စစ်မှန်သောဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး၏ အနှစ်သာရကို ငြိမ်းချမ်းရေး ရရှိမှသာ ခံစားနိုင်မည်ဟု ပဲခူးဝန်ကြီးချုပ် ပြော

စစ်မှန်သောဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး၏ အနှစ်သာရကို ငြိမ်းချမ်းရေး ရရှိမှသာ ခံစားနိုင်မည်ဟု ပဲခူးဝန်ကြီးချုပ် ပြော
ဓာတ်ပုံ - ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့

ရန်ကုန်  ၊  ဇန်နဝါရီ ၁၅ ။              ။ ငြိမ်းချမ်းရေးရရှိမှသာ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး၏ အနှစ်သာရ အကျိုးကျေးဇူးကို ခံစားရရှိနိုင်မည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ဇန်နဝါရီလ ၁၅ရက်နေ့တွင် ပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ ဒေါင်းနန်းကျ ကျေးရွာအုပ်စုတွင် ပြုလုပ်သော လူထု တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အနာဂတ်တွင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးဖြစ်ပေါ်စေရန် လက်ရှိအချိန်သည် အလွန်အရေးပါပြီး ပြုပြင်ပြောင်းလဲရမည့် အရာများကို အစိုးရအပိုင်းက ပြောင်းလဲမှုများစွာ လုပ်ကိုင်နေကာ ဌာနဆိုင်ရာ ဝန်ထမ်း များ ဘက်က အတူလိုက်ပါဆောင်ရွက်ရန် လိုအပ်ပါတယ်။ ပြည်သူများအနေဖြင့်လည်း ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်စေလိုပါတယ်။ ငြိမ်းချမ်းရေးရရှိမှသာ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး၏ အနှစ်သာရ အကျိုးကျေးဇူးကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်”ဟု  ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဆိုသည်။

ထို့အပြင် လူတစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ခုချင်း၊ ဘာသာ တစ်ခုချင်းအပေါ် ယုံကြည်မှုရှိစေရန်လိုအပ်ပြီး ယနေ့ မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်လျက်ရှိကာ မတူကွဲပြားသော လူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာတရား စသည်တို့ ပေါင်းစုံလျက်ရှိကြောင်း အဆိုပါ အခြေအနေပေါ် မတူကွဲပြားမှုများကို လက်ခံ နိုင်ရန်နှင့် စုပေါင်းပါဝင်ဆောင်ရွက်တတ်သည့် ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ ပေါ်ထွက်လာစေရန် လိုအပ်မည် ဖြစ်ကြောင်း ဦးဝင်းသိန်းက ပြောကြားခဲ့သည်။

 “ပြီးခဲ့သည့် အတိတ်ကာလက အမှားများကို သင်ခန်းစာယူပြီး အနာဂတ်တွင် ကောင်းမွန်သော လူမှုအသိုင်း အဝန်းတစ်ခု ဖန်တီးနိုင်ရန်အတွက် ယခုအခါကတည်းက ဒီမိုကရေစီကျင့်စဉ်အတိုင်း ဆောင်ရွက်ရန် အထူး အလေးထား မှာကြားလိုပါတယ်။  ဒီမိုကရေစီ သဘောတရားသည် လူတစ်ဦးချင်း၊ အဖွဲ့အစည်း တစ်ခုချင်း၊ ဘာသာတရားတစ်ခုချင်းအပေါ် လေးစားတန်ဖိုးထားခြင်းဖြစ်ပါတယ်။ မိမိတို့ရဲ့ အနာဂတ် လူငယ် များအတွက် မြန်မာနိုင်ငံအား ကောင်းမွန်ပြည့်စုံပြီး အေးချမ်းသာယာသော၊ တရားဥပဒေစိုးမိုးသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးအဖြစ် လက်ဆောင်ပေးခဲ့နိုင်ဖို့အတွက် လက်ရှိအချိန်ဟာ များစွာအရေးပါလျက်ရှိပါတယ်" ဟု ဝန်ကြီးချုပ်က ဆက်ပြောသည်။

အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဌာနဆိုင်ရာများ၊ လွှတ်တော် ကိုယ်စား လှယ်များနှင့် ပါတီဝင်များ၊ ရေနီမြို့ရပ်ကွက်များမှပြည်သူများ၊ ဒေါင်းနန်းကျကျေးရွာအုပ်စု၊ ဆတ်သေ ကျေးရွာ အုပ်စု၊ ဇေယျသိမ် ကျေးရွာအုပ်စု၊ ရဲကုန်းကျေးရွာအုပ်စု အပါအဝင်ကျေးရွာများမှပြည်သူများ၊ ကျေးရွာဖွံဖြိုး တိုးတက်ရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

"ကောင်းမွန်သော အုပ်ချုပ်ရေးဖြစ်ဖို့ဆိုရင်တော့ အားလုံးပူးပေါင်းပါဝင်ပြီး လူတစ်ယောက်ချင်း ဆီက တာဝန် ယူမှု တာဝန်ခံမှုရှိစေချင်ပါတယ်။ပြည်သူ့ဝန်ထမ်းတွေလည်းကောင်းဖို့လိုသလို အယောက်ချင်းစီတိုင်း စွမ်းဆောင်ရည်ကောင်းတွေရှိဖို့လိုပါတယ်"ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်တင်တင်ဝင်း က ပြောခဲ့သည်။

ထို့နောက် ဒေသခံပြည်သူများမှ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ မြေယာကိစ္စရပ်များ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်ချက်များ တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်က ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly