တိုက်ပွဲသတင်းများကို စိစစ်အတည်ပြုခြင်းများ ပြုလုပ်ပြီးမှသာ ဖော်ပြရန် တပ်မတော် ထုတ်ပြန်

တိုက်ပွဲသတင်းများကို စိစစ်အတည်ပြုခြင်းများ ပြုလုပ်ပြီးမှသာ ဖော်ပြရန် တပ်မတော် ထုတ်ပြန်
ရခိုင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေးအတွက် စစ်ဆင်ရေးဆောင်ရွက်နေသည့် တပ်မတော်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ - AFP

ရန်ကုန် ၊ ဒီဇင်ဘာ ၂၈ ။          ။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဖြစ်ပွားနေသည့် တိုက်ပွဲသတင်းများအား ရေးသားရာတွင် တပ်မတော် ထံသို့ သတင်းစိစစ်အတည်ပြုခြင်းများ ပြုလုပ်ပြီးမှသာ ဖော်ပြရန် တပ်မတော်မှ ထုတ်ပြန်ခဲ့သည်။

 “တပ်မတော်သတင်းများအား သက်ဆိုင်ရာလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများနှင့် တိုင်းစစ်ဌာနချုပ်များမှ တိုင်းဦးစီးဗိုလ်မှူးကြီးများထံ သတင်းစိစစ်အတည်ပြုခြင်းများ ပြုလုပ်ပြီးမှသာ ပြည်သူသို့ အမှန်အတိုင်း တင်ပြနိုင်ရေး ဆောင်ရွက်ရန်လိုအပ်သည်” ဟု တပ်မတော်ဘက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 တိုက်ပွဲသတင်းများနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်များ၏ ထုတ်ပြန်ချက်များကို ကိုးကားကာ သတင်းအဖြစ် RFA ၊ The Voice ၊ Marnagar News Journal ၊ The Ladies ၊ မဇ္စျိမ ၊ ဧရာဝတီနှင့် ခေတ်သစ် မီဒီယာ၊VOA ၊ The Fifth Wave News ၊ The Ladies စသော သတင်းဌာနများမှဖော်ပြခဲ့ပြီး ဖော်ပြမှုများ အတွက် တပ်မတော်ဘက်သို့ စိစစ်အတည်ပြုချက် ရယူခြင်း မရှိဘဲ ထပ်ဆင့်ထုတ်ပြန်ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း တိုက်ပွဲသတင်းများနှင့်ပတ်သက်ပြီး တပ်မတော်ဘက်သို့ ဆက်သွယ်မေးမြန်းရန် ထုတ်ပြန် ထားသည့် ဖုန်းနံပါတ်များအား ခေါ်ဆိုပါက ပြန်လည်ဖြေဆိုမှု မရှိခြင်း ၊ တပ်မတော်ဘက်မှ သတင်း ထုတ်ပြန် ချက်သည် အချိန်နှောင့်နှေးခြင်း စသည့် ကိစ္စရပ်များကို သတင်းသမားများ ရင်ဆိုင်နေရကြောင်း သတင်းသမား တို့က ဆိုသည်။

 “တိုက်ပွဲသတင်းတွေရေးသားတဲ့အခါ သတင်းတစ်ခုအတည်ပြုဖို့ သတင်းရင်းမြစ်ဘက်စုံအောင် အတည်ပြုကြ တယ်။ အဲ့လိုအတည်ပြုကြတဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင်လိုအဖွဲ့တွေကို ဆက်သွယ်ရတာ အရမ်း လွယ်ပြီး အဆင်ပြေတယ်။ ရှင်းရှင်းပြောရရင် ဖြေတယ်။ ဘောလီဘောတွေပုတ်သလို ဟိုဖုန်းပေးလိုက် ဒီဖုန်း ပေးလိုက်မလုပ်ဘူး။ တပ်မတော်ဘက်ကို သတင်းမေးရတာ ဘယ်လိုမျိုးရှိလဲဆိုတာ တိုက်ပွဲသတင်း ရေးနေတဲ့ သတင်းထောက်တွေကိုစစ်တမ်းလိုက်ကောက်ကြည့်ပေါ့” ဟု မော်ကွန်းသတင်းဌာနမှ သတင်းထောက် ကောင်းထက်စံက ဆိုသည်။

 တပ်မတော်ဘက်မှ သတိပေးစာနှင့် ပတ်သက်ပြီး တပ်မတော် ပြည်သူဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး မှ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း (0939101512) အား မဇ္စျိမမှ ဒီဇင်ဘာ ၂၈ရက် နေ့လယ် ၁နာရီမှ ၁နာရီ ၃ဝမိနစ် အထိ ငါးကြိမ်တိုင်တိုင် ဖုန်းဆက်မေးမြန်းရန် ကြိုးစား ဆက်သွယ်ခဲ့ရာ ဖုန်းအဝင်ရှိသော်လည်း ဖုန်းကိုင်ခဲ့ခြင်း မရှိခဲ့ပေ။

 “အဓိက ပြသနာက တပ်ဘက်က သတင်းထုတ်ပြန်ပေးမှုအားနည်းတာပါ။ သူတို ့ညွှန်ကြားထားတဲ့နေရာတွေ က သတင်းအတွက် ဘယ်တော့မှ အလွယ်တကူဆက်လို့ မရဘူး” ဟု တိုင်းရင်းသားဒေသများတွင် နေထိုင်ပြီး သတင်းရယူနေသည့် နယ်ခံသတင်းထောက်တစ်ဦးကဆိုသည်။

 တပ်မတော်အနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ စာပေးပို့အကြောင်း ကြားထားပြီး ကောင်စီဘက်မှ သတင်းထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်သွားမည်ဟုလည်း သတင်းမီဒီယာ ကောင်စီမှတွဲဖက်အတွင်းရေးမှူး(၁) ဦးမြင့်ကျော်က မဇ္စျိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။

 “သတင်းသမားတွေဘက်ကလည်း နောက်ဆိုရင် အတည်ပြုမေးမြန်းဖို့ မေးလို့မရဘူးဆိုရင်လည်း ဘယ်လိုမျိုး မေးမြန်းတယ် ဆိုတာ ထည့်ရေးဖို့ လိုမယ်။ တပ်ဘက်ကလည်း ဒီလိုမျိုး အခြေအနေတွေမှာ သတင်းရယူဖို့နဲ့ အတည်ပြုဖြေကြားဖို့အရေးကြီးတယ်ဆိုတာကို သူတို့ကို တိုက်တွန်းတယ်ဆိုတဲ့အချက်မျိုးတွေကို ကောင်စီမှာ ဆွေးနွေးထားတယ်” ဟု ဦးမြင့်ကျော်ကဆိုသည်။

 တပ်မတော်ဘက်မှ သတိပေးချက်တွင်  တိုက်ပွဲသတင်းဖြစ်စဉ်များအား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ က သတင်းထုတ်ပြန်မှုများကို အခြေခံပြီး သတင်းရေးသားဖော်ပြနေမှုများသည် မှားယွင်းမှုများရှိနေကြောင်း ယင်းသို့ ရေးသားမှုများကြောင့် တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေသည့်အပြင် ငြိမ်းချမ်းရေး ဆောင်ရွက်နေမှုကို ပျက်ပြားစေကြောင်း တပ်မတော်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly