ဒလတံတားစီမံကိန်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လာရောက်ဖွင့်လှစ်ခဲ့ပြီး ၃လ အကြာတွင် စတင်မည်

ဒလတံတားစီမံကိန်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လာရောက်ဖွင့်လှစ်ခဲ့ပြီး ၃လ အကြာတွင် စတင်မည်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ဒီဇင်ဘာ ၂၄၊ ရန်ကုန် ။            ။ တည်ဆောက်ရန် ၅ နှစ်ကျော်ကြာ ကြန့်ကြာခဲ့သည့် ရန်ကုန်-ဒလ တံတား စီမံကိန်းကို ဒီဇင်ဘာ ၂၄ ရက်နေ့ တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပန္နက်တင်အခမ်းအနားလာရောက်ခဲ့ပြီးနောက် ၃ လအကြာတွင် စတင် တည်ဆောက်သွားမည်ဟု သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ဒလတံတားစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ပန္နက်တင်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရှိ စီမံကိန်းဧရိယာတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

 "ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ကိုရီးယားပြည်သူ့သမ္မတနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းကြီး နှစ်ခု ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ညောင်နှစ်ပင်ဒေသမှာ ဆောင်ရွက်မယ့် ကိုရီးယား-မြန်မာ Industry Complex စီမံကိန်းနဲ့ ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတားတို့ဖြစ်ပါတယ်" ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။

အဆိုပါ တံတားသည် ဒလမြို့နယ်နှင့် လမ်းမတော်မြို့နယ်ကို ဆက်သွယ်မည့် ရန်ကုန်မြစ်ကူး ချစ်ကြည်ရေး တံတား ဖြစ်ပြီး စုစုပေါင်းအရှည် ၆၁၄၄ပေ (၁၈၇၂ ဒဿမ ၅ မီတာ)၊ ရေလမ်းကင်းလွတ်အမြင့် ၁၆၀ ပေ (၄၉မီတာ)၊ ယာဉ်တစ်စီးချင်း ခံနိုင်ဝန် ၇၅တန်ရှိ ၄လမ်းသွား ကြိုးဆိုင်းတံတားဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါတံတားသည် ၂၀၁၃ ခုနှစ်ကတည်းက တည်ဆောက်ရန် အဆိုပြုထားသည့်တံတားဖြစ်ပြီး တည်ဆောက်မည့် တံတားတိုင် ၂ တိုင် အကွာအဝေးအပေါ် ညှိနှိုင်းနေ၍ ကြန့်ကြာနေခြင်းဖြစ်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တံတားတိုင် ၂ တိုင် အကွာအဝေးကို သင်္ဘောများ ဝင်ထွက်သွားလာမှု အဆင်ပြေရန်ဟုဆိုကာ ၄၀၀ မီတာအထိ ထားရှိပေးရန်အကြံပြုခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၃၇၀ မီတာထားရှိရန် သဘောတူထားသည်။

ဒလတံတား တည်ဆောက်ရခြင်းမှာ ဒလမြို့နယ်အပါအဝင် ရန်ကုန်အနောက်ဘက်ကမ်းဒေသများ ဖွံ့ဖြိ်ုး တိုးတက်ရေးအတွက် အထောက်အကူပြုရန် ရည်ရွယ်သည်ဟု သိရပြီး တည်ဆောက်ရေးစီမံကိန်း ကာလမှာ ၃ နှစ်ကျော် ကြာမြင့်မည် ဟု သိရသည်။

ရန်ကုန်- ဒလမြစ်ကူးတံတားကို တည်ဆောက်ရန်အတွက် စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ်က အမေရိကန် ဒေါ် လာ ၁၆၈ ဒဿမ ၁၇၃ သန်းဖြစ်ပြီး ကိုရီးယားသမ္မတနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ CDCF ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း၊မြန်မာအစိုးရ၏ ထည့်ဝင်ငွေ ၃ဝ ဒသမ ၃၄၁ သန်း တို့ဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း လမ်းတံတားဦးစီးဌာနမှ သိရသည်။

ဒလတံတား တည်ဆောက်ပြီးစီးခဲ့ပါက ၈၆ ဒသမ ၅ စတုရန်းမိုင်အကျယ်အဝန်းရှိသော ဒလမြို့နယ်ရှိ ခန့်မှန်း လူဦးရေ တစ်သိန်းငါးသောင်းကျော်အတွက် မြို့ပြဖွံ့ဖြိုးမှုအပါအဝင် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်သည်။

တစ်ဆက်တည်းရှိ နေသည့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များအပါအဝင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်များအထိ အပြန်အလှန် ဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဒလမြို့နယ်နေထိုင်သူများက သမ္ဗာန်များဖြင့်သာ နေ့စဉ်အသုံးပြုနေရပြီး မိုးဦးလေဦးကာလများ တွင် သမ္ဗာန်တိမ်းမှောက်မှုအန္တရာယ်များ ရင်ဆိုင်နေကြရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly