“ သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ခရီးသွားမြှင့်တင်ရေးပွဲကို ငွေကျပ် သိန်း ၇ ထောင်ကျော်သုံးစွဲကျင်းပမည်

“ သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ခရီးသွားမြှင့်တင်ရေးပွဲကို ငွေကျပ် သိန်း ၇ ထောင်ကျော်သုံးစွဲကျင်းပမည်

ရန်ကုန်၊ ဇန်နဝါရီ ၈ ။         ။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြပွဲနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော်တစ်ခုကို ငွေကျပ် သိန်း ၇ ထောင်ကျော်အသုံးပြု၍ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကပြောသည်။

“ သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ခရီးသွားမြင့်တင်ရေးပွဲတော်ကျင်းပရေးနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်း ပွဲကို ရန်ကုန်တိုင်းအစိုးရရုံးတွင် ဇန်နဝါရီ ၈ ရက်နေ့ကပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် ဦးဇော်အေးမောင်က ပြောဆို ခဲ့ခြင်းဖြစ်သည်။

“ ဒါသည် မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖြစ်စဉ် ငြိမ်းချမ်းရေးလုပ်ငန်းမှာ အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်ပါတယ်။ ဒီပွဲကျင်းပဖို့အတွက် သိန်းပေါင်း ၇ ထောင် ၈ထောင်လောက်အကုန်ကျခံပြီးကျင်းပခြင်းဖြစ်ပါတယ်” ဟု ဦးဇော်အေးမောင်ကဆိုသည်။

“ သွေးချင်းတို့ရဲ့ပွဲတော်ဆီ “  အမည်ရသည့် ရိုးရာယဉ်ကျေးမှုပြပွဲနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော်ကို မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအဖွဲ့က ငွေကြေးအကုန်အကျခံကာ ရန်ကုန်မြို့ ကျိုက်က္ကဆံ အား ကစားကွင်းတွင် ဇန်နဝါရီ ၂၅ မှ ၃၀ ရက်နေ့အထိ နံနက် ၁၁ နာရီမှ ည၁၀ နာရီအထိကျင်းပသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါပွဲသည် စီးပွားရှာသည့်ပွဲမျိုးမဟုတ်ဘဲ တိုင်းရင်းသားဒေသများတွင်ရှိနေသည့် ရိုးရာယဉ်ကျေးမှု၊ အဝတ်အစား၊ အစားအသောက် များ၊ ခရီးသွား လည်ပတ်စရာနေရာများကို လူအများ သိရှိလာအောင် ရည်ရွယ်ပြုလုပ်ရခြင်းဟုလည်း ဦးဇော်အေးမောင်ကဆိုသည်။

ထို့အပြင် ပွဲလုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လုံခြုံရေးဝန်ထမ်းများကိုလည်း နေရာအနှံ့ချပေးထား မည်ဖြစ်ကြောင်း လည်းသိရသည်။

“ လုံခြုံရေးကအယောက် ၁၂၀၊ ပြင်ပကုမ္မဏီကဖြစ်ပါတယ်။ ဒါကအစိုးရကမပါဘူး။ CCTV က ၅၄ လုံးပါ လုံခြုံရေးကပြင်ပ ပုဂ္ဂလိက ကုမ္မဏီကိုအပ်ထားပါတယ်။ အခုကတည်းက လုံခြုံရေးကွင်းထဲမှာရှိနေပါပြီ” ဟု ပွဲကျင်းပရေးတာဝန်ရှိသူ မြန်မာနိုင်ငံတိုင်းရင်း သား လုပ်ငန်းရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ မင်းဗညားစန်းကဆိုသည်။

ထို့အပြင်ပွဲတော်ကျင်းပရေးအတွက် ကျိုက်က္ကဆံအားကစားကွင်း၏ ၇၀ ရာခိုင်နူန်းကျော် မြေ ဧက ၄၀ ကျော်ခန့်ကိုအသုံးပြုထားကြောင်းလည်း သိရသည်။

 ပွဲတော်ကျင်းပရာတွင် ရိုးရာပစ္စည်းအရောင်းဆိုင် ၁၀၀ ကျော်၊ ရိုးရာအစားအသောက်အရောင်းဆိုင် ၄၀ ကျော်၊ ကုမ္မဏီပြခန်း ၄၀ ကျော်နှင့် ပစ္စည်းအစုံရောင်းသည့် ဆိုင် ၂၀၀ ကျော်ရှိသည့်အပြင်ဖျော်ဖြေရေးနှင့် အခြား အစီအစဉ်များလည်း ပါဝင်ပြသထားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly