ရခိုင်နယ်စပ်မောင်တောမြို့မှာ ကျပ်တစ်သောင်းတန် အတု အများအပြားဖမ်းမိ

ရခိုင်နယ်စပ်မောင်တောမြို့မှာ ကျပ်တစ်သောင်းတန် အတု အများအပြားဖမ်းမိ

ရန်ကုန် ၊ ဇန်နဝါရီ ၈ ရက် ။         ။ မူးယစ်ဆေးဝါး အမြောက်အမြား မကြာခဏ ဖမ်းဆီးရမိနေပြီး၊ စစ်ပွဲများနှင့် ပဋိပက္ခများကြောင့် နယ်မြေ တည်ငြိမ်ရေုးကို ဦးစားပေးဖော်ဆောင်နေရသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တွင် ငွေကျပ် တစ်သောင်းတန် အတုများကို ဇန်နဝါရီ ၇ ရက်နေ့ ဖမ်းဆီးခဲ့မိသည်။

ထိုငွေစက္ကူအတုများကို မောင်တောမြို့နယ် ကမ္ဘာဇဘဏ်ခွဲတွင် ငွေလွှဲရန် ရောက်ရှိလာသူတစ်ဦးထံမှ တွေ့ရှိခဲ့ခြင်းလည်း ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၄၀၁ ရွက်ကို ယူဆောင်လာသည့် မောင်တောမြို့၊ မြို့မ အနောက်ရပ်ကွက်နေ ယာဉ်မောင်း တစ်ဦးဖြစ်သူ ဦးဇော်လင်းထက်ကို ဇန်နဝါရီ ၇ ရက်နေ့က ဘဏ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး သန့်ဇော်ဦး  ဦးစီးအဖွဲ့မှ သတင်းအရ ရှာဖွေ ဖမ်းမိခဲ့သည်ဟု ဆိုသည်။

စစ်ဆေးမှုအရ ဦးဇော်လင်းထက် မောင်းနှင်သည့် ယာဉ်ပိုင်ရှင် ဖြစ်သူ၏ ဆက်သွယ်မှုဖြင့် ကားရောင်းရငွေများဟု ဆိုကာ ယူဆောင်းခိုင်း၍ သွားရောက် ရယူခဲ့သော ငွေများဟု ထုတ်ပြန်ချက်တွင် ရေးသားပါရှိသည်။

ထိုငွေများကို မောင်တောမြို့နယ် ဝေသာလီကျေးရွာနေထံမှ ကျပ်သိန်း ၁၀၀ လည်းကောင်း၊ ထိုကျေးရွာနေ အခြားတစ်ဦးထံမှ ကျပ်သိန်း ၁၆၀ ကျော်အားလည်းကောင်း၊ အခြားတစ်ဦးထံမှ ကျပ်သိန်း ၁၃၉ သိန်းအား လည်းကောင်း အသီသီးသွားရောက် ရယူခဲ့ခြင်းဟု ထွက်ဆိုထားသည်။

ထိုသို့ တစ်ဦးချင်းစီ၏ ငွေများအား စုပေါင်း၍ ဒေါ်သန်းသန်းစိုး ဆိုသူ၏ ဘဏ်အကောင့်အား ဘဏ်မှ လွှဲပြောင်းပေးအပ်စဉ်တွင် ငွေစက္ကူ ကျပ်တစ်သောင်း အရွက်ရေ ၄၀၁ ရွက်မှာ အတုအဖြစ် ပါဝင်နေခဲ့ခြင်းဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ဖော်ပြချက်တွင် ရေးသားပါရှိသည်။

လက်ရှိတွင် ငွေစက္ကူအတုများနှင့်အတူ ဖမ်းမိထားသည့် ဦးဇော်လင်းထက်ကို မောင်တောမြို့မ ရဲစခန်းတွင်  (ပ) ၆/၂၀၁၉ ဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နှင့် အမှုဖွင့်၍ ဆက်လက် စစ်ဆေးလျက်ရှိနေသည်။

ယခုလို ငွေစက္ကူအတုဖမ်းဆီးရရှိမှုများသည် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ နိုင်ငံတစ်ဝှမ်း မကြာခဏ တွေ့ရှိနေခြင်းဖြစ်သည်။

မှတ်တမ်းများအရ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ကျပ်တစ်သောင်းတန်အတုများ ဖမ်းဆီးရရှိမှုတွင် ၂၀၁၈ ခုနှစ်သည် အမြင့်ဆုံးဖြစ်ခဲ့သည်။

ရခိုင်ပြည်နယ်သည် ပဋိပက္ခများနှင့် စစ်ပွဲများကြောင့် ဒေသတည်ငြိမ်မှုကို အထူးဦးစားပေးကိုင်တွယ် ဖြေရှင်းနေရသည့် ဒေသတစ်ခုဖြစ်သလို မူးယစ်ဆေးဝါးများ အမြောက်အမြားကိုလည်း ပိုင်ရှင်မဲ့အဖြစ် မကြာခဏ တွေ့ရှိ ဖမ်းဆီးရမိနေသည့် ဒေသတစ်ခုလည်း ဖြစ်သည်။

သို့ရာတွင် ယခုလို ငွေစက္ကူကျပ်တစ်သောင်းတန် ပမာဏ အများအပြားကို မောင်တော၌ တွေ့ရှိခြင်းသည် ပထမဦးဆုံး အကြိမ်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly