မန်းရွှေစက်တော် ဘုရားပွဲကာလ ဘုရားဖူးယာဉ်များ ပိတ်ဆို့မှုမဖြစ်စေရန် စီစဉ်

မန်းရွှေစက်တော် ဘုရားပွဲကာလ ဘုရားဖူးယာဉ်များ ပိတ်ဆို့မှုမဖြစ်စေရန် စီစဉ်

မင်းဘူး၊ ဒီဇင်ဘာ ၃၁ ။         ။ မကြာမီ ကျင်းပတော့မည် ဖြစ်သည့် မင်းဘူး/စကုမြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်အတွင်း လာရောက်မည့် ဘုရားဖူးမော်တော်ယာဉ်များ ပိတ်ဆို့မှု မရှိစေရေး စီစဉ် ဆောင်ရွက်လျက်ရှိသည်ဟု ပွဲတော် ကျင်းပရေး ဦးစီးကော်မတီမှ သိရသည်။

နှစ်စဉ် ယာဉ်ပိတ်ဆို့မှုကြောင့် ဘုရားဖူးများ စိတ်အနှောင့်အယှက်ဖြစ်ရမှုကို ဖြေရှင်းရန် ယခုလာမည့် ပွဲတော်အတွင်း တစ်လမ်းမောင်းစနစ်ကို သတ်မှတ်၍ လျော့ချရန် မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပရေး ဦးစီးကော်မတီက စီစဉ်လာခြင်း ဖြစ်သည်။

“ဘုရာဖူးပြည်သူတွေ အချိန်ကြန့်ကြာမှုတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြရပါတယ်။ လာမယ့် ပွဲတော် ကာလမှာ ဘုရားဖူးပြည်သူတွေနဲ့ဘုရားဖူးယာဉ်တွေ ယာဉ်ပိတ်ဆို့မှု မဖြစ်ရအောင် တစ်လမ်းမောင်းစနစ် သတ်မှတ်ဖို့ ဆောင်ရွက်နေပါတယ်”ဟု မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပရေး ဦးစီး ကော်မတီ ဥက္ကဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးက ပြောသည်။

ထိုစီစဉ်မှုအရ မန်းရွှေစက်တော်ဘုရားသို့ ဘုရားဖူးလာသည့် ယာဉ်များ ပုသိမ်-မုံရွာလမ်းမမှ ဘုရားသို့သွားသည့် (၃) မိုင်လမ်းအား အဝင်ထားရှိပြီး ဘုရားဖူးအပြန် ငဖဲမြို့နယ်မှ ပြန်ထွက်ရမည်ဟု သိရသည်။

ပြီးခဲ့သော ပွဲတော်ရာသီက ယာဉ်ရပ်နားကွင်းကို လေလံစနစ်ဖြင့် ပြုလုပ်ခဲ့သဖြင့် လေလံအောင်သူက မောင်းတုံး ဂိတ်များ ထားရှိပြီး ငွေကြေးကောက်ခံခဲ့၍ ဝေဖန်ခံရမှုများလည်း ရှိခဲ့ရာ ယခုနှစ်တွင် ယာဉ်ပိတ်ဆို့မှု ပြဿနာအပါအဝင် ထို လေလံကိစ္စကိုပါ ဖျက်သိမ်းလိုက်သည်ဟု ပွဲတော်ကျင်းပရေးကော်မတီက ဆိုသည်။

“ခုလို တစ်လမ်းမောင်းစနစ် လုပ်လိုက်တော့ ဘုရားဖူးဧည့်သည်ကားတွေအတွက် ကောင်းပါတယ်။ လမ်းပိတ်ဆို့မှု မဖြစ်တော့ဘူးပေါ့။ ငဖဲဘက်က ပတ်ပြန်ရတဲ့အတွက် မန်းသောင်ပြင်မှာ စျေးရောင်းချဖို့ နေရာမရတဲ့ စျေးသည်တွေ ဒေသခံတွေအတွက် စျေးရောင်းချရတဲ့ နေရာတွေရလာနိင်တဲ့အတွက် အားလုံးအတွက် အကောင်းဆုံးဖြစ်တာပေါ့။” ဟု ပွဲတော်ကာလ နှစ်စဉ်စျေးရောင်းချသူများထဲမှ တစ်ဦးဖြစ်သော မန်းသောင်ပြင်စျေးသည် ကိုမျိုးက မဇ္စျိမသို့ ပြောသည်။

မန်းစက်တော်ရာ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်အား နှစ်စဉ် တပို့တွဲ လဆန်း (၅) ရက်နေ့မှ နှစ်ဆန်းနှစ်ရက်နေ့ထိ ကျင်းပနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly