ဆီးရီးယားအရေး အိုဘားမားနှင့် ပူတင် တွေ့ဆုံဆွေးနွေး အာဆတ်၏ ကံကြမ္မာနှင့် ပတ်သက်၍ သဘောထားကွဲလွဲနေဆဲ

ဆီးရီးယားအရေး အိုဘားမားနှင့် ပူတင် တွေ့ဆုံဆွေးနွေး အာဆတ်၏ ကံကြမ္မာနှင့် ပတ်သက်၍ သဘောထားကွဲလွဲနေဆဲ

ကုလသမဂ္ဂ၊ စက်တင်ဘာ-၂၉ ။           ။ ဆီးရီးယားအကျပ်အတည်းနှင့် ပတ်သက်၍ ရုရှသမ္မတ ဗလာဒီမီယာ ပူတင်နှင့် အမေရိကန်သမ္မတ ဘာရက် အိုဘားမားတို့ စက်တင်ဘာလ ၂၈ ရက်နေ့ ကတွေ့ဆုံဆွေးနွေးခဲ့သော်လည်း ဘာရှား အယ်လ် အာဆတ်၏ အနာဂတ်အခန်းကဏ္ဍအပေါ် အငြင်းပွားမှုုကိုမူ မဖြေရှင်းနိုင်ခဲ့ကြပေ။

ကုလအထွေထွေညီလာခံရှေ့မှောက်၌ မိန့်ခွန်းပြောကြရာတွင် အိုဘားမားက ဆီးရီးယားခေါင်းဆောင်ကို ကလေးသတ်သည့် အာဏာရှင်ဆိုးဟု တံဆိပ်ကပ်နေချိန်တွင် ပူတင်ကမူ အိုင်အက်စ်အုပ်စုကို ဆန့်ကျင်တိုက်ဖျက်ရန်အတွက် ကမ္ဘာကြီးက အာဆတ်ကို ထောက်ခံသင့်သည်ဟု ပြောကြားခဲ့သည်။

ဂျီဟတ်အုပ်စုကို တစည်းတလုံးတည်း တိုက်ထုတ်ကြရန် ရုရှခေါင်းဆောင်က ကုအထွေထွေညီလာခံအဖွဲ့ဝင်နိုင်ငံများကို တိုက်တွင်းခဲ့ပြီး ၎င်းအနေဖြင့် အာဆတ်၏ တပ်ဖွဲ့များကို အရှိန်အဟုန်မြင့်ထောက်ပံ့သွားရန် စီစဉ်ထားကြောင်းနှင့် လေကြောင်းမှ တိုက်ခိုက်ရန်လည်း စဉ်းစားနေကြောင်းလည်း သတိပေး ပြောကြားခဲ့သည်။

အမေရိကန်နှင့် ရုရှသမ္မတနှစ်ဦးတို့မှာ ကုလထွေချုပ် ဘန်ကီမွန်းနှင့် နေ့လည်စာစားပွဲတွင် ခွက်ချင်းတိုက်၊ လက်ဆွဲနှုတ်ဆက်ခဲ့ကြသော်လည်း ၎င်းတို့အသီးသီး၏ ရည်တည်ချက်များ အကြီးအကျယ် ကွဲလွဲနေမှုကိုမူ မဖုံးကွယ်နိုင်ခဲ့ကြပေ။

နောက်ပိုင်းတွင် ပူတင်နှင့် အိုဘားမားတို့ မိနစ်၉၀ခန့် တွေ့ဆုံဆွေးနွေးခဲ့ကြရာ ထိုဆွေးနွေးပွဲများကို ရုရှခေါင်းဆောင်က  အပြုသဘောနှင့် အလုပ်သဘောဆန်သည်ဟု ပြောကြားပြီး အမေရိကန် အကြီးတန်းအရာရှိတစ်ဦးကမူ စီးပွားရေးဆန်သော ရှေ့တိုးနောက်ငင်ဟု ပြောကြားခဲ့သည်။

သို့ရာတွင် အခြေအတင် ဆွေးနွေးဘက်အနေဖြင့် ရုရှ၏ အခန်းကဏ္ဍကို အိုဘားမားက သဘောတူလိုက်သည့်အတွက် ကျေနပ်ဝမ်းမြောက်နေဟန်ရှိသည့် ပူတင်က ''ဘုံပြဿနာတွေကို အတူဖြေရှင်းဖို့ အခြေခံတစ်ခု ရှိနေတယ်''လို့ ကျနော်ထင်တယ်ဟု ပြောကြားခဲ့သည်။

ဆီးရီးယားတွင် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ရလိမ့်မည်ဟု ခေါင်းဆောင်နှစ်ယောက်စလုံးက သဘောတူကြသော်လညါ်း အာဆတ်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍မူ အခြေခံကျကျ ကွဲလွဲနေခဲ့ဲကြသည်ဟု အမေရိကန်အရာရှိက ပြောကြားသည်။

''ကျနော့အထင်တော့ ရုရှက ဆီးရီးုယားမှာ နိုင်ငံရေးအဖြေရှာတဲ့ လုပ်ငန်းစဉ်တစ်ခု ရှိရမယ်ဆိုတာကို နားလည်ပေမယ့်လည်း ဒီလုပ်ငန်းစဉ်ရဲ့ ရလဒ်နဲ့ပတ်သက်ပြီး ကွဲလွဲနေတယ်''ဟု အဆိုပါအရာရှိက ထပ်လောင်းပြောကြားသည်။

ဆယ်စုနှစ်တစ်ခုအတွင်း ကုလသမဂ္ဂတွင် ပြောကြားသည့် ၎င်း၏ ပထမဆုံးမိန့်ခွန်းထဲတွင် ပူတင်က အကြမ်းဖက်သမားတွေကို မျက်နှာချင်းဆိုင် တိုက်ခိုက်နေရတဲ့ ဆီးရီးယားအုပ်စုနဲ့ မပူးပေါင်းဘူးဆိုရင် အမှားကြီးမှားလိမ့်မယ်ဟု သတိပေးခဲ့သည်။

''ကျနော်တို့အားလုံး ရင်ဆိုင်နေရတဲ့ ပြဿနာကို ဖြေရှင်းရမယ်။ ကျယ်ပြန့်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးညွှန့်ပေါင်းအဖွဲ့ကို ဖန်တီးရလိမ့်မယ်''ဟု ပူတင်က ကြေညာလိုက်ပြီး ညွှန့်ပေါင်းဖွဲ့စည်းရေး လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တွင အာဆတ်နှင့် အီရန်ကို ထည့်သွင်းရန်လည်း အဆိုပြုလိုက်သည်။

အိုဘားမားကမူ ဝါရှင်တန်အနေဖြင့် အိုင်အက်စ်ကို ဆန့်ကျင်တိုက်ဖျက်ရန်အတွက် ရုရှ၊ အီရန်တို့နှင့် လက်တွဲရန် အဆင်သင့်ရှိသော်လည်း အာဆတ်ကို အကန့်အသတ်မရှိ အာဏာတွင် ဆက်မြဲနေစေလို သည့်အဓိပ္ပာယ် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

''ဒီပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ဆိုရင် အမေရိကန်ပြည်ထောင်စုဟာ ရုရှနဲ့ အီရန်အပါအဝင် ဘယ်နိုင်ငံနဲ့မဆို အလုပ်လုပ်ဖို့ အဆင်သင့်ပါ''ဟု အိုဘားမားက ပြောကြားခဲ့သည်။

သို့ရာတွင် အာဆတ်မှာ ဂျီဟတ်အစွန်းရောက်ဝါဒကို ဆန့်ကျင်တားဆီးသည်ထက် အပြစ်မဲ့ကလေးငယ်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် ဗုံးကြဲခြင်းကဲ့သို့သော လုပ်ရပ်များဖြင့် ဆီးရီးယားနိုင်ငံ သားများကို လက်နက်ကိုင်အုပ်စုများအဖြစ်သို့ တွန်းပို့ပေးခဲ့ကြောင်း အိုဘားမားက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly