အန္တာတိကတိုက်မှာ ၂၀၁၉ နှစ်သစ်ကို ကြိုဆိုခဲ့ကြတဲ့ အမျိုးသမီးသိပ္ပံပညာရှင်များ

အန္တာတိကတိုက်မှာ ၂၀၁၉ နှစ်သစ်ကို ကြိုဆိုခဲ့ကြတဲ့ အမျိုးသမီးသိပ္ပံပညာရှင်များ

ဇန်နဝါရီ ၂ ။              ။ ကမ္ဘာတစ်ဝန်းက အမျိုးသမီး သိပ္ပံပညာရှင် ၈၀ ဦးဟာ အန္တာတိကတိုက်ကို ယမန်နေ့ (ဇန်နဝါရီလ ၁ ရက်နေ့)မှာ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

မတူညီတဲ့ လူမျိုးစုပေါင်း ၃၅ မျိုးက ဆင်းသက်လာတဲ့  အဆိုပါ အမျိုးသမီး သိပ္ပံပညာရှင် ၈၀ ဦးဟာ အာဂျင်တီးနားနိုင်ငံ၊ အူရှာရီရာမြို့ကနေ အန္တာတိကတိုက်ကို ခရီးထွက်လာခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါခရီးစဉ်ဟာ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကဏ္ဍမှာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို မြင့်တင်ဖို့ ရည်ရွယ်ကြောင်း၊ သြစတြေးလျအခြေစိုက် Homeward Bound ပရိုဂရမ်ရဲ့ တတိယအကြိမ်မြောက် လေ့လာရေးခရီးစဉ်ဖြစ်ကြောင်း၊ စပိန်ကုမ္ပဏီ Acciona က ကူညီပံ့ပိုးပေးထားကြောင်း သိရှိရပါတယ်။

ကမ္ဘာကြီးရဲ့ အနာဂတ် ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ရာမှာ ဗဟုသုတ၊ အတွေ့အကြုံအများကြီးရှိတဲ့၊ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားတဲ့ အမျိုးသမီး သိပ္ပံပညာရှင်တွေကို သေချာစိစစ်ရွေးချယ်ခဲ့ပြီးမှ ယခုလို ခရီးစဉ်ကို လိုက်ပါခွင့်ပြုခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

“ကျွန်မတို့အမျိုးသမီးတွေက နောက်လိုက်ဖြစ်လာတာကြာခဲ့ပြီ။ ကိုယ့်အရည်အချင်းကို ပြသခွင့်မရှိခဲ့ဘူး။ အခုချိန်က ကျွန်မတို့ဘာတွေလုပ်နိုင်လဲဆိုတာကို ပြသရမယ့်အချိန်ပဲ။”လို့ ဗင်နီဇွဲလားလူမျိုး၊ ဓာတုသိပ္ပံပညာရှင်ဖြစ်တဲ့ ရာလီမေ ဂျီမနေကပြောပါတယ်။

မြောက်ဝင်ရိုးစွန်းဒေသအကြောင်းကို လေ့လာနေတာ ဆယ်နှစ်ရှိခဲ့ပြီ။ အန္တာတိကတိုက်ကိုလည်း ရောက်ချင်နေခဲ့တာ။ ခုလိုမျိုး အမျိုးသမီးထုအတွက် လုပ်ဆောင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။လို့ ပင်လယ်ရဲ့ သဘာဝဖြစ်စဉ်တွေကို လေ့လာသူ သိပ္ပံပညာရှင်အဖြစ် နာဆာမှာ အလုပ်လုပ်လာခဲ့တဲ့ ကိုစတာရီကာအမျိုးသမီး မယ်လန်နီယာ ကူရာကပြောပါတယ်။

အဆိုပါ အမျိုးသမီး သိပ္ပံပညာရှင် ၈၀ ဦးဟာ အန္တာတိကတိုက်မှာရှိတဲ့ နေရာ ၁၀ နေရာကို သွားရောက်လေ့လာကြည့်ရှုမှာဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကို အဓိကဖြစ်စေတဲ့ နေရာကို လေ့လာဆန်းစစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly