ဗန်းမောက်မြို့နယ်၊ ဇလုံတောင် ခမိုးယာဉ်ရပ်နားစခန်း နှင့်အပန်းဖြေစခန်း ဖွင့်လှစ်

ဗန်းမောက်မြို့နယ်၊ ဇလုံတောင် ခမိုးယာဉ်ရပ်နားစခန်း နှင့်အပန်းဖြေစခန်း ဖွင့်လှစ်

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၅ ။              ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ဇလုံတောင် ခမိုးယာဉ်ရပ်နားစခန်းနှင့် အပန်းဖြေစခန်းကို ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

ဇလုံတောင်သို့ လာရောက်မည့် ပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည်များ အဆင်ပြေစေရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးစီး၍ ဇလုံတောင် အတက်နေရာတွင် ခမိုးယာဉ်ရပ်နားစခန်းနှင့် အပန်းဖြေခန်းတစ်ခုကို Terrain Group of Company Limited မှ ယခုနှစ် အောက်တိုဘာလမှ စတင်တာဝန်ယူတည်ဆောက်ခဲဲ့ခြင်း ဖြစ်သည်။

ယင်းစခန်းတွင် စားသောက်ဆိုင်ခန်းများ၊ လူနေအိပ်ဆောင်များ၊ ကားရပ်နားကွင်း၊ အမှတ်တရ လက်ဆောင်ပစ္စည်းအရောင်းဆိုင်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“ ဇလုံတောင်ဒေသကို ဖွံဖြိုးတိုးတက်စေဖို့ ကျွန်တော်တို့အစိုးရလက်ထက်မှာ လမ်း၊ တံတား တည်ဆောက်မှု သိန်းပေါင်း တစ်သောင်းကျော် အကုန်ကျခံ တည်ဆောက်ပြီးပါပြီ။ ခရီးသွားလုပ်ငန်း တိုးတက်လာရင် ဒီ အရပ်ဒေသဟာ အမြန်ဆုံးဖွံ့ဖြိုးလာမှာပါ။ ဒီဒေသကို သန့်ရှင်းသာယာအောင်  ဗန်းမောက်စည်ပင် အမှိုက်ပုံးတွေချပြီး သေချာလုပ်ကိုင်ပေးပါ။ ဒေသခံတွေကလည်း တောတောင်ရေမြေကို ထိန်းသိမ်းပေးကြပါ။ တောရိုင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းပေးပါ။ တောရိုင်းတိရစ္ဆာန်ကို ဖမ်းဆီးရောင်းချခြင်း မလုပ်ကြပါနဲ့။ ဒီဂေဟစနစ်တွေ ပျက်စီးလို့ မဖြစ်ပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း စီးပွားရေးလုပ်ငန်းရှင်များ များများရင်းနှီးမြုပ်နှံမှုတွေလုပ်ပြီး ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားကို ပူးပေါင်း ဆောင်ရွက်ကြဖို့ ညွှန်ကြားထားပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ တစ်နှစ်ထက် တစ်နှစ် ပြည်တွင်းပြည်ပ ခရီးသွား များပြားလာပါတယ်။ ဇလုံတောင်ကို ဒုတိယကျိုက်ထီးရိုးဘုရားဖြစ်အောင် လုပ်ဆောင်သွားပါမယ်''ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တိုင်းဒေသကြီးအစိုးရမှ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ ကသာ၊ ကလေး၊ ခန္တီးမြို့နယ်များအား ခရီးသွားဇုန် ၆ ခုအဖြစ် ၂၀၁ရခုနှစ်၊ သြဂုတ်လမှ စတင်ကာ ဖော်ဆောင်ခဲ့ကြောင်းသိရပြီး ဇလုံတောင်သည် ကသာခရီးသွားဇုန်အတွင်း ပါရှိကြောင်းသိရသည်။

"ယာဉ်ရပ်နားစခန်းနှင့်အပန်းဖြေစခန်းကို ပထမအဆင့်အနေနဲ့ ဧက ၂၀ ပေါ်မှာ သတ်မှတ်အချိန်အတွင်း ပြီးစေဖို့အတွက် လုပ်ခဲ့ပါတယ်။ ကျန်ရှိတဲ့အပိုင်းကို ခေတ်မီတဲ့စက်ယန္တယားကြီးတွေ လူအင်အား ၅၅၀ အသုံးပြုပြီး ဆက်လက်ဆောင်ရွက်သွားပါမယ်''ဟု Terrain ကုမ္ပဏီ၏ အကြံပေးဒါရိုက်တာ ဦးအောင်သူရက ပြောသည်။

၂၀၁၇ ခုနှစ်အတွင်းဗန်းမောက်မြို့နယ်၊ ဇလုံတောင်သို့ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည် ၂ သိန်းကျော် လာရောက်လည်ပတ်ကြောင်း၊ ယခုနှစ်တွင် ခရီးသည် ပိုမိုလာရောက်လည်ပတ်မည်ဟု ဝန်ကြီးချုပ် မျှော်လင့် ထားကြောင်း ဝန်ကြီးချုပ် မျှော်လင့်ထားသည်။

ဇလုံတောင်ပေါ်သို့ တက်ရာတွင် ခမိုးယာဉ်ရပ်နားစခန်း နှင့်အပန်းဖြေစခန်းမှ တောင်တက်ကားဖြင့် တစ်နာရီခန့် တက်ရပြီး လူတစ်ဦးလျှင်ကျပ် (အသွားအပြန်) ၆ဝဝဝကျပ် ကုန်ကျကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required