အပူပိုင်းမုန်တိုင်း ပါဘက်ကြောင့် မြိတ်ကျွန်းခရီးစဉ်များ ၄ ရက်ခန့် ရပ်နားထား

အပူပိုင်းမုန်တိုင်း ပါဘက်ကြောင့် မြိတ်ကျွန်းခရီးစဉ်များ ၄ ရက်ခန့် ရပ်နားထား
ဓာတ်ပုံ - တနင်္သာရီကမ်းရိုးတန်းဒေသမြင်ကွင်းအား တွေ့ရစဉ်။ 

မြိတ်၊ ဇန်နဝါရီ ၃ ။         ။ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း (Pabuk) ကြောင့် မြိတ်ကျွန်း အပန်းဖြေခရီးစဉ်များကို ၄ ရက်ခန့် ပြေးဆွဲခြင်းမပြုရန် ရေကြောင်းဦးစီးဌာနမှ သတိပေးထုတ်ပြန်ထားသည်။

အဆိုပါ အပူပိုင်း မုန်တိုင်းသည်၊ အနောက်မှ အနောက်တောင်ဘက်သို့ ဆက်လက် ရွေ့လျားနေပြီး၊ ကုန်းတွင်းသို့ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့၏ အရှေ့တောင်ဘက်မိုင် (၄၁၀) ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ၍ တနင်္သာရီတိုင်းဒေသကြီး၊ခကော့သောင်းနှင့် မြိတ်မြို့များအနီးမှ ဖြတ်ကျော်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံနှင့် နိုင်ငံတကာ မိုးလေဝသ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းသို့ ပင်လယ်ပြင်၌ မိုးသက်လေပြင်းများ ကျရောက် နိုင်မည် ဖြစ်၍ ရေပြင်/ မြေပြင် လေသည် တစ်နာရီ (၃၅) မိုင်အထိ တိုက်ခတ်နိုင်ပါသဖြင့် မြိတ်-ကျွန်းစုအတွင်း ပြေဆွဲနေသော အမြန်ရေယာဉ်များမှ လွှဲ၍ သစ်သားခွံ ကုန်တင်စက်လှေများ၊ အပျော်စီးသင်္ဘောများနှင့် ကျန် ခရီးသည်တင် ရေယာဉ်များ ပြေးဆွဲခြင်း မပြုကြောင်း ရေကြောင်းပို့ဆောင်ရေး ညွန်ကြားမှူးဦးစီးဌာနမှ ဇန်နဝါရီလ ၃ ရက်နေ့စာဖြင့် ထုတ်ပြန်ထားကြောင်း သိရ သည်။

မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးခင်မောင်ညိုက“မုန်တိုင်း သတိပေးထားလို့ ကျွန်တော်တို့ ကျွန်းအပန်းဖြေ အပျော်စီးသင်္ဘောတွေ ၄ ရက်မှ ၇ ရက်နေ့ အထိ ရပ်နားထားဖို့ ရှိပါတယ်၊ အသင်းအနေလည်း တစ်စီးမှ မထွက်ကြဖို့လည်း ပြောထားပါတယ်၊ တကယ်လို့ သတိပေးထားနေရက်သားနဲ့ ထွက်ရင် ၊ ပြဿနာတစ်ခုခု ဖြစ်လာရင်တော့ ထွက်တဲ့ကုမ္ပဏီကပဲ တာဝန်ယူပေးရမယ်”ဟု ပြောသည်။

၄င်း မုန်တိုင်းကြောင့် ယခုရက်ပိုင်းအတွင်း မြိတ်ကျွန်းစုသို့ အပန်းဖြေသွားရောက်မည့်ဧည့်သည် ခရီးစဉ်များကိုလည်း အများအပြား ဖျက်သိမ်းလိုက်ရကြောင်း မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

ယနေ့  ဇန်နဝါရီလ ၃ ရက်၊ မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းထွာချက်များအရ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီး နိုင်သည်။

ဇန်နဝါရီလ ၄ ရက်မှ ၇ ရက်အတွင်း သတိပေးနှိုးဆော်ချက်အနေဖြင့် မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၆ ပေ မှ ၉ ပေ ခန့် ရှိနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly