ဒုရဲမှူးဟောင်း မိုးရန်နိုင်၏ အနာဂတ် သက်မွေးဝမ်းကြောင်း မစဉ်းစားရသေး

ဒုရဲမှူးဟောင်း မိုးရန်နိုင်၏ အနာဂတ် သက်မွေးဝမ်းကြောင်း မစဉ်းစားရသေး

ရန်ကုန် ၊ ဒီဇင်ဘာ ၂၇ ။        ။ ခင်ပွန်းဖြစ်သူ ထောင်မှ လွတ်လာမှသာ ရှေ့ဆက်လုပ်ကိုင်စားသောက်သွားရေးအတွက် အသက်မွေးကြောင်းအလုပ်အကိုင်ကို တိုင်ပင်ဆွေးနွေးရဦးမည် ဖြစ်သည်ဟု ဒုရဲမှူးဟောင်း မိုးရန်နိုင်၏ ဇနီးဖြစ်သူဒေါ်တူးက မဇ္စျိမသို့ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် အတည်ပြုပြောဆိုသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ(ခင်ပွန်းဖြစ်သူ ဒုရဲမှူးဟောင်း မိုးရန်နိုင်ကိုဆိုလို) ပြန်လာမှပဲ တိုင်ပင်ဆွေးနွေးသွားရမှာပဲ။ လောလောဆယ်တော့ ခင်ဦးကိုပဲ ပြန်နေမှာပါ” ဟု ဒေါ်တူးကဆိုသည်။

ဒီဇင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့အင်းစိန်အကျဉ်းထောင်သို့ ခင်ပွန်းဖြစ်သူအား ပုံမှန်ထောင်ဝင်စာလာတွေ့စဉ် ခင်ပွန်းဖြစ်သူ ဒုရဲမှူး မိုးရန်နိုင် မှ ဇန်နဝါရီ ၂ ရက်နေ့တွင် ပြန်လွတ်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟုလည်း ဒေါ်တူးကဆိုသည်။

ရိုက်တာသတင်းထောက်နှစ်ဦး ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ရဲမှူးချုပ်တင်ကိုကိုက ထောင်ချောက်ဆင် ဖမ်းဆီးခိုင်းခဲ့ခြင်းဖြစ်သည်ဟု တရားရုံးမှာ ထွက်ဆိုခဲ့သည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်သည် ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံနေရခြင်းဖြစ်ပြီး ၄င်း၏ မိသားစုဝင်များသည်လည်း ရဲတပ်ဖွဲ့နေအိမ်လိုင်းခန်းမှ ဖယ်ရှားခံခဲ့ရသည်။

ရိုက်တာသတင်းထောက် ၂ ဦးအမှုတွင် ဒုရဲမှူးဟောင်း မိုးရန်နိုင်သည် တရားလိုပြသက်သေအဖြစ် ပါဝင်ခဲ့သူ ဖြစ်သော်လည်း တရားရုံး၌ သူကြုံတွေ့သိရှိခဲ့သည့်အတိုင်း ထွက်ဆိုခဲ့ခြင်းကြောင့် တရားလိုရှေ့နေမှ မယုံကြည်ရသည့် သက်သေအဖြစ် တင်သွင်းခံခဲ့ရသူလည်းဖြစ်ခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက် တွင် ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို ပဲန်မြန်မာအဖွဲ့မှ  လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာ ကာကွယ်သူဆု ရွေးချယ်ချီးမြှင့်ခဲ့သည်။

၎င်းဖမ်းဆီးခံရပြီးနောက် ၂၀၁၈ ခုနှစ် ဧပြီလအတွင်းက မန္တလေးတွင် ပြုလုပ်ခဲဲ့သည် သတင်းစာရှင်းလင်းပွဲတွင်မူ ဒေါ်တူးက ခင်ပွန်းဖြစ်သူ လွတ်မြောက်လာပါက တောင်ယာအလုပ်ကိုသာ လုပ်ကိုင်၍ နေထိုင်တော့မည်ဟု သတင်းမီဒီယာများကို ထိုစဉ်က ဖြေကြားခဲ့ဖူးသည်။

ဒုရဲမှူးဟောင်း မိုးရန်နိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် ဇာတိဖြစ်ပြီး ရဲတပ်ဖွဲ့သို့ မဝင်ရောက်မီက ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့သူလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly