လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်)၏ မူဝါဒ သဘောထား

လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်)၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၂၆ ။       ။ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်) ဗဟိုကော်မတီအဖွဲ့ဝင် ဦးသဲရယ်က  ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၂၆ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ကမ္ဘာနှင့်အဝန်းရှိ နိုင်ငံအသီးသီး၊ လူမျိုးအသီးသီးတို့တွင် ခေတ်သမိုင်းနှင့်ယှဉ်သော ဖြစ်ပျက်ပြောင်းလဲခြင်း နိယာမသဘောတရားကို မလွန်ဆန်နိုင်ဘဲရှိသကဲ့သို့ ခေတ်ရေစီးကြောင်းကိုလိုက်၍ အုပ်ချုပ်မှု စနစ်သည်လည်းအဟောင်းမှအသစ်သို့ ကူးပြောင်းဖြစ်ပေါ်လာရမည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။ ထို့အတူ ကျွန်ုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည်လည်းခေတ်သမိုင်းတွင် မကြုံဘူးသေးသော တိုင်းရင်းသားအချင်းချင်းကြား ထာဝရငြိမ်းချမ်းရေးနှင့် ရင်ကြားစေ့ရေးကို မဖြစ်မနေတည်ဆောက်လျက် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ အရှိန်အဟုန်ဖြင့် ချီတက်လျက်ရှိပါသည်။

ကယားပြည်နယ်သည် ပြည်ထောင်စုကြီးတွင် အစိတ်အပိုင်းတစ်ခုအပါအဝင်ဖြစ်သည်နှင့်အညီ ဤပြောင်းလဲမှုဖြစ်စဉ်တွင် မလွဲမသွေပါဝင်ရမည်သာဖြစ်ပေသည်။ ကယားပြည်နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ငြိမ်းချမ်းစွာ၊ စည်းလုံးညီညွတ်စွာဖြင့် အတူယှဉ်တွဲနေထိုင်ရမည်ဖြစ်သကဲ့သို့ အခြားသော တိုင်းဒေသကြီး/ပြည်နယ်များရှိ တိုင်းရင်းသားများအားလုံးနှင့်လည်း အဓွန့်ရှည် စွာတန်းတူညီတူပေါင်းသင်းဆက်ဆံခြင်းတည်းဟူသော အခြေခံမူအားဖြင့်သာလျှင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံသစ်သို့ အရောက်လှမ်းနိုင်မည်ဖြစ်ပါသည်။ ယင်းသို့ပါဝင်ဆောင်ရွက်နိုင်ရန် အတွက် ပြည်နယ်ကိုယ်စားပြု နိုင်ငံရေးပါတီတစ်ရပ် မဖြစ်မနေထူထောင်ရန် အထူးလိုအပ်လျက်ရှိ ကြောင်း မိမိတို့အနေဖြင့် ယုံကြည်ပါသည်။

လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်)သည် ၁၉၉၀ ခုနှစ်တွင် ကယားပြည်နယ် လူမျိုးပေါင်းစုံဒီမိုကရေစီအဖွဲ့အမည်ဖြင့်လည်းကောင်း၊ ၂၀၁၀ ခုနှစ်တွင် ကယားပြည်နယ် လူမျိုးပေါင်းစုံငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီအမည်ဖြင့်လည်းကောင်း တည်ထောင်ခဲ့ပါသည်။ သို့သော် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုပါ။ ထို့ကြောင့်ကယားပြည်နယ် အတွင်း မှီတင်းနေထိုင်ကြသော လူမျိုး ဘာသာမရွေး၊ ကျား/မ မရွေး၊ လူကြီး လူငယ်များပါမကျန် အားလုံးပါဝင်ခွင့် ရရှိမည်ဖြစ်သော လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ All Nationals' Democracy Party(AND)ကို ထူထောင်ပြီး အနာဂတ်မျိုးဆက်သစ်လူငယ်များ လက်ထဲသို့ လက်ဆင့်ကမ်းပြောင်းပေးနိုင်ရန်ဖြစ်ပါသည်။ သို့ပါ၍ ကယားပြည်နယ်အတွင်းရှိ လူမျိုးပေါင်းစုံ အပါအဝင်ဖြစ်သော ပြည်သူ လူထုတစ်ရပ်

လုံးမှ ပူးပေါင်းပါဝင်မှု၊ အားပေးကူညီမှုနှင့် အပြုသဘောဖြင့် ဝေဖန်အကြံပေးမှုတို့ကိုမျှော်လင့်လျက် ပြည်နယ်လူထု၏ တစ်ခဲနက်ထောက်ခံမှုကိုပါရရှိမည်ဟူ၍ အလေးအနက်ယုံကြည်ပါသည်။ ဤသို့ယုံကြည်မျှော်လင့်သည့်အတွက် ဤတစ်ခုတည်းဖြစ်သော ပြည်နယ်ကိုယ်စားပြုလူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီကို (၂၇-၃-၂၀၁၃) ရက်နေ့ လွိုင်ကော်မြို့တွင်ပြန်လည်ဖွဲ့စည်းရခြင်းဖြစ်ပါသည်။ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီသည် ကယားပြည်နယ် ဒေသခံလူမျိုးစုများအပြင် ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသောလူမျိုးပေါင်းစုံအား ပါဝင်ခွင့်ရှိခြင်းနှင့် အားပေးကူညီခြင်းကို လှိုက်လှဲစွာကြိုဆို လျက်ရှိပါသည်။

 ပြည်နယ်လူထုတစ်ရပ်လုံး၏ စားဝတ်နေမှုချောင်လည်စေရေး၊ ဆင်းရဲမှုလျှော့ချနိုင်ရေး အကြောက်တရားနှင့် အရှက်တရားတို့မှ လွတ်မြောက်နိုင်ရန် ပညာရေး၊ ကျန်းမာရေးကဏ္ဍများမြှင့်တင်ပေးရေး (Socio-economic Barriers) လူမှု/စီးပွားရေးကဏ္ဍ၏ အဓိကအဟန့်အတားသဖွယ် ဖြစ်သော လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကိုဦးတည်ချက်ထားကာ တည်ဆောက်ဖောက်လုပ်ပေးနိုင်ရေး စသည့် အရေးကိစ္စများမှာ ပြည်သူ/သားအများစုအတွက် အရေးတယူကုစားပေးရမည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိကပြဿနာဖြစ်သည်ဟု ခံယူပါသည်။

၎င်းအပြင် ပဓာနကျသည့်နယ်မြေဒေသခြုံမှု၊ ငြိမ်းချမ်းမှုနှင့်တိုင်းရင်းသားများအချင်းချင်း စည်းစည်းလုံးလုံးဖြင့် ရိုင်းပင်းမှု၊ အပြန်အလှန် လေးစားသမှုပြုခြင်းတည်းဟူသော ''တိုင်းရင်းသားညီရင်းအစ်ကို စိတ်ဓာတ်'' (Co-Fraternity Spirt) ကို ထာဝစဉ်ရှင်သန်စေရန် အထူးလိုအပ်ပါသည်။ အဆိုပါ ''တိုင်းရင်းသားညီရင်းအစ်ကိုစိတ်ဓာတ်'' အခိုင်အမာတည်ဆောက်နိုင်ပါမှ ပြည်နယ်ဒေသအပါအဝင် နိုင်ငံနှင့် တစ်ဝန်းဖွံံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ အမြန်မနှေး ရောက်ရှိမည်ဟု ယုံကြည်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကိုရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကိုအခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များအပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တိုကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်၊ မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရန် ဆွေးနွေး ညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံရေးပြဿနာကိုစစ်ရေးဖြင့်ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည့်နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ် ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခအဆုံး သတ်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဦးစွာဆောင်ရွက်ရန်ဖြစ်ပါသည်။

သို့မှသာလျှင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့်ဒီမိုကရေစီအရေးများ ချောမောလွယ်ကူစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အမျိုးသမီးဦးရေ များပြားသဖြင့် အမျိုးသမီးနှင့်ပတ်သက်သော လူ့အခွင့်အရေးများ၊ အကြမ်းဖက်မှု များကာကွယ်စောင့်ရှောက်ကာ နိုင်ငံရေးတွင် အမျိုးသမီးပိုမိုပါဝင်နိုင်ရန်အခွင့်အလမ်းပေးရပါမည်။ ကလေးသူငယ်များ ပြုစု ပျိုးထောင်ရာတွင်အခမဲ့ပညာသင်ကြားခွင့်၊ မိဘမဲ့ကလေးများ၊ ဆင်းရဲနွမ်းပါးသော ကလေးများအတွက် ပညာသင်ကြားနိုင်ရန် စီမံဆောင်ရွက်ရပါမည်။

နိုင်ငံရေးမူဝါဒအခြေခံမူများကို အောက်ပါအတိုင်း ချမှတ်သွားမည်ဖြစ်ပါသည်။

(က) တိုင်းရင်းသားလူမျိုးများအတွင်း တန်းတူရည်တူရှိရေး အခြေခံမူ- လူမျိုးကြီး/ငယ်မဟူ ဥပဒေအရာတွင်တန်းတူရည်တူရှိရမည်။ လူမျိုးအချင်းချင်းအခွင့်ထူးခံ၊ အခွင့်အလမ်းမဲ့သူများဟူ၍ခွဲခြားမှုမရှိစေရ၊ အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီရပိုင်ခွင့်များကို နိုင်ငံသားတိုင်း ရရှိစေရမည်။ လူ့တန်ဖိုး၊ လူ့ဂုဏ်သိက္ခာတို့အရ လူမျိုးအားလုံးတန်းတူရည်တူရှိစေရမည်။ ကယားပြည်နယ်သည် အခြားသော တိုင်းနှင့် ပြည်နယ်များနှင့်အညီ တန်းတူရည်တူရှိစေရမည်။ မည်သူမျှဥပဒေအထက်တွင် မရှိစေရ။

(ခ) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး အခြေခံမူ- လူမျိုးတိုင်း မိမိတို့ကံကြမ္မာကို မိမိတို့ကိုယ်တိုင်ပြဋ္ဌာန်းဆုံးဖြတ်ခွင့်ရှိစေရမည်။ ကယားပြည်နယ်တွင် ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ တို့ကို လူမျိုးစုအသီးသီးတို့၏ ဒေသဓလေ့ထုံးတမ်းများနှင့်အညီ လွတ်လပ်စွာကျင့်သုံးခွင့်ရှိစေရမည်။ ကယားပြည်နယ်သည် ပြည်ထောင်စုကြီးနှင့်အမှီသဟဲပြုနေမည်ဖြစ်ပြီး အပြန်အလှန်အကျိုးပြုမှုကို ထိန်းသိမ်းစောင့်ရှောက်ရမည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံကျကျ ကျင့်သုံးနိုင်ရေးအတွက် ရပ်ကွက်နှင့်ကျေးရွာအုပ်စုအဆင့်ဆင့်တွင် ဒီမိုကရေစီနည်းကျ၊ ဒေသန္တရအုပ်ချုပ်ရေးပုံစံဖော်ဆောင်ရမည်။ ယင်းအတွက် ပြည်သူများကိုယ်တိုင် ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့်ရရှိစေရမည်။

စီးပွားရေးကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လွတ်လပ်သောစီးပွားရေးမူဝါဒများကို အောက်ပါအတိုင်း အကောင်ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

(က) ကုန်ထုတ်စွမ်းအားစုများကို အပြည့်အဝအသုံးချပြီး ပြည်နယ်အတွင်းရှိလူတိုင်း စွမ်းအားရှိသလောက် လွတ်လပ်စွာဆောင်ရွက်စေခြင်းဖြင့် ပြည်နယ်၏ကုန်ထုတ်လုပ်မှုတိုးတက်စေရန်၊

( ခ ) လူတိုင်းကာယ၊ ဉာဏ၊ ဝီရိယ၊ ငွေအရင်းအနှီးများ စွမ်းအားပမာဏအရ အကျိုးခံစားခွင့်ရရှိစေရန်၊

( ဂ ) သယံဇာတပေါကြွယ်ဝသည့် ကယားပြည်နယ်တွင် ကုန်ချော

ထုတ်လုပ်ရောင်းချနိုင်သည့် ဖက်စပ်လုပ်ငန်းနှင့် ပုဂ္ဂလိကပိုင်များအားလုပ်ပိုင်ခွင့်ပေးခြင်းဖြင့် ထုတ်လုပ်မှုကိုတိုးတက်လာစေရန်၊

(ဃ) ကယားပြည်နယ်အတွင်းထွက်ရှိသည့် လျှပ်စစ်စွမ်းအားကိုအပြည့်အဝအသုံးချခွင့်ရရှိစေရန်၊

( င ) စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်းကဏ္ဍကို မြှင့်တင်ပေးခြင်းဖြင့် အလုပ်အကိုင်၊ အခွင့်အလမ်းများရှိစေရန်၊

( စ ) ဖွံ့ဖြိုးတိုးတက်မှုနောက်ကျကျန်ရစ်သည့်ကယားပြည်နယ်အားအခြားသော ပြည်နယ်/တိုင်းများနှင့် ရင်ပေါင်တန်းနိုင်စေရန် ရေ၊ မြေ၊သဘာဝသယံဇာတအခြေခံကောင်းများကို စနစ်တကျအသုံးပြုခြင်းဖြင့်ပြည်သူအများ၏ စားဝတ်နေရေးချောင်လည်စေရန်၊

(ဆ) တစ်နိုင်တစ်ပိုင်စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန်။

ကျယ်ဝန်းနက်နဲများပြားလှသော လူမှုရေးကဏ္ဍတွင် အဓိကအားဖြင့် ပညာရေး၊ ကျန်းမာရေး၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းမျာ အပါအဝင်ဖြစ်ကြ၏၊ ယင်းလူမှုကိစ္စအ၀၀ကို တစ်ခုသော အတိုင်း အတာအထိ ဖြည့်ဆည်းပေးနိုင်ရန်အတွက်  နိုင်ငံရေး၊ စီးပွားရေး၊ အေးချမ်းတည်ငြိမ်မှုစသည့် အဘက်ဘက်မှ ဖွံ့ဖြိုးမှုအခြေအနေကောင်းများ ရရှိရန်လိုအပ်မည်ဖြစ်ပါသည်။ အလုပ်သမား၊ လယ်သမား၊ ဝန်ထမ်းများနှင့် မျိုးဆက်သစ်လူငယ်လူရွယ်၊ ကျောင်းသူ/သားများအပါအဝင် အလွှာအတန်းစားအသီးသီးမှ လူ့အဖွဲ့အစည်းတစ်ရပ်လုံး တိုးတက်ကောင်းမွန်သော လူနေမှုအခြေအနေ များပေါ်ထွန်းစေ ရန် အောက်ဖော်ပြပါအချက်များကို ဆောင်ရွက်သွားပါမည်။

(က) ပညာရေးအဆင့်အတန်းမြင့်မားရေး၊

( ခ ) ကျန်းမာရေးအဆင့်အတန်းမြင့်မားရေး၊

( ဂ ) အားကစားနှင့် ကာယပညာအဆင့်အတန်းမြှင့်တင်ရေး၊

(ဃ) တိုင်းရင်းသားစာပေ၊ အရေးအသားများ ဖော်ထုတ်မြှင့်တင်ပေးရေး၊

( င ) ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ထိန်းသိမ်းစောင့်ရှောက်ရေး၊

( စ ) လူမှုဝန်ထမ်းလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရေး၊

(ဆ) လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရရှိပြီး ဘာသာရေးနှင့်နိုင်ငံရေး ရောထွေးခြင်းမပြုရေး၊

( ဇ ) ကောင်းမွန်သော ကိုယ်ကျင့်တရားများထွန်းကားပြန့်ပွားရေး၊

(ဈ) လူညွန့်တုံးစေသော မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သုံးစွဲမှုများ လျော့နည်းပပျောက်စေရန် ပညာပေးစည်းရုံးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျင့်တရားကောင်းမွန်စေရန် ''ပြည်သူ့နီတိ'' ကို စာသင်ကျောင်းများတွင် ဘာသာရပ်တစ်ခုအနေဖြင့် သင်ကြားပေးနိုင်ရေးများ ဆောင်ရွက်သွားမည်။

ကယားပြည်နယ်ဧရိယာအကျယ်အဝန်း၏ ဆယ်ပုံတစ်ပုံခန့်မှာမြေနိမ့်လွင်ပြင်ဒေသဖြစ်ပြီး သွားရေးလာရေးအတော်အသင့် လွယ်ကူပါသည်။ ကျန်ဆယ်ပုံကိုးပုံခန့်မှာမူ တောတောင်၊ လျှိုမြောင်၊ ချိုင့်ဝှမ်းတို့ဖြင့်လမ်းပန်းဆက်သွယ်ရေး၊ သွားရေးလာရေး အလွန်ပင်ခက်ခဲကြမ်းတမ်းလှပါသည်။ ၎င်းတို့မှာ လူမှုရေး၊ စီးပွားရေးကဏ္ဍအတွက် သဘာဝအဟန့်အတားကြီးသဖွယ် (Natural Sovcio-economic barriers) ဖြစ်နေလျက်ဖွံ့ဖြိုးတိုးတက်မှုကြန့်ကြာနှေးကွေးနေရသည့် အဓိကအကြောင်းအရင်းများတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ သို့ပါ၍ ကျေးလက်တောရွာအနှံ့ လမ်းပန်းဆက်သွယ်ရေး ပြောင်းလဲကောင်းမွန်စေရေးအတွက် ရေတို၊ ရေရှည်စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်သွားမည်ဖြစ်သည်။

ခေတ်ကာလအခြေအနေနှင့်မကိုက်ညီတော့သည်သာမကဘဲ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်မှု၊ သဘာဝပတ်ဝန်းကျင် သစ်တောထိန်းသိမ်းကာကွယ်ရေးနှင့် ဥတုရာသီစက်ဝန်းလည်ပတ်မှု ကိုပြောင်းလဲဖြစ်ပေါ်စေကာလူသားမျိုးနွယ်စုအတွက် အန္တရာယ်ဆိုးကျိုးများ ဖြစ်ပေါ်စေလျက်ရှိသော ''ရွှေ့ပြောင်းတောင်ယာစနစ်''ကို အစားထိုးပြောင်းလဲလုပ်ကိုင်နိုင်စေရန်တောနေလူထုအား တဖြည်းဖြည်းချင်း စည်းရုံးသိမ်းသွင်းသွားမည်။ ၎င်းအစား စီးပွားဖြစ် နှစ်တိုနှစ်ရှည်ပင်များစိုက်ပျိုးခြင်းဖြင့် အစားထိုးစိုက်ပျိုးပေးနိုင်ရန် လိုအပ်နေပါသည်။ ထို့ကြောင့် ဒေသအာဏာပိုင်များနှင့်လည်းကောင်း၊ စိုက်ပျိုးရေးဌာနနှင့်လည်းကောင်း စေ့စပ်ညှိနှိုင်းပေးသွားမည် ဖြစ်ပါသည်။

ပြည်နယ်ကိုယ်စားပြု AND Party သည် အနာဂတ်ကာလတွင်ကယားပြည်နယ်ရှိ အမျိုးသားနိုင်ငံရေးကို ဦးစားပေးလုပ်ဆောင်ပေးမည့်ပြည်နယ်ကိုယ်စားပြုပါတီအဖြစ် ရပ်တည်သွားနိုင်ရန် လိုအပ်ကြောင်း ၊နိုင်ငံရေးအမြင် သိရှိနားလည်သူတိုင်း သဘောပေါက်လက်ခံကြမည်သာဖြစ်ပါသည်။  AND Party သည် ပြည်သူကို လေးစားယုံကြည်လျက်ရှိပါသည်။ ပြည်သူ့အကျိုးကို ဦးထိပ်ထား၍ ပြည်သူ့အရေး ကိစ္စရပ်များကိုပြည်သူတို့နှင့်အတူလက်တွဲ၍ ဆောင်ရွက်သွားပါမည်။

သို့ဖြစ်ပါ၍ ကယားပြည်နယ်အတွင်းရှိ ပြည်သူတစ်ရပ်လုံး၏အားပေးထောက်ခံမှုကိုရရှိမှသာ ကျွန်ုပ်တို့၏ AND Party ကြီးသည် ပြည်သူအတွက်ရှင်သန်ရပ်တည်နိုင် မည်ဖြစ်သောကြောင့် ပြည်နယ် အကျိုး နိုင်ငံတော်၏ အကျိုးကိုရှေးရှုလျက် ကျွနု်ပ်တို့၏ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (All Nationals' Democracy Party)ကို ထောက်ခံအားပေးကြပါရန် လေးစားစွာ ဖြင့်ပန်ကြားအပ်ပါသည်။

''ကယား(ကရင်နီ)ပြည်သူတွေ နိုးထကြစို့''

လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်)

 ၁။  ပါတီအမည်  -  လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်)
 ၂။  ပါတီအမည်(English)  -  All Nationals' Democracy (AND) Party Kayah State
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၆.၅.၂၀၁၃
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၇ ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးဖိုးရယ်၊ ဦးဆော်လမွန်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၁၂.၆.၂၀၁၃
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၂၇.၆.၂၀၁၃
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၁.၈.၂၀၁၃
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၆၄)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌနှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးဖိုးရယ် ၊ ဦးရှေးဖဲ
 ၁၃။  ပါတီနယ်မြေ  -  ကယားပြည်နယ်အတွင်း
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  န/၁၀၁၊သီရိဒေါလမ်း၊ နောင်ယား(က)ရပ်ကွက်၊ လွိုင်ကော်မြို့နယ်၊ ကယားပြည်နယ်။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၈၃-၄၀၂၅၁(ဦးဖိုးရယ်)၊ ၀၉-၄၂၈၀၀၆၆၀၃(ဦးဆော်လမွန်)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload
       PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly