ရခိုင်စစ်ဘေးရှောင်များအတွက် ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးရန်ပုံငွေထဲမှ ထုတ်ယူသုံးစွဲမည်

ရခိုင်စစ်ဘေးရှောင်များအတွက် ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးရန်ပုံငွေထဲမှ ထုတ်ယူသုံးစွဲမည်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင်ရွာအနီး လူဦးရေ ၁၃၀၀ ကျော်ရှိ ဝါးတောင်စစ်ရှောင်စခန်းအား ဇန်နဝါရီလ ၆ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အေးချမ်းခိုင်

ရန်ကုန် ၊ ဇန်နဝါရီ ၉ ။         ။ ရခိုင်ပြည်နယ်၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးရန်ပုံငွေထဲမှ အချို့တစ်ဝက်အား ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများအား ထောက်ပံ့ရန်အတွက် ထုတ်ယူသုံးစွဲသွားရန် အစီအစဉ်ရှိနေသည်ဟု ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

 “စစ်ဘေးရှောင်တွေအတွက် လိုအပ်လာရင်တော့ သုံးစွဲသွားမှာပါ။သုံးစွဲဖို့လည်း အစီအစဉ်ရှိပါတယ်။ အခုက သွားဖို့လာဖို့ အဆင်မပြေနိုင်သေးလို့ပါ။ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး လှူဒါန်းမယ့်ကိစ္စတွေကို ဆက်လုပ်သွားမှာပါ” ဟု ဦးဝင်းမြင့် က မဇ္စျိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် ဘေးအန္တရာယ်စီမံခန့်ခွဲရေးရန်ပုံငွေ ကျပ်သိန်းသုံးသောင်း သုံးစွဲရန် အစိုးရကို ပြည်နယ်လွှတ်တော်မှ ဘတ်ဂျက်အတည်ပြုပေးထားပြီး ယင်းငွေထဲမှ စစ်ဘေးရှောင်များအား ထောက်ပံ့ရန် ထုတ်ယူသုံးစွဲခြင်းကို ကန့်ကွက်ရန် မရှိကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြသန်းက မဇ္စျိမသို့ ပြောသည်။

“ထုတ်ယူသုံးစွဲမယ်ဆိုရင်လည်း ရပါတယ်။ သုံးစွဲတဲ့အသုံးစရိတ်ကိုတော့ လွှတ်တော်ကိုတင်ပြပြီး အတည်ပြု ချက် ယူလိုက်လို့ရပါတယ်။ ကန့်ကွက်ရန်တော့ မရှိပါဘူး” ဟု ဦးမြသန်းက ဆိုသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော်မြို့ အနီးတစ်ဝိုက်တွင် ဒီဇင်ဘာ လဆန်းပိုင်းမှ စတင်ပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်(AA) တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွား နေခြင်းလည်း ဖြစ်သည်။

ယင်းတိုက်ပွဲများကြောင့် ဒေသခံပြည်သူများသည် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ဘူးသီးတောင် မြို့နယ်များရှိ ဘုန်းကြီးကျောင်းများနှင့် အများပြည်သူစုရပ်များသို့ စစ်ရှောင်နေရပြီး စုစုပေါင်း ၄၅၀၀ ကျော် ရှိနေပြီ ဖြစ်သည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးမှ သတင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့အပြင် လူမှုရေးအသင်းအဖွဲ့များမှလည်း စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေသော်လည်း ပြည်နယ်အစိုးရမှ လတ်တလောတွင် လာရောက်ကူညီထောက်ပံ့ပေးမှုများ မရှိသေးပေ။

သို့သော်လည်း ထောက်ပံ့မှုများသည် လိုအပ်မှုများ ရှိနေသေးပြီး စစ်ဘေးရှောင်ပြည်သူများအတွက် သောက် သုံးစရာ ရေရရှိမှုများ နှင့် အိပ်သာအခက်အခဲများ ဖြစ်ပေါ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required