အာဖဂန်နစ္စတန်မှာ အစိုးရဝန်ထမ်းအိမ်ရာဝင်းကို တိုက်ခိုက်လို့ လူပေါင်း ၄၈ ဦး သေဆုံး

အာဖဂန်နစ္စတန်မှာ အစိုးရဝန်ထမ်းအိမ်ရာဝင်းကို တိုက်ခိုက်လို့ လူပေါင်း ၄၈ ဦး သေဆုံး
Photo: EPA

ကဘူးလ်၊ ဒီဇင်ဘာ ၂၆ ။  ။ အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော် ကဘူးလ်မှာ အစိုးရဝန်ထမ်းအိမ်ရာဝင်းကို အင်္ဂါနေ့က တိုက်ခိုက်မှုဖြစ်ခဲ့ပြီး သေဆုံးသူဦးရေ ၄၈ ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

အလုပ်သမားနဲ့ လူမှုရေးရာ ဝန်ကြီးဌာနရဲ့ အိမ်ရာဝင်းတိုက်ခိုက်ခံရတာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒီအိမ်ရာဝင်းကို ပြန်လည်ထိန်းချုပ်နိုင်ပြီး တစ်ခန်းဝင်တစ်ခန်းထွက် စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အမျိုးသမီး ၁၁ ဦး အပါအဝင် သေဆုံးသူ အများစုဟာ အရပ်သားတွေ ဖြစ်ပြီး တိုက်ခိုက်ရေးသမား ငါးဦးလည်း သေဆုံးတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ၀ါဟီဒူလက်ရှ်က ကဘူးလ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တိုက်ခိုက်မှုမှာ ကလေးနှစ်ဦးနဲ့ အမျိုးသမီး ခုနစ်ဦးအပါအဝင် ဒဏ်ရာရသူ ၂၇ ဦး ရှိတယ်လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။

အလုပ်သမားနှင့် လူမှုရေးရာ ဝန်ကြီးဌာနရဲ့ အိမ်ရာဝင်း ဝင်ပေါက်မှာ တနင်္လာနေ့ နေ့လယ်ပိုင်းမှာ အသေခံဗုံးခွဲသမားတစ်ဦးက ကားဗုံးခွဲပြီး အရင်ဆုံး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဝင်ပေါက်မှာ ကားဗုံးခွဲ ရှင်းလင်းလိုက်ပြီးနောက်မှာ လက်နက်ကိုင် လေးဦးက အဆောက်အအုံထဲ ဝင်ရောက်ပြီး ပစ်ခတ်တို်က်ခိုက်တော့တာပါ။

အဆောက်အအုံအတွင်းမှာ တိုက်ခိုက်ရေးသမားတွေက နေရာယူထားပြီး တိုက်ခိုက်ရာ ခုနစ်နာရီကြာမျှ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

“ညအမှောင်နဲ့ လူနေအဆောက်အအုံတွေကြားမှာ နေရာယူထားတဲ့ တိုက်ခိုက်ရေးသမားတွေကြောင့် ချေမှုန်းရေး ကြန့်ကြာရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လူပေါင်း ၃၅၇ ဦးကို ကယ်ထုတ်နိုင်ပါတယ်။”လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူ နာဂျက်ဒန်နစ်က ဆိုပါတယ်။

“ခုထိတော့ ဒီတိုက်ခိုက်မှုနောက်ကွယ်မှာ ဘယ်အဖွဲ့တွေ ရှိတယ်ဆိုတာ မသိရသေးပါဘူး။”လို့ ၎င်းက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly