မကွေးတွင် ရေနံပီပါများကို ခွင့်ပြုသည်ထက် ရာဂဏန်းနီးပါးပိုမိုတင်ဆောင်နေ၍ စစ်ဆေးအရေးယူမည်

မကွေးတွင် ရေနံပီပါများကို ခွင့်ပြုသည်ထက် ရာဂဏန်းနီးပါးပိုမိုတင်ဆောင်နေ၍ စစ်ဆေးအရေးယူမည်

မကွေး၊ ဒီဇင်ဘာ ၃၀ ။     ။ မကွေးတိုင်းဒေသကြီးအတွင်းမှ တိုင်းကျော်သယ်ဆောင်ခွင့်ပြုထားသည့် ရေနံပီပါတင်ကားများတွင် သတ်မှတ်အရေအတွက်ထက် ပိုတင်ဆောင်​မှုများ ရှိနေသောကြောင့် စစ်ဆေးအရေးယူမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်  ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

“ ရေနံလက်ယက်တွင်းတွေက ထွက်ရှိတဲ့ ရေနံတွေကို မျှောစာနဲ့ အခွန်ကောက်ခံပြီး တိုင်းကျော်သယ်ဆောင်ခွင့်ပြုထားတဲ့ ရေနံပီပါတင်ကားတွေမှာ သတ်မှတ်အရေအတွက်ထက် ပိုတင်ဆောင်​မှုများ ရှိနေတယ်ဆိုပြီး တိုင်ကြားထားတာတွေ ရှိနေပါတယ်" ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

ရေနံပီပါတင်ကားတစ်စီးအတွက် ပီပါအလုံး ၁၅၅ လုံးသယ်ဆောင်ခွင့်ပြုပါက စစ်ဆေးကြည့်သည့်အခါ ပီပါ ၂၂၀ လုံးအထိ ဖြစ်နေကြောင်း မကွေးတိုင်း ဝန်ကြီးချုပ်က ဆိုသည်။

" ရေနံပီပါတင်ကားတစ်စီးအတွက် ပီပါအလုံး ၁၅၅ လုံး ခွင့်ပြုလိုက်တယ်၊တိုင်လို့စစ်ဆေးတော့ ပီပါ ၂၂ဝ အလုံးဖြစ်နေတယ်။ကားတစ်စီးကို ပီပါ ၅ လုံး၊ ၁၀ လုံး ပိုတင်တာ ခွင့်ပြုထားတာ။  အခုက ကားတစ်စီးကို ပီပါ အလုံး ၅၀၊ ၁၀၀ အထိ ပိုတင်နေတာတွေ ရှိတယ်။  နေ့စဉ်နဲ့အမျှ  နိုင်ငံတော်အခွန်အတုပ်မှာဆယ်ဂဏန်း၊ရာဂဏန်း နစ်နာနေတာတွေ ရှိပါတယ်။နောက်ပိုင်း ဒါမျိုးတွေ မလုပ်နိုင်အောင် ကန့်သတ်မှုတွေ၊   စစ်ဆေးအရေးယူမှုတွေ ဆောင်ရွက်သွားမှာပါ" ဟု ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

တိုင်းဒေသကြီးအစိုးရအနေဖြင့် ၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှစ၍ မျှောစာဖြင့် ရေနံစိမ်းတိုင်းကျော်သယ်ယူခွင့်ကို ယခင်တစ်ပီပါ ကျပ် ၃ဝဝဝ မှ ကျပ် ၅ဝဝဝ ၊ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလမှစ၍ ရေနံလုပ်ကွက်သက်တမ်းတိုးပါက တစ်ဧကမြေငှားခကို ယခင် ကျပ် ၃ဝဝဝ မှ ကျပ် ၃ဝဝဝဝဝ သို့ အခွန်နှုန်းထားတိုးမြှင့်ခြင်းများ လုပ်ဆောင်ခဲ့သည်။

လက်ရှိတွင် ပခုက္ကူမြို့နယ်အတွင်း အသေးစားရေနံချက်စက်ရုံဇုန်ဖော်ဆောင်ရန် ဗဟိုအစိုးရထံ တင်ပြထားရှိကြောင်း သိရသည်။

 ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ယခုနှစ်အထိ အစိုးရသက်တမ်း (၂နှစ်ခွဲ)အတွင်း မကွေးတိုင်းဒေသကြီး ရေနံလက်ယက်တွင်းများမှ အခွန်ငွေစုစုပေါင်း ကျပ်ငွေသန်းပေါင်း(၈၀၀၀)ကျော် ရရှိခဲ့ပြီဖြစ်ကြောင်း တိုင်းအစိုးရထံမှ သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly