SSPPနှင့် RCSS တို့၏တိုက်ပွဲကြောင့် ၃ရက်အတွင်း စစ်ဘေးရှောင် ၆၀၀ ကျော်လာ

SSPPနှင့် RCSS တို့၏တိုက်ပွဲကြောင့် ၃ရက်အတွင်း စစ်ဘေးရှောင် ၆၀၀ ကျော်လာ

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ။          ။ သီပေါမြို့နယ် နားမတ်ခေါ်ကျေးရွာအုပ်စု တွန်ကြိုင်းကျေးရွာအနီးတွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ၃ရက်အတွင်း စစ်ဘေးရှောင် ၆၀၀ လာပြီဖြစ်ကြောင်း သီပေါမြို့အခြေစိုက်လူမှု့ကူညီရေး အသင်းများထံမှသိရသည်။

 

ဒီဇင်ဘာ ၂၄ ရက်နေ့မှစတင်ကာ တွန်ကြိုင်းကျေးရွာအနီးတိုက်ပွဲများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်ပွဲ များကြောင့် ကျေးရွာများရှိ လူ ၁၆၀ ခန့်သည် ကတုတ်ကျင်းများတွင်ပုန်းခိုပိတ်မိနေခဲ့ပြီး ၂၅ ရက်နေ့တွင် လူ ၆၀ နှင့် ၂၆ ရက်နေ့တွင် ကျန်သော ပိတ်မိနေသူအားလုံးကိုကယ်ထုတ်နိုင်ခဲ့ကြောင်းလည်း သီပေါ နယ်စည်းမခြား ပရဟိတအဖွဲ့မှ သိရသည်။

 

“ အခုတော့အားလုံးထွက်လာကြပြီ။ မနေ့ကတော့ ညနေပိုင်းမှာ အယောက် ၆၀ လောက်ထွက်လာတယ်။ ကျန်ရှိနေသေးတဲ့ သူတွေကတော့ ဒီမနက်ကိုအကုန်ထွက်လာကြတယ်။ အခု နားမတ်ခေါ်ဘုန်းကြီးကျောင်းမှာ လူဦးရေ ၆၀၀ ကျော်လောက်ရှိတယ်ဗျ။ တွန်ကြိုင်းရွာနဲ့ ဟိုနားရွာကပေါ့နော်။  ဒီနေ့ဒီအချိန်ထိတော့ တိုက်ပွဲတွေ ပြန်ငြိမ်နေတာပေါ့” ဟု ဒီဇင်ဘာ ၂၆ ရက်တွင် သီပေါနယ်စည်းမခြားပရဟိတအဖွဲ့မှ ကိုမျိုးက မဇ္စျိမသို့ ပြောသည်။

 

ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်ဖွဲ့မှ အင်အား ၄ဝဝ ခန့်အသုံးပြု၍ သီပေါမြို့နယ် နားမတ်ခေါ်ကျေးရွာအုပ်စု တွန်ကြိုင်းကျေးရွာအနီးတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တပ်ဖွဲ့အား စတင်တိုက်ခိုက်ခဲ့ခြင်းဟု RCSS ဘက်မှထုတ်ပြန်ပြောဆိုထားသည်။

 

သို့သော် SSPP ဘက်မှထုတ်ပြန်ချက်တွင် “  RCSS ဘက်မှစစ်ကြောင်းနှစ်ကြောင်း ခွဲပြီး တုန်ကျိုင်းရွာ အနောက်ဘက် သီပေါမြို့နယ်အတွင်းရှိ SSPP/SSA ယာယီတပ်စခန်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပါသည်” ဟုလည်းရေးသားထားသည်။

 

အဆိုပါကိစ္စနှင့်ပတ်သက်၍ RCSS  ဘက်မှ ဒုတိယဗိုလ်မှူးကြီးစိုင်းဦး က “ ဖြစ်တယ်ဆိုတာတော့ဟုတ်ပါတယ်။ အသေးစိတ်အချက်အလက်တော့ ကျွန်တော်ပြောလို့မရဘူးခင်ဗျ။ အခုတော့တိုက်ပွဲ ငြိမ်သွားပါပြီ” ဟုဆိုသည်။

 

တိုက်ပွဲများသည် ကျေးရွာများအနီးတွင် ဖြစ်နေသောကြောင့် ရွာသားများထိခိုက်မည်စိုးသောကြောင့် ဒီဇင်ဘာ ၂၅ ရက် ညနေပိုင်းတွင် SSPPတပ်များကို ပြန်လည်ဆုတ်ခွာရန် ညွှန်ကြားခဲ့သည်ဟုလည်း SSPP မှပြောဆိုထားသည်။

 

အဆိုပါ တိုက်ပွဲများနှင့်ပက်သက်၍ SSPP ပြောခွင့်ရပုဂ္ဂိုလ် ၂ ဦးထံဖုန်းဖြင့် ဆက်သွယ် မေးမြန်းရန် ကြိုးပမ်း သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။သို့သော် အဆိုပါတိုက်ပွဲများကြောင့် သီပေါမြို့ရှိ နားမတ်ခေါ် ဘုန်းကြီး ကျောင်းတွင် ကျေးရွာများမှ စစ်ဘေးရှောင်လာသူ လူဦးရေ ၆၀၀ ကျော်ရှိလာပြီလည်းဖြစ်သည်။

 

“ တောသူတောင်သားတွေ၊ ရွာသူရွာသားတွေအတွက် ပွင့်လင်းရာသီလည်းရောက်ပြီ သူတို့ စပါးသိမ်း၊ လယ်သိမ်းပေါ့။ အဲ့ဒါလေး တွေလည်းစီးပွားရေးအတွက်လုပ်နေတဲ့အချိန်ဆိုတော့ ရွာရဲ့အနီးအနားပတ်ဝန်း ကျင်မှာ မဖြစ်တာ အကောင်းဆုံးပါပဲပေါ့။ကျွန်တော့် အနေနဲ့မေတ္တာရပ်ခံတာပါ”  ဟု သီပေါနယ်စည်းမခြားပရဟိတအဖွဲ့မှ ကိုမျိုးကဆိုသည်။

 

လူဦးရေများသောကြောင့် လတ်တလောတွင် စားဝတ်နေရေးများအတွက်အခက်အခဲဖြစ်နေကြောင်းလည်း ၄င်းကပြောသည်။

 

ရှမ်းပြည်နယ် မြောက်ပိုင်းနှင့်အလားတူ ရှမ်းပြည်တောင်ပိုင်းမိုင်းပန်မြို့နယ် နားမွန်းကျေးရွာအုပ်စုထဲမှ နောင်ချိုရွာတဝိုက်တွငလည်း RCSS/SSA နှင့် ပအိုင်းအမျိုးသားလွှတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ဒီဇင်ဘာ ၂၅ ရက်နေ့အထိ တိုက်ပွဲတွေဖြစ်ပွားနေကြဆဲဖြစ်ကြောင်းသိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required