ဦးကိုနီအသတ်ခံရမှုတွင် ခံပြသက်သေအဖြစ် စစ်ဆေးမည့် ရဲမှူးကြီး ဝင်းမင်းသိန်းအား နှစ်ပတ်ခွာထပ်ချိန်း

ဦးကိုနီအသတ်ခံရမှုတွင် ခံပြသက်သေအဖြစ် စစ်ဆေးမည့် ရဲမှူးကြီး ဝင်းမင်းသိန်းအား နှစ်ပတ်ခွာထပ်ချိန်း
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဇန်နဝါရီလ ၃ ။             ။ ရန်ကုန်လေဆိပ်တွင်လုပ်ကြံခံခဲ့ရသည့် တရားလွှတ်တော်ရှေ့နေ ဦးကိုနီအမှုတွင် တရားခံပြသက်သေအဖြစ် စစ်ဆေးမည့် ရဲမှူးကြီးဝင်းမင်းသိန်းအား ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၊ အထူးခုံရုံးမှ နှစ်ပတ်ခွာ ထပ်မံချိန်း ဆိုလိုက်သည်။

ဦးကိုနီအသတ်ခံရမှုဖြစ်ပွားစဉ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရဲမှူးကြီး ဝင်းမင်းသိန်းကို စွပ်စွဲခံရသူ အောင်ဝင်းဇော်ဘက်မှ တရားခံပြသက်သေအဖြစ် ထွက်ဆိုပေးရန် လာမည့် ဇန်နဝါရီလ ၁ဝ ရက်နှင့် ၁၁ ရက်ရုံးချိန်းတွင် လာရောက်ရန် အထူးခုံရုံးမှ ကြိုတင်ချိန်းဆိုထားခဲ့ခြင်းဖြစ်သည်။

သို့သော် နိုင်ငံတော်ဘက်မှ အမှုလိုက်ပါဆောင်ရွက်သည့် ဥပဒေအရာရှိ ဦးအောင်နိုင်ဦးက အဆိုပါ ရုံးချိန်းတွင် နေပြည်တော်သို့ ရာထူးတိုးဖြေဆိုရန် သွားရောက်မည်ဖြစ်သဖြင့် ရဲမှူးကြီးဝင်းမင်းသိန်းကို စစ်ဆေးရန် ချိန်းဆို ထားသည့်ရက်အား ထပ်မံရွှေ့ဆိုင်းပေးရန် တင်ပြခဲ့သည့်အတွက် အထူးခုံရုံးမှ ဇန်နဝါရီလ ၁ဝ ရက်နှင့် ၁၁ ရက် ရုံးချိန်းနေ့များအစား ဇန်နဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်နေ့ရုံးချိန်းများသို့ နှစ်ပတ်ခွာ ပြန်လည် ချိန်းဆို လိုက်ခြင်းဖြစ်သည်။

“ နိုင်ငံတော်ဘက်မှ လိုက်ပါဆောင်ရွက်တဲ့ အမှုလိုက် ဥပဒေအရာရှိ ဦးအောင်နိုင်ဦးက ရုံးရှေ့မှာတင်ပြတဲ့ အတွက် ရဲမှူးကြီးဝင်းမင်းသိန်းကို မူလချိန်းဆိုထားတဲ့ ၁ဝ ရက်နဲ့ ၁၁ ရက်တွေအစား၊ ၁၇ ရက်နဲ့ ၁၈ ရက်နေ့ တွေကို အထူးခုံရုံးကနေပြီးတော့ ပြန်လည်ချိန်းဆိုသတ်မှတ်ခဲ့ပါတယ်”ဟု ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှ သတင်းပြန်ကြားရေးအရာရှိ၊ ဒုတိယခရိုင်တရားသူကြီး ဦးရဲလွင်က ပြောသည်။

ရဲမှူးကြီးဝင်းမင်းသိန်းအား တရားခံပြသက်သေအဖြစ် စစ်ဆေးရန်အတွက်  ယခင်ရုံးချိန်းများက  ချိန်းဆိုမှုများပြု လုပ်ခဲ့သော်လည်း ရဲမှူးကြီးဝင်းမင်းသိန်းက ၎င်းအနေဖြင့် တာဝန်များဖြင့် မအားလပ်သည့်အတွက် ရုံးကင်း လွတ်ခွင့်ပြုရန် တင်ပြခဲ့သဖြင့် အထူးခုံရုံးမှ  ရုံးကင်းလွတ်ခွင့်ကို ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ အထိခွင့်ပြု ပေးခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလ ၃ ရက်နေ့ ရုံးချိန်းတွင်လည်း ရဲမှူးကြီးဝင်းမင်းသိန်းအနေဖြင့် လွပ်လပ်ရေးနေ့အတွက် လုံခြုံရေးပြင် ဆင်မှုများပြုလုပ်နေသည့်အတွက်ကြောင့် ၎င်းအား ရုံးကင်းလွတ်ခွင့်ပြုထားခြင်းဖြစ်ပြီး တရားရုံးသို့ မလာ ရောက်ဟု ပြောဆိုထားမှုမရှိကြောင်း ကြည်လင်းဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဦးကျော်ကျော်ထိုက်က ပြီးခဲ့သည့် ရုံးချိန်းက ပြောဆိုထားမှုရှိသည်။

 ဦးကိုနီလုပ်ကြံခံခဲ့ရသည့်နေ့က ရရှိခဲ့သည့် CCTV ကင်မရာမှတ်တမ်းတွင် ကြည်လင်းနှင့်အောင်ဝင်းဇော် တို့နှစ်ဦးကို  ရန်ကုန်လေဆိပ်၏ Terminal 1 တွင် ကျောချင်းကပ်စကားပြောနေသည့် အနေအထားဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 သို့သော် အဆိုပါအချက်အား  အောင်ဝင်းဇော်က “ ကျွန်တော်ကြည်လင်းနဲ့ လုံးဝမတွေ့ခဲ့ပါ။  စကားလည်း မပြောခဲ့ပါ”ဟု တရားခွင်အတွင်း ငြင်းဆိုမှုများရှိခဲ့ပြီး အဆိုပါနေ့တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိနေခြင်းမှာ သားဖြစ်သူ၏ အလုပ်ကိစ္စအတွက် လေဆိပ်တွင် တာဝန်ထမ်းဆောင်နေသော ရဲမှူးကြီး ဝင်းမင်းသိန်းနှင့် သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲခံရသူ အောင်ဝင်းဇော်က တရားခွင်အတွင်း ထွက်ဆိုမှုများရှိခဲ့သည်။

ယင်းအမှုနှင့် ပတ်သက်ပြီး လက်ရှိတွင် စစ်ဆေးရန်အတွက် ဇေယျာဖြိုးဘက်မှ စစ်ဆေးရန် တရားခံပြသက်သေ ၈ ဦး၊ အောင်ဝင်းဇော်ဘက်မှ စစ်ဆေးရန် တရားခံပြသက်သေ ရဲမှူးကြီး ဝင်းမင်းသိန်း၊ စုစုပေါင်း တရားခံပြ သက်သေ ၉ ဦးသာ ကျန်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly