတပ်ဖွဲ့ရုံးမှ မှုခင်းအကူအဖွဲ့၊ အမှတ် (၂) နယ်မြေရဲကင်းမှူး ဒုရဲအုပ် ကျော်ဆန်းဦးနှင့် အဖွဲ့သည် အသိသက်သေများနှင့်အတူ ဖမ်းဝရမ်းဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်းတွင် မြိတ်တောင်နယ်မြေ ဇေယျာသီရိ (၃) ရပ်ကွက်၊ ခေမာလမ်းရှိ မနီလာအေး၏ နေအိမ်၌ ဝင်ရောက်ရှာဖွေရာမှ WYဆေးပြား ၅၂၀၀ ပြားတို့ကို ရှာဖွေ ဖမ်းဆီးရမိခဲ့ရာမှ ၄င်း အမျိုးသမီး၏ ထွက်ဆိုချက် အရ ကွင်းဆက်တရားခံများ၏ နေအိမ်တွင် သွားရောက်ရှာဖွေရာ မူးယစ်ဆေးဝါး ၈၀၀၀၀ ကို ထပ်မံ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

အထက်ပါ ၃ ဦးထံမှ စုစုပေါင်း စိတ်ကြွဆေးပြား (၈၅၂၀၀) ပြားနှင့် ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၄၂၀၀) ကျော်ကို သိမ်းဆည်းရမိခဲ့ပြီး၊ မူးယစ်ဆေးဝါးများအား လက်ဝယ်ထားရှိ သုံးစွဲ ရောင်းချလျက်ရှိသော မနီလာအေးအား မြိတ်မြို့မ ရဲတပ်ဖွဲ့စခန်းမှ မယ(ပ)၁၆/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က) ဖြင့်လည်းကောင်း၊ ဇော်လွင်အား မယ(ပ)၁၇/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် လည်းကောင်း အရေးယူထားရှိပြီး မတင်မိုးဖြူအား မြို့မရဲတပ်ဖွဲ့စခန်းမှ ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly