တနင်္သာရီမြို့ တကူတိုက်နယ်တွင် အသက်မွေးဝမ်းကျောင်း အတတ်ပညာများ အခမဲ့ သင်ကြားပေးမည်

တနင်္သာရီမြို့ တကူတိုက်နယ်တွင် အသက်မွေးဝမ်းကျောင်း အတတ်ပညာများ အခမဲ့ သင်ကြားပေးမည်

မြိတ်၊ ဇန်နဝါရီလ ၃ ။           ။  မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်တွင် ယခုလအတွင်း အသက်မွေးဝမ်းကျောင်း အတတ်ပညာ ဘာသာရပ် ၄ မျိုးကို လူထုရှင်းသန့်အသင်းမှ အခမဲ့သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 တကူတိုက်နယ်တွင် ဇန်နဝါရီလ ၁၃ ရက်နေ့၌ အခမဲ့သင်ကြားပေးမည့် အသက်မွေးဝမ်းကျောင်း ပညာရပ် သင်တန်းအမှတ်စဉ် (၈)ကို ပို့ချမည်ဖြစ်ပြီး အင်္ဂလိပ်စာသင်တန်း၊ ကျွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်း နှင့် မြန်မာ့သိုင်း သင်တန်းတို့ကို အချိန်ကာလ ၂ လနီးပါး သင်ကြားပေးသွားမည်ဟု ယင်းအသင်း၏ ပြန်ကြားရေး တာဝန်ခံ ဦးကျော်လွင်ထံမှ သိရ သည်။

 “လက်ရှိတော့ ကျွန်တော်တို့ သင်တန်းသား၊သူတွေ စခေါ်နေပါပြီ။ ဒီပညာရပ်တွေကို စိတ်ဝင်စားတဲ့ လူငယ်တွေ မည်သူမဆို လာရောက် လျှောက်ထား နိုင်ပါတယ်။ နယ်ဝေးမှ ရွေးချယ်ခံရတဲ့ သင်တန်းသား/ သူတွေကိုတော့ နေရေး၊ စားရေးနှင့် အဆောင်ကိုပါ စီစဉ်ပေးသွားမှာ ဖြစ်တယ်”ဟု လူထုရှင်းသန့်အသင်း၏ ပြန်ကြားရေးတာဝန်ခံ ဦးကျော်လွင်က ပြောကြားသည်။

 အဆိုပါ သင်တန်းကို (အ.မ.က) အင်းရှည်ကုန်း တကူတိုက်နယ်အုပ်စုတွင် သင်တန်းသား သင်တန်းသူ အယောက် ၁၀၀ နီးပါးဖြင့် ခေါ်ယူ သင်ကြား ပေးသွားမည် ဖြစ်သည်။

 သင်တန်းသို့ တက်ရောက် သင်ကြားမည့် သင်တန်းသား၊ သင်တန်းသူများကို သင်တန်း  ၄မျိုး အတွက် သင်ထောက်ကူပစ္စည်းများအသင့် ထုတ်ပေးမည်ဖြစ်ကာ မည့်သည် အခကြေးငွေကိုမှကောက်ခံမည် မဟုတ်ကြောင်း၊ သင်တန်းအား စုံစမ်းလိုပါက ဝ၉-၂၅၀၈၃၇၃၇၂ နှင့် ဝ၉- ၇၆၈၆၅၈၇၂၇ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly