မကွေးတွင် ၃ လကြာလျှပ်စစ်ဖြတ်တောက်ခံရမှုအတွက် ဆန္ဒပြရန် ပြင်ဆင်နေ

မကွေးတွင် ၃ လကြာလျှပ်စစ်ဖြတ်တောက်ခံရမှုအတွက် ဆန္ဒပြရန် ပြင်ဆင်နေ

မကွေး၊ ဇန်နဝါရီ ၅ ။              ။ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် စကြီးကျေးရွာတွင် တိုင်းအစိုးရအဖွဲ့က (၃)လကြာ လျှပ်စစ်မီးဖြတ်တောက်ခဲ့သဖြင့် မီးပြန်မပေးလျှင် မကွေးမြို့အထိ လာရောက်ကာ တိုင်းအစိုးရ သယံဇာတ၊ သဘာဝပတ်ဝန်း ကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်အား စကြီးကျေးရွာပြည်သူများက ဆန္ဒဖော်ထုတ်သွားမည်ဟု ယင်းကျေးရွာမှ ဒေါ်ညိုညိုစန်းက ပြောသည်။

စကြီးကျေးရွာ၏ အနောက်ဘက် ၂မိုင်ကျော်ရှိ ကလုံမှော်ကျေးရွာသို့ လျှပ်စစ်မီးသွယ်တန်းရာတွင် စကြီးကျေးရွာ အတွင်းမှ 11- KV ကြိုးများချိတ်ဆက်သွယ်တန်းတပ်ဆင်ခြင်းအပေါ် မီးလင်းရေးကော်မတီနှင့် ဒေသခံရွာသူ/သားများက ကန့်ကွက်ခဲ့သဖြင့် မီးဖြတ်ခြင်းဖြစ်ကြောင်း ဒေါ်ညိုညိုစန်းက ဆက်ပြောသည်။

“မီးဖြတ်ခံရတယ်၊ တရားစွဲခံရတယ်။ ဘာကြောင့်အဲ့လိုလုပ်တာလဲဆိုတာသိချင်တယ်။ မီးဖြတ်လို့တောင်သူတွေမှာ လုပ်ငန်းခွင်အခက်အခဲတွေ့တယ်။ ကျောင်းသားတွေအတွက်အခက်အခဲဖြစ်တယ်။ ကျွန်မတို့ကို တရားစွဲရင်စွဲပါ။ မီးတော့ မဖြတ်သင့်ဘူး” ဟု ဒေါ်ညိုညိုစန်းက ပြောသည်။

ကလုံမှော်ကျေးရွာသို့ ချိတ်ဆက်သွယ်တန်းမည့်ထရန်စဖော်မာသည် လမ်းဆုံလမ်းကျဉ်းတွင် ရှိနေ၍ ကားများရှောင်ကွင်းရာတွင် မီးတိုင်များအားပွတ်တိုက်မိပြီး လျှပ်စစ်အန္တရာယ်များကျရောက်မည်ကိုစိုးရိမ်သဖြင့်ကန့်ကွက်ရခြင်းဖြစ်ကြောင်း စကြီးကျေးရွာမှ ဦးအောင်ဇော်ဝင်းကပြောသည်။

“လျှပ်စစ်ဥပဒေ၏ အခန်း(၁၂) အပုဒ်(၅၃)မှာ သွယ်တန်းပြီးသား လျှပ်စစ်မီးကြိုးအား မည်သူ တစ်ဦး တစ် ယောက်မှ မီးဖြတ်ပိုင်ခွင့် မရှိဟု တရားဝင် ထုတ်ပြန်ထားပါတယ်။ အခုလို မီးဖြတ်တာ ဝန်ကြီးက ဥပဒေကို ချိုးဖောက်တာလို့ ကျွန်တော်ယူဆပါတယ်၊ မီးပြန်မပေးဘူးဆိုရင် မကြာခင်ရက်ပိုင်းမှာ ကျွန်တော် တို့ရွာ ပြည်သူတွေက မကွေးအထိလာရောက်ပြီး ဆန္ဒပြပါမယ်” ဟု ဦးအောင်ဇော်ဝင်းက ဆိုသည်။

၂၀၁၇/၁၈ဘဏ္ဍာနှစ်အတွက် အောင်လံမြို့နယ် စကြီးကျေးရွာမှ ကလုံမှော်ကျေးရွာနှင့် ကာမလေးကျေးရွာ များသို့ လျှပ်စစ်ဓာတ်အားသွယ်တန်းနိုင်ရန်အတွက် တာဝန်ရှိသူများက လုပ်ကိုင်ရာတွင် စကြီးကျေးရွာနေဒေါ်ညိုညိုစန်းနှင့်အတူ လူဦးရေ (၅၀)ခန့်က ကန့်ကွက် ဟန့်တားနှောက်ယှက်ကြသဖြင့် တာဝန်ဝတ္တရားနှောက်ယှက်မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း ၂၀၁၈ နိုဝင်ဘာ ၁၄ရက်နေ့က မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲတွင် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးမြင့်ဇော်က ပြောကြားခဲ့သည်။

"တာဝန်ရှိသူတွေက လျှပ်စစ်မီးသွယ်တန်းရေးလုပ်ကိုင်ရာမှာ ဟန့်တားနှောက်ယှက်တာ၊ ရာဇဝတ်မကင်းတဲ့ အနိုင့်ထက်ပြောဆိုခြင်းတွေလုပ်ပြီး အော်ဟစ်ခဲ့တယ်။ အဲ့ဒါကြောင့် ဥပဒေနဲ့အညီထိထိရောက်ရောက်အရေးယူပေးဖို့ အမှုဖွင့်တာပါဟု ဝန်ကြီး ဦးမြင့်ဇော်က ဆိုသည်။

အဆိုပါစကြီးကျေးရွာအား လက်ရှိအချိန်ထိ မီးဖြတ်ထားပြီး မီးသွယ်တန်းရာတွင် ကန့်ကွက်ခဲ့ကြသည့် ဒေါ်ညိုညိုစန်းပါ (၅၀)ဦးကို ဝန်ကြီးဦးမြင့်ဇော်က နိုဝင်ဘာ ၁၀ ရက်နေ့တွင်ပ ၅၃/ ၂၀၁၈။ ပုဒ်မ ၃၅၃/ ၁၁၄ ဖြင့် အောင်လံမြို့နယ် ဓုရင်္ဂဗိုလ်ရဲစခန်းတွင် မှုဖွင့်ထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly