ဒုရဲမှူးဟောင်းမိုးရန်နိုင် လွတ်မြောက်မည့်ရက်အား တွက်ချက်မှုမှားယွင်းဟု ထောင်မှူးတောင်းပန်

ဒုရဲမှူးဟောင်းမိုးရန်နိုင် လွတ်မြောက်မည့်ရက်အား တွက်ချက်မှုမှားယွင်းဟု ထောင်မှူးတောင်းပန်
Photo-EPA

ရန်ကုန်၊ ဒီဇင်ဘာလ ၂ ။             ။ ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် ထောင်ဒဏ်တစ်နှစ်ချမှတ်ခံထားရသည့် ဒုရဲမှူးဟောင်းမိုးရန်နိုင် လွတ်မြောက် မည့်ရက်အား တွက်ချက်မှုမှားသွားသည့်အတွက် အင်းစိန်ဗဟိုအကျဉ်းထောင်မှ ထောင်မှူးက တောင်းပန် စကားဆိုကြောင်း ဒုရဲမှူးဟောင်းမိုးရန်နိုင်၏ ညီဖြစ်သူ ကိုရဲဝင့်နိုင်က ပြောသည်။

ဒုရဲမှူးဟောင်း မိုးရန်နိုင်အား ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြန်လည်လွှတ်ပေးမည်ဟု အင်းစိန်ဗဟိုအကျဉ်း ထောင်မှ တာဝန်ရှိသူများကပြောဆိုထားသည့်အတွက် မိသားစုဝင်များက စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့ နယ်မှ လာရောက်ကာ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ယနေ့နံနက်တွင် လာရောက်စောင့်ဆိုင်းခဲ့ကြခြင်း ဖြစ်သည်။

“ ကျွန်တော်အစ်ကိုက တရားဝင် မေးတယ်ပေါ့နော်။ သူ ဘယ်နေ့ လွတ်မလဲဆိုတော့။ ထောင်ပိုင်က လက်ထောက်ထောင်မှူးကိုမေးတော့ သူကနေ ၂ ရက်နေ့မှာဆိုရင် ကိုမိုးနိုင် ပြည့်မယ်ပေါ့။ အဲ့ဒါနဲ့ ထောင်ပိုင်က တရားဝင်ပဲ၊ ဟုတ်ပြီ ကိုမိုးနိုင် ခင်ဗျား ၂ ရက်နေ့လွတ်မယ်ဆိုပြီး ပြောတယ်လို့၊ ကျွန်တော်အစ်ကိုက ကျွန်တော်တို့ကို တဆင့်ပြန်ပြောပြတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ကလည်း ၂ ရက်နေ့ကိုပဲသိထားတာပေါ့။ ဒီရောက်တော့ ထောင်မှူးပေါ့၊ ကျွန်တော်တို့အခုတွေ့ခဲ့တာ ထောင်မှူးပေါ့။ တောင်းပန်တယ်ပေါ့နော်။ သူတို့ စာရင်းဇယား အတွက်ချက်မှားသွားလို့ပါလို့။ အဲ့ဒီလိုပဲပြောသွားတယ်”ဟု အင်းစိန်ဗဟိုအကျဉ်းထောင်တွင် လာရောက် စောင့်ဆိုင်းခဲ့သည့် ကိုရဲဝင့်နိုင်က ပြောသည်။

ထိုသို့ ဒုရဲမှူးဟောင်း မိုးရန်နိုင် လွတ်မြောက်မည့်ရက်နှင့် ပတ်သက်ပြီး ဇန်နဝါရီလနှင့် ဖော်ဖေဝါရီလအား အောက်ခြေဝန်ထမ်းများမှ လွဲမှားခဲ့ခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီလတွင် လွတ်ရက်ပြည့်မည်ဖြစ်ကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင်မှ ထောင်မှူးက ပြောသည်။

“ အမှန်တော့ တစ်လပိုင်းနဲ့ နှစ်လပိုင်းကိုလွဲတာပေါ့ဗျ။ အောက်က ကလေးတွေက တစ်လပိုင်းနဲ့ နှစ်လပိုင်းကို လွဲမှားပြောလိုက်တာ။ ကျန်တာတော့ ကျွန်တော်တို့က သူ့ဥပဒေစည်းကမ်းအတိုင်းပဲလေ။ ကျွန်တော်တို့က ဒီလိုပါ ပြန်တော့ စစ်ရတာပေါ့ဗျ။ လွတ်ခါနီးရင်တော့ ကျွန်တော်တို့က လျှော့ရက်တွေဘာတွေ၊ ပြန်အသေး စိတ် စစ်တာပေါ့။ လျှော့ရက်ကတော့ လစဉ်ခံစားတာရှိတယ်။ ၃ လတစ်ကြိမ်ခံစားတာလည်းရှိပါတယ်”ဟု ထောင်မှူး ဦးဇော်ဇော်က ပြောသည်။

ဒုရဲမှူးဟောင်း မိုးရန်နိုင်သည် ရိုက်တာသတင်းထောက်နှစ်ဦးနှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်ပြီး အင်တာဗျူးဖြေပေးခဲ့ခြင်းကြောင့် ၂ဝ၁၇ ဒီဇင်ဘာလ၊ ၁၂ ရက်တွင် ဖမ်းဆီးခံခဲ့ရပြီး ယင်းနောက် ရာထူးမှ ထုတ်ပယ်ခံရကာ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မ- ၁၆(ခ) ၂၂ ဖြင့် ၂ဝ၁၈ ခုနှစ်၊ ဧပြီလတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုတွင်လည်း ဦးမိုးရန်နိုင်က တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့ရာ တွင် သတင်းထောက်နှစ်ဦးအား ထောင်ချောက်ဆင်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည့်အကြောင်း၊ ထောက်ချောက်ဆင် ဖမ်းဆီးမှုအား ရဲမှူးချုပ်တင်ကိုကိုက ဦးစီးကွပ်ကဲခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ချထွက်ဆိုခဲ့သူဖြစ်သည်။

ထို့ကြောင့် ဒုရဲမှူးဟောင်း မိုးရန်နိုင်အား နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ပေးသည့် ဦးဝင်းတင် ဖောင်ဒေးရှင်းမှ ဂုဏ်ပြုခဲ့သည့်အပြင် Pen Myanmar မှလည်း ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဦးမိုးရန်နိုင်အား လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာ ကာကွယ်ကျင့်သုံးသူဆုကို ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly