မူးယစ်ပြန်လည်ထူထောင်ရေးစခန်းများကို လူကယ်ပြန်ဝန်ကြီးဌာနမှ လွှဲပြောင်းလုပ်ဆောင်မည်

မူးယစ်ပြန်လည်ထူထောင်ရေးစခန်းများကို လူကယ်ပြန်ဝန်ကြီးဌာနမှ လွှဲပြောင်းလုပ်ဆောင်မည်

နေပြည်တော်၊ ဒီဇင်ဘာ၂၆ ။           ။ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မူးယစ်ပြန်လည်ထူထောင်ရေးစခန်းများတွင် ဆေးဖြတ်သူများ ပြန်လည် ထူထောင်ရေးအတွက် ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှု နည်းပါးသည့်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လွှဲပြောင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

“မူးယစ်ဆေးစွဲတဲ့လူတွေကိုလည်း မူးယစ်သံသရာကနေ ပြတ်ဖို့ အရေးကြီးတယ်။ ဒါကြောင့် မူးယစ်နဲ့ ပတ်သတ် တဲ့ ပြန်လည်ထူထောင်ရေးစခန်းတွေကို နဂိုရှိတဲ့စခန်းတွေကိုပြန်ပြီးတော့ ပြုပြင်မွမ်းမံတာရှိသလို အသစ်ပြန်လည်ပြီးတော့ လုပ်တာတွေ ရှိတယ်။ နဂိုရှိတဲ့စခန်းတွေထဲမှာ တကယ်တမ်းဆိုလို့ရှိရင်တော့ မူးယစ် ပြန်ထူစခန်းတွေက ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာ တော်တော်နည်းနေတယ်။ တော်တော့်ကို နည်းနေတယ်။ အဲဒါကြောင့် တစ်ခုချင်း၊ တစ်ခုချင်းကို အခုမှစပြီးတော့၊ အခြေခံကစပြီးတော့ ပြန်လည်ပြီးတော့ ပြုပြင်တာဖြစ်တဲ့အတွက်ကြောင့် ပေါ်လာမှာပါ။ ကျွန်တော်တို့ မကြာခင်မှာ”ဟု ၄င်းက ပြောကြားသည်။

လက်ရှှိတွင် ပြည်ထဲရေးဝန်ကြီးဌာန ၊ မူးယစ်ဗဟိုလက်အောက်ရှိ လူငယ်ပြုစုပျိုးထောင်ရေးစခန်းများ အားလုံးကို လူကယ်ပြန်ဝန်ကြီးဌာနသို့ လွှဲပြောင်းထားပြီး စာရင်းများကို ပြန်လည်စိစစ်နေပြီဖြစ်ကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၆ ရက်တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်သည့် National Workshop on Policy and Development အလုပ်ရုံ ဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဖြတ်သည့်အခါ အမှန်တကယ် မပြတ်သေးသည့်သူများလည်းရှိသည့်အတွက် ပြန်လည်ထူထောင် ချိန်တွင် မူးယစ်သံသရာဘက်သို့ ပြန်မလည်နိုင်အောင် အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူကယ်ပြန်ဝန်ကြီးဌာနမှ သိရသည်။

ထိုသို့လုပ်ဆောင်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် လုံခြုံရေးကိစ္စများကို ဆက်လက် စောင့်ရှောက် သွားမည် ဖြစ်ပြီး၊ လူကယ်ပြန်ဝန်ကြီးဌာနအပါအဝင် စိုက်ပျိုးနှင့်မွေးမြူရေး၊ စီမံဘဏ္ဍာ၊ ပညာရေး အစရှိသည့် ဆက်စပ်သည့်ဝန်ကြီးဌာနများ အားလုံးပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မူးယစ်ဆေးကို နှိမ်နင်းနေတဲ့အတွက် မူးယစ်ဆေးဖြတ်တဲ့လူတွေ အရမ်း များလာမယ်။ တရားဝင် ဖြတ်လို့ရသွားတယ်။ ဖြတ်တဲ့လူတွေလည်း များလာမယ်။ ဖြတ်ပြီးတာနဲ့ ပြန်လည် ထူထောင်ရေးကို ဆက်မယ်။ ဖြတ်တာနဲ့ ပြန်လည်ထူထောင်ရေးနဲ့ တွဲလုပ်မယ်။ တွဲလုပ်မယ်။ အဲ့ပုံစံ”ဟု ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

တရားဝင်ဖြတ်နိုင်သည်ဆိုသော်လည်း ဥပဒေ၏ သတ်မှတ်ချက်တိုင်းသာ သွားမည်ဖြစ်ကြောင်းလည်း ၄င်းက ဆက်လက်ပြောကြားသည်။

“သူ့သတ်မှတ်ချက်ကို ကျော်လွန်သွားရင်တော့ ရောင်းဝယ်ဖောက်ကားမှု တို့ဘာတို့ဆက်စပ်သွားရင်တော့ သူပါမှာပေါ့နော်။ ဥပဒေအရ ခံရမှာပေါ့။ ဒါပေမယ့် တကယ်သုံးတဲ့လူ တကယ်ဖြတ်ချင်တဲ့လူ သုံးဆဲ ကာလလေးမှာ တစ်နေ့စာလောက်ပဲ သူ့လက်ထဲမှာ ရှိတယ်စသည်ဖြင့် သူသုံးဖို့အတွက် မပြတ်သေးခင်မှာ သုံးရတဲ့ ပမာဏလောက်ကို အစိုးရ ခွင့်ပြုထားတာလေးတွေရှိတယ်။ ဒါကတော့ သူ့ဥပဒေအတိုင်းပဲ သွားမှာ။ အဲ့အတိုင်းဆိုလို့ရှိရင် အဖမ်းခံရစရာ မရှိပါဘူး”ဟု ၄င်းက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ငါးဆူတောင်ကျေးရွာတွင် JC Myanmar Ministry မှ ဖွင့်လှစ်ထားသော မူးယစ်ဆေးဖြတ်စခန်းရှိပြီး ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် မူးယစ်ဆေးဖြတ်စခန်း ဖွင့်လှစ်ထားသည်။

ယခင်က ပြည်ထဲရေးဝန်ကြီးဌာန၊ မူးယစ်ဗဟိုဌာနအနေဖြင့် ပဲခူးတိုင်း ၊ ပြည်မြို့ရှိ ရွှေပြည်သာလူငယ်များ ပြုစုပျိုးထောင်ရေးစခန်း၊ မူဆယ်မြို့နယ်၊ တီးမားမြို့ရှိ ရွှေပြည်သစ်စခန်းနှင့် ရှမ်းပြည်နယ် ဖယ်ခုံမြို့ရှိ ကုန်ဆုံကျေးရွာရှိ ရွှေပြည်အေးစခန်းသုံးခုကို တာဝန်ယူဆောင်ရွက်ခဲ့ပြီး လက်ရှှိတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်သို့ လွှဲပြောင်းပေးရန် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly