သံမဏိနှင်းဆီဂျာနယ်အယ်ဒီတာ အသတ်ခံရမှု ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်

By ထွန်းထွန်းဝင်း
27 December 2018
သံမဏိနှင်းဆီဂျာနယ်အယ်ဒီတာ အသတ်ခံရမှု ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ။        ။ သံမဏိနှင်းဆီဂျာနယ်အယ်ဒီတာ အသတ်ခံရသည့်အမှုမှ အဓိက ကျူးလွန်သူနှစ်ဦးဖြစ်သည့် အောင်ကိုကိုနှင့် ပြည့်သူနိုင်တို့အား ထောင်ဒဏ်အနှစ် ၂၀ စီ ချမှတ်ခဲ့ပြီး ကျူးလွန်သူ အောင်ကိုကို၏ ဇနီးအား အလုပ်နှင့် ထောင်ဒဏ် ၆လ ချမှတ်ခဲ့သည်။

ယနေ့ ဒီဇင်ဘာလ ၂၇ ရက် က သံမဏိနှင်းဆီဂျာနယ် အယ်ဒီတာ ကိုဝေယံဟိန်း အသတ်ခံရသည့်အမှုနှင့် ပတ်သက်ပြီး တရားစွဲဆိုခံထားရသည့် အောင်ကိုကို အပါဝင် ၃ ဦးကို အပြီးသတ်အမိန့် ချမှတ်ရန် အရှေ့ပိုင်း ခရိုင်တရားရုံး၊ တွဲဖက်ခရိုင်တရားသူကြီးက တရားခွင် ၉ မှာ ရုံးထုတ်ခဲ့သည်။

ကျုးလွန်သူ ကိုအောင်ကိုကိုသည် ရာဇသတ်ကြီးပုဒ်မ ၃၀၂/(၂) နှင့် ထောင်ဒဏ် ၂ဝနှစ် ၊ ကိုပြည့်သူနိုင်အား ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၂)/၁၁၄ ဖြင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရပြီး နှစ်ဦးစလုံး ချုပ်ရက်ခံစားခွင့် ရခဲ့သည်ဟု သိရသည်။ ထို့ပြင် ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ မအယ်နီအား ရာဇသတ်ကြီးပုဒ်မ ၂၀၂ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရပြီး ချုပ်ရက်ခံစားခွင့် မရရှိခဲ့ကြောင်း သိရသည်။

ယခုအမှုတွင် တရားလိုပြသက်သေ ၁၈ ဦး၊ တရားခံပြသက်သေ ၈ ဦးတို့ဖြင့် ၂ နှစ် နီးပါး စစ်ဆေးနေခဲ့ခြင်း ဖြစ်သည်။

အမှုဖြစ်စဉ်မှာပြီးခဲ့သည့်  ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၆ ရက်က ပုဇွန်တောင်မြို့နယ်ရှိ သံမဏိနင်းဆီဂျာနယ် ရုံးခန်း တွင် အပုပ်နံ့ရနေသဖြင့် ပတ်ဝန်းကျင်နေသူတွေက အခန်းပိုင်ရှင်များထံ ဆက်သွယ်အကြောင်းကြားခဲ့သည်။ ယင်းနောက် သွားရောက်စစ်ဆေးရာ ရုံးခန်းအတွင်း ဓားဒဏ်ရာ ၁၅ ချက်ဖြင့် သေဆုံးနေသူ သံမဏိနင်းဆီ ဂျာနယ်တိုက်အယ်ဒီတာ ကိုဝေယံဟိန်း ကိုတွေ့ရှိခဲ့သည်။

ကိုဝေယံဟိန်း သေဆုံးမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ စုံစမ်းရာ သံသယရှိသူ အောင်ကိုကိုဆိုသူကို ဖမ်းဆီးရမိခဲ့ပြီး ဝေယံဟိန်း၏ ဇနီးဖြစ်သူနှင့် လူမှုရေး ဖောက်ပြန်သည်ဟုဆိုကာ လူသတ်မှု ဖြစ်ခဲ့ခြင်းဟု သိရှိရသည်။

အမှုနှင့်ပတ်သက်ပြီး ပုဇွန်တောင်မြို့မရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly