ကာလာပရင်တာဖြင့် ထုတ်ထားသည့် တစ်သောင်းတန် ငွေအတု ၃၅၅ ရွက်နှင့် လူ ၂ ဦး  ဖမ်းမိ

ကာလာပရင်တာဖြင့် ထုတ်ထားသည့် တစ်သောင်းတန် ငွေအတု ၃၅၅ ရွက်နှင့် လူ ၂ ဦး  ဖမ်းမိ
Photo: MOI

ဒီဇင်ဘာ ၂၅ ။          ။ ကာလာပရင်တာဖြင့် ထုတ်ထားသည့် တစ်သောင်း တန်ငွေစက္ကူအတု (၃၅၅)ရွက် နှင့် လူ ၂ ဦးကို တာမွေမြို့နယ် နှင့် မ/ဥက္ကလာပမြို့နယ်တို့၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကနဦးစစ်ဆေးချက်အရ အောင်မင်းစိုး ဆိုသူက ၎င်းက အလုပ်အကိုင်အတည်တကျမရှိခြင်းကြောင့် ဝင်ငွေမရှိသဖြင့် စားဝတ်နေရေး အဆင်ပြေစေရန် အတွက် ထိုင်းနိုင်ငံ၊ မဲဆောက်သို့ သွားရောက်ကာ ငွေစက္ကူအတုများ ဝယ်ယူလာပြီး မြန်မာနိုင်ငံအတွင်း အသုံးပြုရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲအတွင်း အမျိုးသားတစ်ဦးမှ တစ်သောင်းတန်ငွေစက္ကူအတုများဖြင့် စျေးဝယ်နေကြောင်း သတင်းအရ တာမွေရဲတပ်ဖွဲ့မှ သွားရောက်ရှာဖွေစုံစမ်းခဲ့ရာ ဘုရားပွဲစျေးနှင့် ကျောက်မြောင်းလမ်း၊ RV စားသောက်ဆိုင်အနီးတွင် ညွှန့်လှိုင်(၃၄)နှစ်၊ မင်းသားတောင်ကျေးရွာ၊ ကျောက်တော်မြို့နယ်နေသူအား တွေ့ရှိခဲ့သည်။

၎င်းကိုင်ဆောင်ထားသော Boweisi စာတမ်းပါ အညိုရောင်ပိုက်ဆံအိတ်အတွင်းမှ တစ်သောင်းတန် ငွေစက္ကူအတု (၁၉) ရွက်အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် စစ်မေးရာ ၎င်းသည် လိပ်စာတူနေထိုင် သည့် အောင်မင်းစိုး (၃၂)နှစ်၊ မင်းသားဆိပ်ကျေးရွာ၊ ကျောက်တော်မြို့နယ်နေသူနှင့်အတူ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ငွေစက္ကူအတုအရွက် ၈၀၀ သွားရောက်ဝယ်ယူခဲ့ပြီး မြဝတီမှတစ်ဆင့် ရန်ကုန်သို့ သယ်ဆောင် လာခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းနေထိုင်သည့် အောင်သိဒ္ဓိလမ်းသွယ်(၆)၊ (၁၂) ရပ်ကွက်၊ မ/ဥက္ကလာပ နေအိမ်၌ ငွေစက္ကူအတုများ ကျန်ရှိသေးနေကြောင်း ထပ်မံထွက်ဆိုခဲ့သည်။

၎င်းနေအိမ်သို့ သွားရောက်စစ်ဆေးရာ ၎င်း၏နေအိမ်အိပ်ခန်းအတွင်းမှ တစ်သောင်းတန်ငွေစက္ကူအတု (၃၃၆) ရွက်အား ထပ်မံသိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်းတစ်သောင်းတန်ငွေစက္ကူအတု (၃၅၅)ရွက်အား သိမ်းဆည်းရမိခဲ့ သည်။

ဆက်လက်၍ အောင်မင်းစိုး၏ အိပ်ခန်းအတွင်းသို့ ဝင်ရောက်ရှာဖွေရာ အောင်မင်းစိုး (ဖမ်းမိ)အား ၎င်းအမည်ပါ ရန်ကုန်-မြဝတီကားလက်မှတ် ၁ စောင်၊ ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ် ၁ စောင်နှင့် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးမှ စာရွက် ၁ စောင်တို့အား သိမ်းဆည်းရမိခဲ့သည်။

လက်ရှိတွင် ညွှန့်လှိုင် (ဖမ်းမိ)နှင့် အောင်မင်းစိုး(ဖမ်းမိ)တို့ ၂ ဦအား တာမွေ မြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားရှိကြောင်းနှင့် ကွင်းဆက်တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်သည်။

ယခု လပိုင်းများအတွင်း တစ်သောင်းတန် ငွေစက္ကူအတုဖမ်းဆီးရရှိမှု ဖြစ်စဉ်များ ရှိခဲ့ပြီး ယခု ဖြစ်စဉ်သည် ငွေစက္ကူအတုကို အသုံးပြုရန် ဝယ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly