စည်ပင်ရွေးကောက်ပွဲတွင် ဘတ်ဂျက် ၂ဘီလီယံ သုံးစွဲမည်

စည်ပင်ရွေးကောက်ပွဲတွင် ဘတ်ဂျက် ၂ဘီလီယံ သုံးစွဲမည်

ရန်ကုန်၊ဇန်နဝါရီ ၁ဝရက် ။              ။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မှ ၂၀၁၉ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ပြုလုပ်မည့် စည်ပင် ရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ  ဘတ်ဂျက် ကျပ် ၂ဘီလီယံ သုံးစွဲကာ ကျင်းပမည်ဖြစ်ကြောင်း စည်ပင်သာယာရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။

၂၀၁၄ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် စည်ပင်ရွေးကောက်ပွဲတွင် အိမ်ထောင်စုတစ်စုလျှင် အသက် ၁၈ နှစ်ပြည့် သည့် အိမ်ထောင်ဦးစီးကသာ မဲပေးခွင့်ရရှိခဲ့ပြီး  ယင်းရွေးကောက်ပွဲအား ရန်ကုန်မြို့နေပြည်သူလူထုက စိတ်ဝင်စားမှုနည်းပါးခဲ့သည်။

"ဒီနှစ်က ရွေးကောက်ပွဲက ၂၀၁၄ရွေးကောက်ပွဲနဲ့ နည်းနည်းလေး ကွာခြားမှုရှိတယ်။ ၂၀၁၄မှာတုန်းက အိမ်ထောင်စုတစ်စုမှာ တစ်ဦးပဲ မဲပေးခွင့်ရှိတယ်။ အခုပြုလုပ်မယ့် စည်ပင်ရွေးကောက်ပွဲမှာ အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်း၊  ဒီမြို့နယ်မှာ တစ်နှစ်နေပြီးတဲ့သူတိုင်း အဲဒီပုဂ္ဂိုလ်တိုင်း ရွေးကောက်ပွဲမှာ မဲပေးခွင့် ပြုထားတယ်။အဲဒီလိုပြုထားတဲ့အတွက် မဲဆန္ဒရှင်လူဦးရေက များလာမယ်။များလာတဲ့ အခါကျတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီး ရန်ကုန်မြို့ စည်ပင်သာယာရေး ကော်မတီရဲ့ ရွေးကောက်ပွဲ နဲ့ပတ်သက်ပြီး ဘတ်ဂျက်ကို ၂ဘီလီယံလောက် သတ်မှတ်ထားလို့ သိရတယ်။" စည်ပင်သာယာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဆိုသည်။

 

ရွေးကောက်ပွဲတွင် ဒုတိယရန်ကုန်မြို့တော်ဝန် အပါအဝင် ကော်မတီဝင်(၁၁)ဦးကိုခန့်အပ်မည်ဖြစ်ပြီး စည်ပင် ၃၃ မြို့နယ်တွင်  တစ်မြို့နယ်နယ်လျှင် ကိုယ်စားလှယ် သုံးဦးစီ စုစုပေါင်း ၉၉ ဦးအနေဖြင့် ပါဝင်ယှဉ်ပြိုင် နိုင်မည်ဖြစ်သည်။

 

အဆိုပါ ကော်မတီဝင်(၁၁)ဦးအနက် ဒုတိယ ရန်ကုန်မြို့တော်ဝန် အပါအဝင် ကော်မတီဝင်(၆)ဦးကို ပြည်သူက တိုက်ရိုက်ရွေးချယ် တင်မြှောက်နိုင်မည်ဖြစ်ကာ ကျန်ကော်မတီဝင်(၅)ဦးကို အစိုးရက ခန့်အပ်မည်ဖြစ်ပြီး ကော်မတီဝင် ၆ ဦး အနေဖြင့်  မှတ်ပုံတင်ကြေး အဖြစ် စည်ပင်ကို ၅ သိန်းသွင်းရမည်ဖြစ်ကာ မြို့နယ်အလိုက် ကိုယ်စားလှယ်များသည် မှတ်ပုံတင်ကြေး ၂သိန်းပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။

 

"ရွေးချယ်တင်မြောက်ခြင်းခံရရင် ဒီသူတို့တင်ထားတဲ့၅သိန်းတို့ ရသိန်းတို့ကိုပြန်မပေးတော့ဘူး။ ရွေးချယ် တင်မြှောက်မခံရရင် ပြစ်မှုကြောင့်တရားမဲ့ပြုကျင့်မှုတွေရှိလာမယ်။စည်းကမ်းဖောက်ဖျက်မှုတွေရှိလာမယ်ဆိုရင် သူတို့သွင်းထားတာကို ပြစ်မှုတစ်စုံတစ်ရာရှိခဲ့ရင် ပြန်မပေးဘူး။ပြစ်မှုလည်းမရှိဘူး၊ရိုးရိုးသာမန် ပြိုင်တာ ရှုံးခဲ့ရင်တော့  အားလုံးကို ပြန်ပေးမယ်။ " စည်ပင်သာယာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။  

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများသည် လျှောက်လွှာများကို ဇန်နဝါရီ ၁၈ရက်နေ့တွင် စတင်လျှောက်ထားနိုင်မည်ဖြစ်ပြီး  အဆိုပါ လျှောက်လွှာများကို ဇန်နဝါရီ၂၈ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်သည်။

 

ဝင်ရောက်ယှဉ်ပြိုင်မည့် စည်ပင်ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်ကာလကို ၁လ အချိန်ပေးမည်ဖြစ်ပြီး ဖေဖော်ဝါရီ၂၈ရက်နေ့မှ မတ်လ ၂၉ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly