တစ်နိုင်ငံလုံးအပစ်ရပ်ကြောင်း တပ်မတော်ကြေညာမှ စစ်ရေးလှုပ်ရှားမှု ရပ်မည်ဟု မြောက်ပိုင်းအဖွဲ့ထုတ်ပြန်

တစ်နိုင်ငံလုံးအပစ်ရပ်ကြောင်း တပ်မတော်ကြေညာမှ စစ်ရေးလှုပ်ရှားမှု ရပ်မည်ဟု မြောက်ပိုင်းအဖွဲ့ထုတ်ပြန်

ရန်ကုန် ၊ ဒီဇင်ဘာ ၂၈ ။             ။ တပ်မတော်မှ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်းကြေညာပြီး ရခိုင်ဒေသအတွင်း၌ ရက္ခိုင့်အဖွဲ့ (AA) အား တိုက်ခိုက်နေမှုများကို ရပ်ဆိုင်းမှသာ မိမိတို့၏ စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းသွားမည်ဟု မြောက်ပိုင်း မဟာမိတ် အဖွဲ့များက ဒီဇင်ဘာ ၂၇ ရက်နေ့ ညတွင် ထုတ်ပြန်ကြေညာခဲ့သည်။

တပ်မတော်ဘက်မှ ထုတ်ပြန်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ကြေညာချက်နှင့် ပတ်သက်ပြီး ကချင်အဖွဲ့ KIO ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ (PSLF/TNLA , MNTJP/MNDAA , ULA/AA ) မှ ထိပ်သီးခေါင်းဆောင်များသည် ဒီဇင်ဘာ ၂၇ ရက်နေ့က အစည်းအဝေး ကျင်းပပြီးနောက် မြောက်ပိုင်းအဖွဲ့ဘက်မှ ယခုလို ကြေညာခဲ့ခြင်းလည်းဖြစ်သည်။

တပ်မတော်ဘက်မှ လေးလကျော်ကြာ စစ်ဆင်ရေး ရပ်ဆိုင်းပေးမည်ဟု ဒီဇင်ဘာ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည့် ကြေညာချက်တွင် လက်ရှိတိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) မပါဝင်ဘဲ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ (မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေ) များသာ ပါဝင်သည်။

လက်ရှိအခြေအနေတွင် ရခိုင်ပြည်နယ်အတွင်း၌ ဘူးသီးတောင် ၊ ကျောက်တော် နှင့် ပုဏ္ဏားကျွန်းမြို့နယ် အနီးတဝိုက်တွင် တပ်မတော်နှင့် ရက္ခိုင့်အဖွဲ့ (AA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ ပတ်သက်ပြီး ARSA အဖွဲ့များရှိနေခြင်းကြောင့် ရပ်စဲရန် မဖြစ်နိုင်ကြောင်း တပ်မတော်ဘက်က ပြောဆိုထားသည်။ ယင်းအချက်နှင့် ပတ်သက်ပြီး တပ်မတော်နှင့် ရက္ခိုင့်အဖွဲ့(AA) အကြား ညှိနှိုင်းရန် လိုအပ်မည်ဟု တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး ဆိုသည်။

 “ARSA အဖွဲ့ဆိုတာထက် ကျွန်တော်အနေနဲ့ ယူဆတာက AA အဖွဲ့ဟာ ပလက်ဝသာမကဘဲ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်အထိ စစ်ရေးလှုပ်ရှားလာတာကို တပ်မတော်ဘက်က စစ်ဆင်ရေး ရပ်လိုက်ရင် အသိအမှတ် ပြုပေးရာ ရောက်မယ်ဆိုတာမျိုးကို တပ်မတော်ဘက်က လွယ်လင့်တကူလက်ခံဖို့ ခဲယဉ်းပါလိမ့်မယ်။ ဒါမျိုးက ဆွေးနွေးပွဲပြီး ဆွေးနွေးပြီး အဖြေရှာရမယ်လို့ ထင်ပါတယ်” ၄င်းကဆိုသည်။

ဒီဇင်ဘာ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် တပ်မတော်ဘက်မှ ကြေညာချက်သည် တွေ့ဆုံဆွေးနွေးရေး၏ လမ်းစ ဖြစ်သည်ဟုလည်း မြောက်ပိုင်းမဟာမိတ် အဖွဲ့များဘက်က ဆိုသည်။ တပ်မတော်ဘက်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးရာတွင် တစ်ဖွဲ့ချင်းစီ တွေ့ဆုံမည်ဟု ထုတ်ပြန်ထားသော်လည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့များဘက်ကမူ အဖွဲ့များ စုပေါင်းတွေ့ဆုံဆွေးနွေးသွားမည်ဟုသာ ပြောဆိုထားသည်။

အဖွဲ့အစည်းအသီးသီးမှ ယင်းသို့ ကွဲလွဲနေသည့် ကြေညာချက်များသည် ၂၀၀၁ ခုနှစ်မှ စတင်ခဲ့သော ၈ နှစ်ကြာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များထဲတွင် အတင်းမာဆုံး ထွက်ပေါ်လာသည့် ကြေညာချက်များဖြစ်သည်ဟု တိုင်းရင်းသား အရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဆိုသည်။

“အတင်းမာဆုံးအခြေအနေမှာ ထွက်ပေါ်လာတဲ့ကြေညာချက်တွေဖြစ်တာကြောင့်မို့လို့ ဒါကို ညှိနှိုင်း ဆွေးနွေးပြီးတော့ အဖြေရှာတဲ့အခါမှာတော့ ခက်ခက်ခဲခဲ ညှိနှိုင်းဆွေးနွေးကြရမယ်ထင်ပါတယ်” ဟု ၄င်းကဆိုသည်။

ယင်းအပြင် ဆွေးနွေးပွဲများ ပြုလုပ်ရာတွင်လည်း တရုတ်နိုင်ငံအတွင်း၌ ပြုလုပ်သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲတိုင်းတွင် ‘ဝ’ အဖွဲ့ ဦးဆောင်သည့်  ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်များကို အသိသက်သေအဖြစ် ပါဝင်ရန် ဖိတ်ကြားသွားမည်ဟုလည်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly