စက်ထဲတွင် ကြေမွသွားသော သားလိမ္မာတစ်ဦး၏အိပ်မက်

စက်ထဲတွင် ကြေမွသွားသော သားလိမ္မာတစ်ဦး၏အိပ်မက်
လက်ချောင်း သုံးချောင်း ဆုံးရှုံးသွားသော်လည်း မိသားစုအသုံးစရိတ်ထောက်ပံ့ရန် အလုပ် ဆက်လုပ်လိုသေးသည့် အသက် ၁၂ နှစ်အရွယ် မောင်ချစ်မင်းထွေး (ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)

ရန်ကုန် စီးပွားရေးကျပ်တည်းသည့် မိဘကိုငဲ့ညှာကာ ကျောင်းထွက်ပြီး အလုပ်ဝင်ခဲ့သည့် လှိုင်သာယာ မြို့နယ်မှ စတုတ္ထတန်း ကျောင်းသားဟောင်း မောင်ချစ်မင်းထွေးသည် ယခုအခါမှာတော့ ညာဘက်လက်မှ လက်ချောင်း သုံးချောင်းကို ဆုံးရှုံးခဲ့ရပြီဖြစ်သည်။

အသက် ၁၂ နှစ်သာ ရှိသေးသော်လည်း မိဘအပေါ်သိတတ်သည့် မောင်ချစ်မင်းထွေးသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ကမှ ရွှေလင်ဗန်း စက်မှုဇုန်ရှိ Four Ocean ပီနံအိတ်စက်ရုံတွင် ကလေးလုပ်သားအဖြစ် အလုပ်ဝင်ခဲ့ပြီး တစ်လအကြာမှာ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကော်စေ့ကျိုသည့် စက်အတွင်း လက်ညပ်ပါသွားခဲ့ခြင်း ဖြစ်သည်။

 

လက်ချောင်းသုံးချောင်းမှာ နေရာတင်ပင် စက်အတွင်း မွမွကြေကာ ဆုံးရှုံးသွားပြီး လက်မနှင့်လက်ညှိုးမှာ ထက်ပိုင်းပြတ်ထွက်သွားသည်။ အင်းစိန်မြို့နယ်ဆေးရုံသို့ အားချင်း သွားကာ ပြတ်ထွက်သွားသည့်လက်နှစ်ချောင်းကို အချိန်မီပြန်ဆက်ရသည်။ ဆေးရုံတွင် နှစ်လခန့်တက်ရောက်ကုသပြီးနောက် ပြန်ဆင်းလာခဲ့သည်။

 

0001_child_labour_kzn_10_dec_2018.jpg

ဒီဇင်ဘာ ၁၀ ရက်နေ့က မြင်တွေ့ရသည့် မောင်ချစ်မင်းထွေးတို့ မိသားစု။ အလုပ်လုပ်ရန်ခွင့်တောင်းလာသော သားငယ်ကို ခွင့်ပြုမိသည့်အတွက် နောင်တကြီးစွာရမိသည်ဟု မောင်ချစ်မင်းထွေး၏ ဖခင်ဦးဝင်းဦးက ပြောသည် ((ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)

ဒီဇင်ဘာ ၁၀ ရက်နေ့က မြင်တွေ့ရသည့် မောင်ချစ်မင်းထွေးတို့ မိသားစု။ အလုပ်လုပ်ရန်ခွင့်တောင်းလာသော သားငယ်ကို ခွင့်ပြုမိသည့်အတွက် နောင်တကြီးစွာရမိသည်ဟု မောင်ချစ်မင်းထွေး၏ ဖခင်ဦးဝင်းဦးက ပြောသည် ((ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)

ထိုစက်မှုဇုန်အနီးရှိ ကျူးကျော်ရပ်ကွက်တွင် မောင်ချစ်မင်းထွေးသည် မိဘနှစ်ပါး၊ ညီတစ်ဦးတို့နှင့် အတူ နေထိုင်သည်။ သူသာ ကျောင်းမထွက်ဖြစ်ခဲ့လျှင် ယခုအချိန်သည် ကျူးကျော်တဲလေး အတွင်း မောင်ချစ်မင်းထွေးသည် စာကျက် စာအံ လုပ်နေရမည့်အစား သူသည် ပတ်တီးစည်းထားသည့် ၎င်း၏လက်ကိုသာ ကြည့်ရင်း ခြင်ထောင်အတွင်း လဲလျောင်းနေရသည်။

မောင်ချစ်မင်းထွေးတို့ အိမ်သည် ရွှေလင်ဗန်းစက်မှုဇုန်အနီး ကတ္တရာလမ်းဘေးတွင် အိမ်ဟုပင်ခေါ်ရခက်သည့် ကျူးကျော်တဲတန်းများတွင် ပါဝင်သည်။ ဆယ်ပေပင်မကျယ်သည့် ဓနိမိုးတဲအတွင်း ဝါးခြမ်းပြား ခပ်ကျဲကျဲကြမ်းခင်းပြီး အခန်းဟူ၍မပါ။ မိုးကာစများဖြင့် အိမ်ကိုကာထားသည်။ မောင်ချစ်မင်းထွေး လဲလျောင်းသည့် အိပ်ရာနှင့်ခြေနှစ်လမ်း အကွာသည် အိမ်သာဖြစ်ပြီး အိမ်သာ၏ဘေးတွင်ပင် ထမင်း၊ ဟင်းချက်ပြုတ်ကြသည်။

 

0002_child_labour_kzn_10_dec_2018.jpg

မောင်ချစ်မင်းထွေးတို့ နေထိုင်သည့် ရန်ကုန်၊ လှိုင်သာယာ ရွှေလင်ဗန်း စက်မှုဇုန်အနီး ကျုးကျော်ရပ်ကွက်ရှိ မိသားစုနေအိမ် (ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)

မောင်ချစ်မင်းထွေးတို့ နေထိုင်သည့် ရန်ကုန်၊ လှိုင်သာယာ ရွှေလင်ဗန်း စက်မှုဇုန်အနီး ကျုးကျော်ရပ်ကွက်ရှိ မိသားစုနေအိမ် (ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)

စည်းနှောင်ထားသည့် ပတ်တီးဖြူကြားမှ လက်မတစ်ချောင်းနှင့်လက်ညှိုးတစ်ချောင်းက သိသိသာသာ ကွေးထွက်နေပြီး ကျန်လက်ချောင်းများမှာ အရင်းမှစ တုံးတိဖြစ်နေသည်။ ပြန်ဆက်ထားရသည့် လက်နှစ်ချောင်းမှာ အသားနုများတက်နေ ပြီဖြစ်သော်လည်း တွန့်ကောက်ကွေးနေသည်။

“အမေတို့က သားမမွေးခင်ကတည်းက ဆင်းရဲတာတဲ့။ သားမမွေးခင်ကအမေတို့မှာ ခြင်ထောင်အကောင်းတောင်မရှိဘူး။ အမေတို့ကိုအလုပ်မခိုင်းချင်တော့ဘူး။ တကယ်ဆိုရင်သားတစ်ယောက်ပဲ လုပ်ကျွေးချင်ပြီ။ သုံးယောက်ပေါင်း လုပ်ရင် အဆင်ပြေသွားမယ်ထင်တာ။ ဒီရပ်ကွက်ထဲမှာလည်း မနေချင်တော့ဘူး။ ပိုက်ဆံကစုချိန်တောင်မရှိဘူး။ အကြွေးသမားကို ပေးတာနဲ့ကုန်နေတာပဲ” ဟု ၁၂ နှစ်သားကလေးက ဆိုသည်။

မောင်ချစ်မင်းထွေးသည် ရွှေလင်ဗန်းစက်မှုဇုန်အရှေ့ဘက် အမှတ် (၄၇) ကျောင်းတွင် စတုတ္ထတန်းအထိ ပညာသင်ကြားခဲ့သည်။ ကျောင်းမှပြန်လာသည့်အခါများ၊ မိဘများ ဈေးရောင်းထွက်သည့်အခါများတွင် အော်ဟစ်ကာ အကြွေးလာ တောင်းသူများက အိမ်ရှေ့မှာ မကြာခဏပေါ်လာတတ်သည်။ အဖေနှင့်အမေရှာသမျှမိသားစုအတွက် မသုံးစွဲရ၊ အတိုးပေါ်အတိုးဆင့်နေသည့် ကြွေးမြီများအတွက်သာ အကြွေးရှင်လက်ထဲသာ ပုံပေးရသည် ဟု ပြောသည်။

မိဘများမှာ ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းသုံးခွဇာတိဖြစ်ပြီး လှိုင်သာယာတွင် ကျူးကျော်နေထိုင် သည်မှာ အိမ်ထောင်ကျစကတည်းက ဖြစ်သည်။ မိဘများမှာ ရွှေကြည်၊ ကောက်ညင်းပေါင်း စသည့် မြန်မာမုန့်များကို စက်မှုဇုန်အတွင်း စက်ဘီးဖြင့် လိုက်လံလှည့်လည် ရောင်းချခြင်းဖြင့် အသက်မွေးကြ သည်။ သို့သော် မလောက်ငှသဖြင့် အကြွေးသံသရာလည်နေသူများဖြစ်သည်။

ထို့ကြောင့် မိဘကိုမကြည့်ရက်သည့် မောင်ချစ်မင်းထွေးသည် စက်မှုဇုန်အတွင်း ပီနံအိတ်စက်ရုံ၌ အလုပ်လုပ်ရန် လာခေါ်သည့် စက်ရုံစက်မောင်း နှင့် အလုပ် အတူတူ လိုက်လုပ်ရန် မိဘများအားခွင့်တောင်းခဲ့သည်။ ပြင်းပြင်းပြပြ တောင်းဆို နေသည့်အတွက် မိဘများကလည်း ခွင့်ပြုခဲ့သည်။

အလုပ်ဝင်ပြီးတစ်လကျော်အကြာတွင် ထိုကဲ့သို့ဖြစ်ရပ်ဆိုးနှင့်ကြုံခဲ့ရခြင်းဖြစ်သည်ဟု ဖခင်ဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဦးဝင်းဦးကပြောသည်။

“ကျွန်တော့်သားကို ကျွန်တော်ဘယ်တော့မှမခိုင်းတော့ဘူး။ မတော်လို့ကျွန်တော်သာ အခုနေသေသွားကြည့် ကျွန်တော့် သားလေး တစ်ဘဝလုံးဘယ်လိုနေသွားရမလဲ။ ကလေးဒီလောက်ဖြစ်သွားတာတောင် စက်ရုံက ဖြစ်ချင်တာဖြစ် တိုင်ချင်တဲ့နေရာတိုင်ပြောတာ ကျွန်တော်အသည်းနာတယ်” ဟု မချိတင်ကဲပြောသည်။

စက်ရုံက တစ်ပတ်လျှင် ကျပ် ၅၀,၀၀၀-၆၀,၀၀၀ နှုန်းဖြင့် ငွေရှင်းတတ်ပြီး မောင်ချစ်မင်းထွေး ၏ တစ်လဝင်ငွေမှာ နှစ်သိန်းအထိရှိတတ်သဖြင့် အားထားရကြောင်း၊ မိဘလက်ထဲ ရသမျှငွေအကုန်ပြန်အပ်သည့် သားဖြစ်ကြောင်း မိခင်ဒေါ်နီလာကပြောသည်။

မြန်မာပြည်ရဲ့ဓာတ်ပြားဟောင်းကြီး

မောင်ချစ်မင်းထွေး၏ဖြစ်ရပ်သည် မြန်မာနိုင်ငံ၏ဆင်းရဲမွဲတေမှုအခြေအနေကိုလည်းကောင်း၊ ဆင်းရဲမွဲတေမှု၏ နောက်ဆက်တွဲ ကလေးလုပ်သားပြဿနာ မည်မျှကြီးနေပြီဆိုသည်ကို လည်းကောင်း ပြသနေသည့် အသစ်မဟုတ်သော သာဓကတစ်ခုပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင်ကလေးလုပ်သား ၁ ဒသမ ၁ သန်းကျော် ရှိသည့်အနက် ခြောက်သိန်းကျော်မှာ ဘေးအန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) နှင့် ပူးပေါင်းပြီး ၂၀၁၆ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြသည်။

‘လုပ်သားအင်အား၊ ကလေးလုပ်သားနှင့် ကျောင်းအပြီး လုပ်ငန်းခွင် ဝင်ရောက်မှု အကူးအပြောင်းဆန်းစစ်ခြင်း စစ်တမ်းအစီရင်ခံစာ - ၂၀၁၅’ ဟု အမည်ပေးထားသည့် ထိုအစီရင်ခံစာတွင် ကလေးလုပ်သားအများစု လုပ်ကိုင်နေသည့် အန္တရာယ်ရှိ လုပ်ငန်းခွင်များမှာ စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေး၊ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း စသည်တို့ဖြစ်ပြီး ယင်းလုပ်ငန်းများသည် ကလေးများကို ဖုန်၊ အခိုးအငွေ့၊ အန္တရာယ်ရှိ စက်ပစ္စည်းများ၊ အပူ၊ အအေးနှင့်ဓာတုပစ္စည်းများကို ထိတွေ့စေကြောင်း ဆိုထားသည်။

၁၉၅၁ ခုနှစ်ကပြဋ္ဌာန်းခဲ့သည့် အလုပ်ရုံအက်ဥပဒေတွင် အသက် ၁၄ နှစ်မှ ၁၆ နှစ်ကို ကလေးလုပ်သား၊ ၁၆ နှစ်မှ ၁၈ နှစ်ကို လူရွယ်လုပ်သားဟု သတ်မှတ်ထားပြီး အသက် ၁၄ နှစ်အောက်ကို ခိုင်းစေခွင့်မရှိဟု ပြဋ္ဌာန်းထားသော်လည်း မြန်မာနိုင်ငံတွင် အသက် ၁၄ နှစ်အောက် ကလေးလုပ်သားအများအပြားကို လုပ်ငန်းခွင်အများအပြားတွင် မြင်တွေ့နေရ သည်။

မောင်ချစ်မင်းထွေးတို့ မှီခိုရာ ရွှေလင်ဗန်းစက်မှုဇုန်မှာပင် အရက်ချက်စက်ရုံတစ်ခု၌ ကလေးငယ်များနှင့် အမျိုးသမီးငယ် များ အလုပ်လုပ်နေကြရကြောင်း ၂၀၁၆ ခုနှစ် မတ်လ ၃ ရက်နေ့စွဲဖြင့် လွှင့်တင်ထားသည့် DVB သတင်းဌာန၏ ကလေးအလုပ်သမားအကြောင်း စုံစမ်းဖော်ထုတ်မှုမှတ်တမ်း ဗီဒီယိုဖိုင် တွင် တွေ့ရသည်။

မောင်ချစ်မင်းထွေး၏ဖြစ်ရပ်သည် အန္တရာယ်ရှိိလုပ်ငန်းခွင်ရောက် ကလေးလုပ်သားများ၏ လျစ်လျူရှုခံ အနေအထားကို မီးမောင်းထိုး ပြနေခြင်းဖြစ်သည်။ မောင်ချစ်မင်းထွေးကဲ့သို့ လုပ်ငန်းခွင်မတော်တဆဖြစ်ပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးရသည့် ကလေးလုပ်သား မည်မျှရှိကြောင်းကိုတော့ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများကရော အစိုးရမဟုတ်သည့် အဖွဲ့အစည်း များကပါ မှတ်တမ်းပြုစုထားခြင်းမရှိသဖြင့် မသိရပေ။

၁၄ နှစ်အောက်များကို မခိုင်းရ

ဥပဒေအရ အသက် ၁၄ နှစ်အောက်ကလေးငယ်များကို အလုပ်ခိုင်းစေခွင့်မရှိဟု ဆိုထားသော်လည်း ကလေးလုပ်သား ဦးရေမှာ စက်ရုံတွင်ဖြစ်စေ၊ လမ်းဘေး လက်ဖက်ရည်ဆိုင်တွင်ဖြစ်စေ ပိုမိုများပြားလာသည်ကို တွေ့ရှိရကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောသည်။

၁၄ နှစ်နှင့်အထက် ခိုင်းစေမည်ဆိုလျှင်တောင် ဆရာဝန်၏တာဝန်ခံလက်မှတ်ပါမှသာ ခိုင်းစေခွင့်ရှိသည်ဟု ဥပဒေတွင် ချမှတ်ထားသော်လည်း စက်ရုံအများစုသည် လိုက်နာခြင်းမရှိဟု အလုပ်သမားခုံသမာဓိကောင်စီ (ဗဟို)တွင် သုံးနှစ်ကြာ တာဝန်ထမ်းဆောင် ခဲ့သည့် ၎င်းက ဆက်ပြောသည်။

“ဥပဒေကပြဋ္ဌာန်းထားပေမယ့် စက်ရုံတော်တော်များများ မလိုက်နာကြပါဘူး။ နောက်ပြီး ရဲစခန်းမှာ အလုပ်သမားဘက်က အမှုဖွင့်ရင် တော်တော့်ကိုခက်တယ်။ တိုင်ချက်ကို လက်မခံတာ။ ရဲလုပ်ငန်းတွေ တရားစွဲအဖွဲ့အစည်းတွေက တိုင်းချက်ဖွင့်ရင် ကို လက်မခံတာမျိုး မြန်မာပြည်မှာ ကြုံနေရတယ်”ဟု ရှေ့နေဦးဌေးက ပြောသည်။

အသက် ၁၄ နှစ်အောက် ကလေးလုပ်သားကိစ္စသည် ရဲအရေးမပိုင်သဖြင့် အလုပ်သမား ဝန်ကြီးဌာန အလုပ်သမားရုံးများနှင့် ကနဦးတွေ့ဆုံပြီး ဆုံးဖြတ်ချက်ကျမှသာလျှင် ရဲက အမှုပေးဖွင့်သည်ဟု ၎င်းက ပြောသည်။

တရားစွဲထား

မောင်ချစ်မင်းထွေး လက်ထိခိုက်ပြီးသည့်နောက်တွင် ၎င်းဆေးကုသစရိတ်အတွက် စက်ရုံကဆေးရုံတက်စဉ် ကျပ် ၉၀၀,၀၀၀ ကျော် ထောက်ပံ့ခဲ့သော်လည်း နောက်ပိုင်း ဆေးကုသစရိတ်ကိုတော့ ဆက်လက်ထောက်ပံ့ခြင်းမရှိတော့ဟု ချစ်မင်းထွေး၏မိခင် အသက် ၃၉ နှစ်အရွယ် ဒေါ်နီလာကပြောသည်။

ဆေးရုံတက်နေစဉ်ကာလများအတွင်း ဆေးကုသစရိတ်အပါအဝင် ဆေးရုံ၌နေစဉ် စားသောက်စရိတ်များနှင့် စုစုပေါင်း ကျပ် ၁၇ သိန်းနီးပါးကုန်ကျခဲ့သည်ဟု ၎င်းတို့ကပြောသည်။

“စက်ရုံက (ကျပ်ကိုးသိန်း) ထောက်ပံ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမပေးတော့တဲ့ အခါကျတော့ အတိုးတွေနဲ့ပဲဘေးက ချေးပြီးကုရတာပေါ့။ အခုဆိုအတိုးတွေလည်း တက်နေတာမနည်းဘူး” ဟု ဒေါ်နီလာမျက်ရည်ဝဲကာ ပြောသည်။

၁၄ နှစ်အောက်ကလေးငယ်ကို ခိုင်းစေသည့်အတွက် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနက အဆိုပါ Four Ocean ပီနံအိတ်စက်ရုံကို လှိုင်သာယာမြို့နယ်တရားရုံး၌ ဒီဇင်လာလအတွင်း တရားစွဲဆိုထားကြောင်း အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ အမည်မဖော်လိုသူ အရာရှိ တစ်ဦးကပြောသည်။

“၁၄ နှစ်အောက်ကလေးကိုခိုင်းတယ်။ မတော်တဆထိခိုက်မှုဖြစ်ပြီဆိုရင် သတင်းပို့ရမှာကိုမပို့တဲ့အတွက် ထောင်ဒဏ်သုံးလ ဒါမှမဟုတ် ငွေဒဏ် ကျပ်သိန်း ၂၀ ချမှတ်နိုင်တဲ့ ပုဒ်မနဲ့စွဲထားတာ။ ရုံတိုင်းနီးပါးမှာရှိနေတော့ ဒါတွေကိုအချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်ဖို့လိုတယ်။ ဌာနဆိုင်ရာတွေလည်းအလုပ်လုပ်ဖို့လိုပြီ လူမှုဖူလုံရေးတော့ တောင်းပြီးကျန်တာကိုယ်နဲ့မဆိုင်သလိုဖြစ်နေတယ်” ဟု ၎င်းက Myanmar Now ကို ဖုန်းဖြင့်ပြောသည်။

ဥပဒေတွင် ကျူးလွန်သည့်အလုပ်ရှင်အား အရေးယူရန်ထောင်ဒဏ် (သို့မဟုတ်) ငွေဒဏ်ချမှတ်ထားသော်လည်း ထောင်ဒဏ်ကျခံသွားရသည့် အမှုမျိုးယခုအချိန်အထိမတွေ့ရကြောင်း အလုပ်သမားရေး ကူညီဆောင်ရွက်ပေး သည့်ရှေ့နေများက ပြောသည်။ အလုပ်ရှင်နှင့်အလုပ်သမားအကြား လျော်ကြေးငွေ သဘောဖြင့်သာ ကျေအေးသွားလေ့ရှိသည်ဟု ဆိုသည်။

Four Ocean စက်ရုံသို့ Myanmar Now က သွားရောက်မေးမြန်းခဲ့သော်လည်း ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ဖြေဆိုလိုသည့်ဆန္ဒမရှိကြောင်း ပြောသည်။

မုန့်လုံးစက္ကူကပ်

စက်ရုံတွင်ဝင်ရောက်လုပ်ကိုင်နေသည့် ကလေးသူငယ်အများစုမှာ နွမ်းပါးသည့် မိသားစုများမှပေါက်ဖွား လာသူများဖြစ်ပြီး အလုပ်သမား အခွင့်အရေးဆုံးရှုံး နေရသူများဖြစ်သော်လည်း ထိုကလေးငယ်များစက်ရုံတွင် အလုပ်ရနေခြင်းကပင် မိဘများ အတွက်ကျေးဇူးတင်ရမလိုဖြစ်နေကြောင်း လှိုင်သာယာမြို့နယ် တိုင်းဒေသကြီး(၁)လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောသည်။

“ကလေးတွေဒီလိုလုပ်ရတာ သူတို့မိသားစုတွေအဆင်မပြေလို့။ သူတို့စက်ရုံမှာလုပ်နေရတာကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေတယ်။ ဒီကလေးဒီစက်ရုံမှာအလုပ်မရရင် လမ်းဘေးမှာလေလွင့်နေတဲ့ အမှိုက်ကောက်တဲ့ကလေးတွေလို ဖြစ်သွားတော့တာလေ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်ခြောက်လခန့်က စစ်တမ်းကောက်ယူမှုအရ လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန်များတွင် အလုပ်လုပ်သည့် အလုပ်သမားဦးရေ တစ်သိန်းခွဲကျော်ရှိပြီး အမြဲတမ်း ခန့်အဖြစ် လုပ်ကိုင်သူမှာ ၉၀,၀၀၀ ကျော် အထိရှိကြောင်း ဦးဝင်းမောင်က ပြောသည်။

လူ့ခန္ဓာကိုယ်တွင်ညာဘက်လက်ချောင်းများအနက် လက်မတစ်ချောင်းဖြတ်တောက်ရခြင်းသည် လူ့ခန္ဓာကိုယ် မသန်စွမ်းမှု ၄၅ ရာခိုင်နှုန်းနှင့်ညီကြောင်း ရန်ကုန်ဆေးရုံကြီး အရိုးအကြောဌာန၊ လက်ပိုင်းဆိုင်ရာ ခွဲစိတ်မှုပညာဌာနမှ ပါမောက္ခဌာနမှူး ဆရာဝန်ကြီး ဒေါက်တာခင်မောင်မြင့်က ပြောသည်။ လက်မကဲ့သို့ လက်ညှိုး၊ လက်ခလယ်နှင့် လက်သူကြွယ်တို့ဖြတ်တောက်ရ ခြင်းသည်လည်း ထိုရာခိုင်နှုန်းနှင့်ပင် ညီမျှသည်ဟု ပြောသည်။

“နိုင်ငံတကာမှာတော့ ဒီလိုဖြစ်သွားပြီဆိုရင် အလုပ်သမားဝန်ကြီးဌာနကိုသတင်းပို့တယ်။ ပြီးရင်ဌာနနဲ့ဆေးရုံက ဆရာဝန်နဲ့ ပေါင်းပြီး ဒီအလုပ်သမားနစ်နာသွားတဲ့ မသန်စွမ်းမှု ရာခိုင်နှုန်းကို တွက်ချက်တယ်။ ဆေးကုသနေစဉ် အတောအတွင်း စက်ရုံက ဘယ်လောက်ထိ တာဝန်ယူမှု၊ တာဝန်ခံမှုရှိလဲကြည့်တယ်။ ကျွန်တော်တို့ဆီမှာတော့ အဲ့ဒီလင့်ခ် (အချိတ်အဆက်) တွေ ပြတ်နေတယ်” ဟု သူကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင်ဖြစ်ပွားသည့် ထိခိုက်ဒဏ်ရာများအနက် လက်ထိခိုက်ဒဏ်ရာ မှာ ၇၅ ရာခိုင်နှုန်းအထိရှိပြီး ထိခိုက်ဒဏ်ရာနှင့်ဆေးရုံရောက်ရှိလာသည့် ကလေးလုပ်သားများအား မကြာခဏ တွေ့ရလေ့ ရှိသည်ဟု ၎င်းကဆက်ပြောသည်။

သို့သော်လည်း မှတ်တမ်းမှတ်ရာ အားနည်းသည့် မြန်မာနိုင်ငံတွင် ထိခိုက်ဒဏ်ရာရပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးရသည့် ကလေးလုပ်သား အရေအတွက် မှတ်တမ်းများ ပြုစုထားခြင်း မရှိပေ။

ဆင်းရဲတွင်းမှလွတ်ကင်းချင်

လက်ချောင်းများဆုံးရှုံး သွားသော်လည်း မောင်ချစ်မင်းထွေးမှာမူ ယခင်ကဲ့သို့အိမ်စရိတ်ပြန်လည်ထောက်ပံ့နိုင်ရန် ဆန္ဒပြင်းပြလျက်ရှိသည်။

“အဖေကတော့ ပြောတယ်။ အလုပ်ထပ်မလုပ်နဲ့တော့တဲ့။ ဘုန်းကြီးဝတ်လိုက်တော့တဲ့။ သားအလုပ်လုပ်ချင်တယ်။ ဒါပေမယ့် သားကို ဘယ်သူကခန့်တော့မလဲ” ဟု ပတ်တီးဖြူဖြူနှောင်ထားသည့် တွန့်ကောက်နေသည့်လက်ချောင်းကို ကြည့်ကာပြောသည်။

ထိုသို့သောအခြေအနေမျိုးနှင့်ကြီးပြင်းရခြင်းကို စိတ်ပျက်မိကြောင်း၊ သူ့တွင်တခြားသော ကလေးများကဲ့သို့ စစ်ဗိုလ်၊ အင်ဂျင်နီယာ စသည့်ရည်မှန်းချက်များမရှိသော်လည်း ၎င်း ကြီးပြင်းသည့်အခါ မိသားစုကို ‘ကျူး’ ဟုအမည်တပ်ခံ ထားရသည့် ထိုရပ်ကွက်မှ ခေါ်ထုတ်သွားချင် ကြောင်းပြောသည်။

“တခြားထွေထွေထူးထူးရည်မှန်းချက်တွေတော့ မရှိပါဘူး။ သားကြီးလာရင်သားအမေနဲ့အဖေကို ဒီရပ်ကွက်ကနေ ခေါ်ထုတ်သွားမယ်။ ရွှေပြည်သာဘက်မှာမြေကွက်တွေရှိတယ်။ အဲ့မှာခြံဝယ်ပြီး အမေ့ကိုထားမယ်” ဟု သားလိမ္မာလေးက ခပ်မြန်မြန်ဆိုသည်။

 

Mizzima Weekly