အမေရိကန် တပ်နုတ်ကြောင်း ကြေညာပြီးနောက် ဆီးရီးယား တည်ငြိမ်ရေးအတွက် ရုရှက သံတမန်ရေးရာ စတင်အားထုတ်

အမေရိကန် တပ်နုတ်ကြောင်း ကြေညာပြီးနောက် ဆီးရီးယား တည်ငြိမ်ရေးအတွက် ရုရှက သံတမန်ရေးရာ စတင်အားထုတ်
Photo: EPA

မော်စကို၊ ဒီဇင်ဘာ ၂၉ ။      ။ အမေရိကန်က တပ်တွေရုပ်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်ပြီးနောက်မှာ စစ်ပွဲဒဏ်သင့် ဆီးရီးယားနိုင်ငံ တည်ငြိမ်ရေးအတွက် ရုရှနိုင်ငံဟာ သံတမန်ရေးရာ စတင်အားထုတ်မှုကို လုပ်ဆောင်ပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့မှာ ထုတ်ပြန်ပါတယ်။

ဆီးရီးယားနဲ့ အရှေ့အလယ်ပိုင်းက အခြားနိုင်ငံတွေကြား ပြန်လည်ချိတ်ဆက်မှုကို တည်ဆောက်နိုင်ရေးအတွက် ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂျေးလက်ရော့ဗ်နဲ့ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အိုင်မန်းအယ်လ်ဆာဖာဒီတို့ဟာ စတင်တွေ့ဆုံ ဆွေးနွေးကြပါတယ်။

“ဆီးရီးယား တည်ငြိမ်ရေးကို ဦးစားပေးပြီး အရှေ့အလယ်ပိုင်း ဒေသတွင်းက ဖြစ်စဉ်ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးသွားကြဖို့ ဒီကနေ့မှာ ကျွန်တော်တို့ သဘောတူခဲ့ပါပြီ။ ဂျော်ဒန်နိုင်ငံရဲ့ ခုလို ပါဝင်ဆောင်ရွက်မှုအတွက် အထူးပဲ ကျေးဇူးတင်မိပါတယ်။”လို့ ရုရှနိုင်ငံခြားရေးဝန်ကြီး လက်ရော့ဗ်က ပြောပါတယ်။

ပြဿနာဝိုင်းနေတဲ့ ဒေသမှာ ယုံကြည်မှုတည်ဆောက်ရေးဟာ အရေးကြီးကြောင်း၊ ရုရှ-ဂျော်ဒန် ပူးပေါင်းဆောင်ရွက်မှုဟာ အရေးပါတဲ့ လုပ်ဆောင်ချက်တစ်ရပ်ပဲ ဖြစ်ကြောင်း လက်ရော့ဗ်က ပြောပါတယ်။

“ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုဟာ နောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အဓိကကျတဲ့ အစပျိုးပဲ ဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။”လို့ လက်ရော့ဗ်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly