အဂတိ ကင်းရှင်းအောင် ရွေးချယ်မည့် ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲ

အဂတိ ကင်းရှင်းအောင် ရွေးချယ်မည့် ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲ

ဇန်နဝါရီ၊ရန်ကုန် ။         ။ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ရာတွင် တရားမျှတမှုရှိစေရန်၊ အဂတိလိုက်စားမှုကင်းဝေးစေရန် ရည်ရွယ်ပြီး စည်းမျဉ်း၊ စည်းကမ်းများဂိုက်စွဲစာအုပ်ကို ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ဆုရွေးချယ်ရာတွင် စတင် အသုံးပြုမည်ဟု သိရသည်။

“ ဒါတွေကို ဘာကြောင့် ရေးသလဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကြီးမှူးကျင်းပပြီး ချီးမြှင့််တဲ့ ဒီ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုဆိုတဲ့ ဂုဏ်ဒြပ်၊ သူ့ရဲ့ တန်ဖိုးကို အမှန်တရားနဲ့ နီးစပ်အောင်၊ တရားမျှတမှု ရှိအောင်၊ အဂတိတရားကင်းရှင်းအောင် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားတာပါ။ ခုနက ကျွန်တော် ပြောတဲ့ အချက်တွေနဲ့ ၁၀၀ ရာခိုင်နှုန်း ပြည့်မီလိမ့်မယ်လို့ ကျွန်တော် အာမ မခံနိုင်ပါဘူး။ သို့သော် ယခင်နှစ်တွေထက် ပိုမိုပြီးတော့ အမှန်တရားနဲ့ နီးစပ်လာပါလိမ့်မယ်’’ဟု ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်က ဝင်္ကဘာလမ်းရှိ ရုပ်ရှင်အစည်းအရုံးတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ တွင် ပြောခဲ့ခြင်း ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများစာအုပ်ကို မတ်လ ၂၃ ရက်နေ့တွင် ကျင်းပမည့် အကယ်ဒမီ ဆုပေးပွဲအတွက် ဆုရွေးချယ်ရာတွင် စတင်ကိုင်စွဲအသုံးပြုသွားမည် ဖြစ်သည်။

လာမည့် မတ်လ ၂၃ ရက်တွင် ရန်ကုန်မြို့ရှိ ရွှေထွဋ်တင်ကွင်း၌ ကျင်းပပြုလုပ်မည် ဖြစ်ပြီး ရုပ်ရှင်ကား ၈၃ ကား ပါဝင်နေပြီး  ထူးချွန်ဆု ၁၁ ဆု ချီးမြှင့်မည် ဖြစ်သည်။

အဆိုပါ ၈၃ ကားမှ စည်းမျဉ်းစည်းကမ်းများစာအုပ် အသုံးပြု ရွေးချယ်မည့် ဆန်ခါတင်ဇာတ်ကားများကို ပွဲမကျင်းပမီ တစ်ပတ်အလိုတွင် ကြေညာမည် ဖြစ်သည်။ ထို့ပြင် ယမန်နှစ်က စတင်ချီးမြှင့်ခဲ့သော တစ်သက်တာဆုကိုလည်း ကိုက်ညီသည့် ပညာရှင်ရှိပါက ဆုချီးမြှင့်မည် ဖြစ်ပြီး အထူးဆုတစ်ဆုကိုလည်း စံချိန်မီပါက ဆုချီးမြှင့်သွားမည်ဟု သိရသည်။

ဇာတ်ကားအကဲဖြတ်အဖွဲ့ဝင်များက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ဒုတိယပတ်မှ စတင်ကာ တစ်နေ့ ၂ ကားနှုန်းဖြင့်  လက်ရှိတွင် ၄၂ ကားအထိ ကြည့်ရှုပြီးစီးပြီ ဖြစ်သည်။

ထိုသို့ ရွေးချယ်ရာတွင် အကဲဖြတ်အဖွဲ့ဝင်များ အဂတိတရားလိုက်စားမှုများရှိခဲ့လျှင် အကဲဖြတ်အဖွဲ့မှ ထုတ်ပယ်မည် ဖြစ်ကြောင်း၊ ပြင်ပမှ ဖြစ်စေ၊ အနုပညာလောကသားများဖြစ်စေ အဂတိလိုက်စားမှုဖြစ်ပေါ်စေရန် ဆက်သွယ်ခဲ့လျှင်၊လာရောက်ညှိနှိုင်းခဲ့လျှင် အကဲဖြတ်စာရင်းမှ ၄င်းဇာတ်ကားကို ထုတ်ပယ်မည် ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌက ပြောသည်။

ဇာတ်ကားများကို ရွေးချယ်ရာတွင်သုံးမည့် ဂိုက်စွဲစာအုပ် နှင့် ပတ်သက်ပြီး “ ဒီ စည်းမျဉ်းစည်းများကို ဒီနှစ်မှာ ကျွန်တော်တို့ ပေးမယ်။ ဒီမှာတွေ့ကြုံလာရမယ့် အခက်အခဲတွေ၊ မှားယွင်းမှုတွေရှိရင် ကျွန်တော်တို့ ထပ်ပြင်မှာပါ။ ဒါ့အပြင် ကျွန်တော်တို့က ဒီစည်းမျဉ်းစည်းကမ်းများကို ကျွန်တော်တို့က ပုံနှိပ်ထုတ်ဝေပြီးတော့ အများသူငါပါ သိနိုင်အောင် လေ့လာနိုင်အောင်၊ ဖတ်ရှုနိုင်အောင် ကျွန်တော်တို့က ထုတ်ဝေသွားမှာ ဖြစ်ပါတယ်” ဟု ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌက ပြောသည်။

အဆိုပါ ဂိုက်စွဲစာအုပ်ကို  အများပြည်သူဘက်က ထောက်ပြပါက၊ အကြံပြု ဝေဖန်မှုများရှိခဲ့ပါက ကောင်းမွန် မှန်ကန်သောအကြံပြုချက််များကို လက်ခံပြုပြင်သွားမည်ဟု ဦးဇင်ဝိုင်းက ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly