ရေကြောင်းကုန်အဝင်နည်း၍ မြိတ်တွင် ကုန်တင်ကုန်ချလုပ်သားများ အလုပ်အကိုင် နည်းပါးလာ

ရေကြောင်းကုန်အဝင်နည်း၍ မြိတ်တွင် ကုန်တင်ကုန်ချလုပ်သားများ အလုပ်အကိုင် နည်းပါးလာ

မြိတ်၊ ဇန်နဝါရီလ ၁၉ ။            ။ ရေကြောင်းကုန်များ အဝင်နည်းလာသည့်အတွက် မြိတ်မြို့၌ မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးတွင် လုပ်သားနှင့် လုပ်ငန်းအင်အားများ သိသိသာသာ လျှော့ကျလာကြောင်း သိရသည်။

ပင်လယ်ပြင်ကမ်းရိုးတမ်းကို ပိုင်ဆိုင်ထားသည့် တနင်္သာရီတိုင်း မြိတ်မြို့သည်၊ လွန်ခဲ့သော ၁၀ နှစ်ခန့် ဝန်းကျင်က လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို ရေကြောင်းခရီးကို ကုန်လှေကြီးများဖြင့် အဓိကတင်ပို့နေရာမှ လက်ရှိအချိန်တွင် ကုန်းလမ်းခရီးမှ ကုန်တင်ကားကြီးများဖြင့် တင်ပို့မှုများ ရှိလာရာမှ အဆိုပါ ကော်မတီရုံးတွင် လုပ်သားနှင့်လုပ်ငန်းအင်အား လျော့ကျသွားခြင်း ဖြစ်သည်။

ထို့ပြင် လုပ်ခလစာများ လျှော့နည်းနေခြင်းကြောင့် တွက်ခြေမကိုက်၍ လုပ်ကိုင်သူများ တဖြည်းဖြည်း ရပ်နား လိုက်ကြခြင်း ဖြစ်ကြောင်း သိရသည်။

မြိတ်မြို့နယ် ကုန်တင်ကုန်ချ ကော်မတီရုံးမှ မြို့နယ် တာဝန်ခံ ဒုဦးစီးမှူး ဦးလင်းကိုကိုက“ ခေတ်ကာလတွေ ပြောင်းလွဲလာတော့ ကုန်စည်စီးဆင်းမှုတွေလည်း ပြောင်းလာလို့ ဖြစ်တာပါ၊ ယခင်တုန်းကတော့ ကုန်းလမ်း ခရီးက လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတော့ ကျွန်တော်တို့ဒေသမှာ ရေကြောင်းခရီးကို အဓိက အားကိုး နေရတာ ဖြစ်ပါတယ်၊ လက်ရှိမှာတော့ ရေကြောင်းနဲ့ ပို့ဆောင်တဲ့ကုန်တွေက လျှော့ကျသွားတော့ ဒီအပေါ်မှာ မှီခိုနေတဲ့ ကုန်/ချ အလုပ်သမားတွေ အလုပ်မရှိတော့ ဒီဌာနကနေပြီး၊ ထွက်ကုန်ကျတာ များလာတယ်”ဟု ပြောသည်။

မြို့နယ်ကုန်တင်ကုန်ချ ကော်မတီရုံးတွင် ယခင်က အလုပ်သမား ၁၅ဝမှ ၂၀၀ ဦး အထိ ရှိပြီး၊ လက်ရှိမှာတော့ စာရင်အရ ၃၆ ဦးနှင့် အရန်၂၀ ဦးကျော်နဲ့ စုစုပေါင်း ၅၀ ဦးကျော်သာ ကျန်ရှိတော့ကြောင်း ယင်း ကော်မတီရုံး မှ တာဝန်ရှိသူထံမှ သိရသည်။

“အခုချိန်မှာက တပ်မတော် ထောက်ပံ့ရေးတွေ တင်လာတဲ့ ရိက္ခာတင် သင်္ဘောကြီးတွေ လာမှပဲ ကျွန်တော် တို့က အလုပ်ရနေတာပါ၊ အရင်လို ကုန်လှေတွေ အဝင်ရပ်သွားတော့ ကော်မတီအနေနဲ့ အလုပ်အကိုင်တွေက နည်းပါးသွားပါတယ်၊ ပြင်ပက ကုမ္ပဏီကုန်လှေတွေကလည်း သူတို့ အလုပ်သမားနဲ့ သူတို့ ဆိပ်ကမ်းတွေမှာ အတင်/ အချ ပြုလုပ်နေကြတော့ ကျွန်တော်တို့မှာ အလုပ်မရဘူး ဖြစ်သွားတယ်”ဟု အလုပ်သမားခေါင်းဆောင် ဦးစိုးအောင်က ပြောဆိုသည်။

အလုပ်အကိုင် ပေါများလာသည့် မြိတ်မှာ အမျိုးသားများက ဝင်ငွေပိုကောင်းသည့် အခြား အလုပ်များကို ပြောင်း ရွေ့ လုပ်ကိုင်နေကြပြီး၊ လက်ရှိ ကုန်တင်ကုန်ချအလုပ်သမားအများစုမှာ အမျိုးသမီးများ ဖြစ်ကြသည်။အနည်းစု ဖြစ်သည့် အမျိုးသားများက  ရန်ကုန်၊ ဧရာဝတီနှင့် မော်လမြိုင်မြို့နယ်တို့ဘက်မှ ပြောင်းရွေ့လာသူများ ဖြစ်ကြောင်း သိရသည်။

 “အခုချိန်မှာက တပ်မတော် ထောက်ပံ့ရေးတွေတင်လာတဲ့ ရိက္ခာတင်သင်္ဘောကြီးတွေလာမှပဲ ကျွန်တော်တို့က အလုပ်ရနေတဲ့သဘောဖြစ်နေပါတယ်။ အရင်လို ကုန်လှေတွေ အဝင်ရပ်သွားတော့ ကော်မတီအနေနဲ့ အလုပ်အကိုင်တွေက နည်းပါးသွားပါတယ်၊ ပြင်ပက ကုမ္ပဏီကုန်လှေတွေကလည်း သူတို့ အလုပ်သမားနဲ့ သူတို့ ဆိပ်ကမ်းတွေမှာ အတင်/ အချ ပြုလုပ်နေကြတော့ ကျွန်တော်တို့မှာ အလုပ်မရဘူး ဖြစ်သွားတယ်”ဟု  ကုန်တင်ကုန်ချအလုပ်သမားတစ်ဦးက ဆိုသည်။

အစုအဖွဲ့ ကုန်တင်ကုန်ချ လုပ်ငန်းခွင်နှင့် ပြင်ပမှ သီးခြား လုပ်ကိုင်သည့်သူများအကြား ဝင်ငွေ ကွာခြားမှုများ ရှိနေခြင်းကြောင့် အချို့သူများက ပြင်ပကုန်တင်ကုန်ချအလုပ်ကိုပဲ အဓိကလုပ်ကိုင်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly