ဒေသအချို့ ကွက်ကျားမိုးရွာသွန်းမည်

ဒေသအချို့ ကွက်ကျားမိုးရွာသွန်းမည်

ရန်ကုန် ၊ ဇန်နဝါရီ ၁ ။            ။ တိုင်းဒေသနှင့် ပြည်နယ်အချို့တွင် နေရာကွက်ကျားမိုး ရွာသွန်းနိုင်မည်ဖြစ်ပြီး ရွာရန် ရာခိုင်နှုန်း ၈၀ အထိ ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇန်နဝါရီ ၁ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေရာစိပ်စိပ် နှင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပြီး နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း နှင့် တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာမည်ဟု ၎င်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် ရှမ်းပြည်နယ်အတွင်း၌ နောက် နှစ်ရက်တာကာလအတွင်း မိုးဆက်လက်ရွာသွန်းနိုင်မည်ဟုလည်း ဖော်ပြပါရှိသည်။

တောင်တရုတ် ပင်လယ်ပြင်အတွင်း ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းငယ်သည် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့(Ho Chi Minh)၏ အရှေ့တောင်ဘက် (၃၂၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး၊ ယင်းမုန်တိုင်းသည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားလျက်ရှိနေသည်။

ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိနေပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly