ဟုမ္မလင်း စည်ပင်သာယာရေးကော်မတီ၏ စီမံခန့်ခွဲမှု အလွဲများအတွက် ဆန္ဒထုတ်ဖော်

ဟုမ္မလင်း စည်ပင်သာယာရေးကော်မတီ၏ စီမံခန့်ခွဲမှု အလွဲများအတွက် ဆန္ဒထုတ်ဖော်

 ဟုမ္မလင်း၊ ဇန်နဝါရီ၊ ၉ရက် ။          ။ ဟုမ္မလင်းမြို့နယ်စည်ပင်သာယာရေးကော်မတီ လုပ်ငန်းများတွင် စည်ပင်ဥက္ကဋ္ဌ၏ စီမံခန့်ခွဲမှုအလွဲများကြောင့် ပြည်သူများနစ်နာသည်ဟုဆိုကာ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် ဇန်နဝါရီ ၉ ရက်နေ့၌ စျေးသူ စျေးသားများစုပေါင်း၍ ဆန္ဒထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆန္ဒပြပွဲကို နံနက် ၉ နာရီမှ စတင်၍ ညနေ ၆ နာရီအထိ လူဦးရေ နှစ်ရာနီးပါးဖြင့် ဟုမ္မလင်းမြို့ မြို့မစျေးမှ ကမ်းနားလမ်းတလျောက် စည်ပင်ရုံးရှေ့၊၄င်းနောက် ပြည်သာယာလမ်း၊ ဆိုင်ဝန်းမောင်အရှေ့ထိ လမ်းလျှောက် ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

" စျေသူစျေးသားတွေ အနေနဲ့ စည်ပင်ဌာနရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ အထွေထွေကဏ္ဍတွေကို မကျေနပ်လို့ ဆန္ဒထုတ်ဖော်ရတာပါ။ စျေးကိုအသစ်ဆောက်မယ်ဆိုပြီး စျေးသူစျေးသားတွေရဲ့ ဆန္ဒမပါပဲ အကြိမ်ကြိမ် အစည်းဝေးခေါ်တာမျိုးတွေ၊ သားသတ်လိုင်စင် ကိစ္စတွေမှာ လေလံစနစ်ကြောင့် စားသုံးသူတွေ စျေးနှုန်း မြင့်တက်ပြီး စားသုံးနေရတာတွေ ပြီးတော့ ခေတ်အဆက်ဆက်က စျေးမှာ ဘီးစတန်းခ မပေးရပဲ ဒီနှစ်မှ ပေးရတာတွေ အဲ့တာတွေကို မကျေနပ်လို့ပါ"ဟု ဆန္ဒထုတ်ဖော်သူ မရီမွန်မှ မဇ္ဈိမသို့ ပြောသည်။

ဆန္ဒပြပွဲတွင် ပြည်သူဗဟိုပြု လိုင်စင်စီစျေးကွက် ဖြစ်ပေါ်ရေး(ဒို့အရေး) ပြည်သူဗဟိုပြုစည်ပင်လုပ်ငန်းများ ဖြစ်ပေါ်ရေး(ဒို့အရေး)ပြည်သူနှင့် မကိုက်ညီသော စည်ပင်နည်းဥပဒေများပြင်ဆင်ရေး(ဒို့အရေး) ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်သော စည်ပင်လုပ်ငန်းများ(အလိုမရှိ) ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်သော စည်ပင်ဥက္ကဋ္ဌ (အလိုမရှိ)စသည့် စာတမ်းများ၊ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

စျေးသူစျေးသားများ အနေဖြင့် စည်ပင်ဌာနကို ၃ ရက်တာ ဆန္ဒထုတ်သွားမည်ဖြစ်ပြီး စည်ဌာနကို ဆန္ဒပြခံရမှု နှင့် ပတ်သက်၍ ဟုမ္မလင်းစည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌကို မဇ္ဈိမသတင်းဌာနမှ အကြိမ်ကြိမ် ကြိုးစား ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၈ခုနှစ်ဒီဇင်ဘာ၂၁ရက်နေ့တွင် မုံရွာမြို့၌ စစ်ကိုင်းဒေသကြီး စည်ပင်သာယာရေးကဏ္ဍများ၏ စီမံခန့်မှုအားနည်းချက်များကို မုံရွာမြို့ အရပ်ဘက်အဖွဲ့အစည်းများ ဦးဆောင်၍ တိုင်းအတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်းကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required