အင်္ဂါဂြိုဟ်ပေါ်တွင် ရေတွေ့ သက်ရှိများ ရှိနိုင်သည့် အလားအလာရှိဟု နာဆာပြောကြား

အင်္ဂါဂြိုဟ်ပေါ်တွင် ရေတွေ့ သက်ရှိများ ရှိနိုင်သည့် အလားအလာရှိဟု နာဆာပြောကြား

ဝါရှင်တန်၊ စက်တင်ဘာ-၂၉ ။     ။ အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်တွင် ဆားငန်ရေများ ပုံမှန်စီးဆင်းလျှက်ရှိသည်ကို တွေ့ရှိခဲ့ကြောင်း နာဆာ၏ အင်္ဂါဂြိုဟ် ထောက်လှမ်းရေးဂြိုဟ်တုမှ   လေ့လာချက်များကို အသုံးပြုနေသည့် သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

သို့ရာတွင် ထိုရေအရင်းမြစ်မှာ ငန်လွန်းသောကြောင့် ကျွန်ုပ်တို့သထားသလို အသက်ဓာတ်ဖြစ်ထွန်းနိုင်ရန်အတွက် ခက်ခဲကြမ်းတမ်းလွန်းသည်ဟုလည်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

Nature Geoscience ဂျာနယ်တွင် ပုံနှိပ်ဖော်ပြလာသည့် ဤတွေ့ရှိချက်က အိမ်နီးချင်းဂြိုဟ်နီကြီးပေါ်တွင် ၎င်း၏ စိုစွတ်သောအတိတ်တုန်းကနည်းတူ ယခုခြောက်သွ့သည့် ပစ္စုပ္ပန်တွင်လည်း အသက်ဓာတ်ဖြစ်ထွန်းနေနိုင်မှုအလားအလာကို ပိုမိုမြင့်မားလာစေခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

''မျက်မှောက်ခေတ်မှာတောင် အင်္ဂါဂြိုဟ်ပေါ်မှာ အသက်ဓာတ်ရှိနေနိုင်တဲ့ အထောက်အထားပဲ''ဟု ဝါရှင်တန်ရှိ နာဆာ၏ သိပ္ပံမစ်ရှင်ညွှန်ကြားရေးမှူးရုံးမှ တွဲဖက်အုပ်ချုပ်ရေးမှူး ဂျွန် ဂရန်းစဖက်က   ပြောကြားခဲ့သည်။  

သို့ရာတွင် သုတေသီများမှာ ရေကို တိုက်ရိုက် ထောက်လှမ်းတွေ့ရှိခဲ့သည်မဟုတ်ပဲ၊ အရည်ရေရှိကြောင်း မငြင်းကွယ်နိုင်သည့် အထောက်အထားပုံစံတစ်ခုဖြင့် အတိုးအလျော့ဖြစ်နေသည့် အနက်ကြားများတွင် ရေဓာတ်ပါဝင်သော ဆားများကိုသာ တွေ့ရှိခဲ့ကြခြင်းပင် ဖြစ်သည်။

''ကျနော်တို့ရဲ့ ဂြိုဟ်မဟုတ်တဲ့ အခြားဂြိုဟ်တစ်ခုအပေါ်မှာ စီးဆင်းနေတဲ့ရေကို တွေ့ရှိရတာ ဒါဟာ ပထမဆုံးအကြိမ်ပါပဲ''ဟု ဂျော်ဂျီယာနည်းပညာသိပ္ပံမှ ဂြိုဟ်သိပ္ပံပညာရှင်နှင့် ပါရဂူဘွဲ့ကျောင်းသားတစ်ဦးဖြစ်သည့် သုတေသနခေါင်းဆောင် လူဂျင်ဒရာ အိုဟာက ပြောကြားခဲ့သည်။

နာဆာ၏ Jet Propulsion Laboratory ရှိ အင်္ဂါဂြိုဟ်ဆင်းယာဉ် Curiosity အတွက် အလုပ်လုပ်နေသူ စီမံကိန်းသိပ္ပံပညာရှင် အက်ရှ်ဝင် ဗာဆာဗာဒါကမူ တွေ့ရှချက်မှာ စိတ်လှုပ်ရှားစရာကောင်းသော်လည်း အံ့သြစရာတော့မဟုတ်ဟု ပြောကြားခဲ့သည်။

''လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက မယုံနိုင်စရာဖြစ်ခဲ့တဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ အရည်ရေရှိတယ်ဆိုတဲ့အချက်ဟာ တဖြည်းဖြည်းနဲ့ ပိုပိုပြီး မျှော်လင့်စရာဖြစ်လာပြီ။ အရင်က စိတ်ကူးယဉ်ခဲ့တာကို ဒီကနေ့သုတေသနအဖွဲ့က တွေ့ရှိပြီဆိုတဲ့ အထောက်အထားပေါ့''ဟု ဗာဆာဗာဒါက ပြောကြားခဲ့သည်။

အင်္ဂါဂြိုဟ်ပေါ်ရှိ လေထုမှာ အေးမြပြီး ပါးလွှာသောကြောင့် မျက်နှာပြင်ပေါ်ရှိရေမှာ အပူချိန်ကိုလိုက်၍ ခဲသွားမည် (သို့မဟုတ်) ချက်ချင်းအငွေ့ပျံသွားမည်ဖြစ်သည်။ သို့ရာတွင် ရေတွင် ဆားဓာတ်ပါဝင်နေပါကမူ အရည်ပုံစံဖြင့် တည်မြဲနေနိုင်မည်ဖြစ်သည်။

၂၀၁၁ခုနှစ်တွင် ရာသီအလိုက် အကြီးအသေးဖြစ်ပေါ်နေသည့် ထူးဆန်းသော အနက်ကြားများကို အင်္ဂါဂြိုဟ် ထောက်လှမ်းရေးဂြိုဟ်တုက တွေ့ရှိခဲ့သည့်အခါတွင် အရည်များ ရှိနေသလားဟု သိပ္ပံပညာရှင်များ မချင့်မရဲဖြစ်ခဲ့ကြသည်။ ထိုအနက်ကြားများမှာ အပူချိန်၏ ပြုပြင်စီရင်မှုကို ခံကြရပုံပေါ်နေပြီး နွေဦးနှင့် နွေရာသီများတွင် ဂြိုဟ်ကြီး ပူနွေးလာသည့်အခါ ဆန့်ထွက်ရှည်လျားလာပြီး   ဆောင်းဦးနှင့် ဆောင်းရာသီတွင်မူ ကျုံ့ဝင်သွားသည်ဟု ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly