မြန်မာအစိုးရကို ကျွန်တော်တို့ အကူညီပေးနိုင်မလား၊ ကျွန်တော်တို့ အရမ်းသိချင်တယ်ဆိုတဲ့ အစ္စရေးသံအမတ်ကြီး နှင့်တွေ့ဆုံမေးမြန်းခြင်း - အပိုင်း( ၂ )

By ကိုမျိုးသန့်(မဇ္စျိမ)
22 December 2018
မြန်မာအစိုးရကို ကျွန်တော်တို့ အကူညီပေးနိုင်မလား၊ ကျွန်တော်တို့ အရမ်းသိချင်တယ်ဆိုတဲ့ အစ္စရေးသံအမတ်ကြီး နှင့်တွေ့ဆုံမေးမြန်းခြင်း - အပိုင်း( ၂ )

မဇ္စျိမရဲ့ Exclusive ကဏ္ဍ၊ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး Mr.Ronen Gilor နှင့် တွေ့ဆုံ မေးမြန်းခြင်း အပိုင်း(၂)မှာတော့ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲအကြောင်း၊ နှစ်နိုင်ငံကုန်သွယ်ရေး၊ လူ့စွမ်းအားမြှင့်တင်ရေးနဲ့နည်းပညာ၊လူ့အခွင့်အရေးနဲ့မီဒီယာအကြောင်း စတာတွေကို မေးမြန်းထား ပါတယ် ။

မေး။ ။ နောက်ထပ်မေးခွန်းတစ်ခုကတော့ သံအမတ်ကြီးလည်း သိမှာပါ၊ ၂၀၁၅အထွေထွေ ရွေးကောက်ပွဲမှာတုန်းက ပြည်သူတွေဟာ NLD အစိုးရကို အရမ်းထောက်ခံခဲ့ကြပါတယ်။ ဒါပေမယ့် အခုချိန်မှာ ပြည်သူတွေဟာ သူတို့မျှော်မှန်းသလို ဖြစ်မလာကြဘူး ဆိုတာကို တွေ့ရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူတွေကိုရော သံအမတ်ကြီး ဘာ Message များ ပေးချင်ပါသလဲဗျာ။

ဖြေ။ ။ ဒါကတော့ဗျာ၊ ဒီမိုကရေစီရဲ့ သဘာဝပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် အမှတ်မမှားဘူးဆိုရင် ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပါတီကြီး နှစ်ခုရှိခဲ့တယ်။ အခုကြားဖြတ်ရွေးကောက်ပွဲမှာ ကျတော့ ကျွန်တော်က ဒီကြားဖြတ်ရွေးကောက်ပွဲတွေအတွက် နိုင်ငံတကာ ကြီးကြပ်သူ တစ်ဦး အဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။ ဒီအခွင့်အရေးကို ယူပြီး၊ ကျွန်တော် ရန်ကုန်မြို့က မဲဆန္ဒရှင်တွေဆီသွားပြီး ဂါရဝပြုခဲ့တယ်။ အခုတော့ နိုင်ငံတော်တဝှမ်းမှာ ပါတီ ၈ ခုကို ကျွန်တော် တွေ့ခဲ့ရတယ်၊ ဒါက ဒီမိုကရေစီ ပါ။ ၂၀၂၀ ရွေးကောက်ပွဲကတော့ အရမ်းကို စိတ်ဝင်စားစရာကောင်းနေပါပြီ။ ဒီမိုကရေစီဆိုတာ လွယ်ကူတဲ့ ကစားပွဲတစ်ခုတော့ မဟုတ်ပါဘူး။ ဒါက အရမ်းခက်ခဲတဲ့ ကစားပွဲဗျ။ ခေါင်းဆောင်တွေ အတွက် ခက်ခဲသလို ပြည်သူတွေအတွက်လည်း ရွေးချယ်ရတာ အင်မတန်ခက်ခဲတယ်။ ၂၀၂၀ ကျရင် ပြည်သူတွေလည်း မဲရုံတွေဆီ သွားကြပါလိမ့်မယ်၊ သူတို့ ဘယ်သူ့ကို မဲပေးရမလဲ ဆုံးဖြတ်ကြလိမ့် မယ်၊ ဒါက ဒီမိုကရေစီပဲ။ အစ္စရေးမှာကျတော့ ပါတီတွေ အများကြီးရှိတော့ ကျွန်တော်တို့ ညွန့်ပေါင်း အဖွဲ့ ဖွဲ့ဖို့လိုတယ်၊ မြန်မာမှာလည်း ညွန့်ပေါင်း အစိုးရတစ်ရပ် လိုကောင်း လိုလာနိုင်ပါတယ်။ ကျွန်တော် သေချာတော့ မသိဘူးနော် ပါတီအားလုံးကို အောင်မြင်စေချင်ပါတယ်။ ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့က ဧည့်သည်တွေပါ။ မြန်မာက အိမ်ရှင်နိုင်ငံလေ ။

မေး။ ။ အစ္စရေးနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ နှစ်နိုင်ငံကြား ကုန်သွယ် ရင်းနှီးမြုပ်နှံမှုကို သိချင်ပါတယ် ခင်ဗျာ။

ဖြေ။ ။ ကျွန်တော်ဝန်ခံချင်တာ တစ်ခုက နှစ်နိုင်ငံကြား သမိုင်းကြောင်းနဲ့ လာတဲ့ နိုင်ငံရေး ဆက်ဆံ ချိတ်ဆက်မှုတွေနဲ့ ကုန်သွယ်မှု ပမာဏကြား နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အချိုးအစားကတော့ ရီစရာ ဖြစ်နေတယ်ဗျ။ ကျွန်တော်တို့ကြား ဆက်ဆံရေးက တအားမြင့်နေပေမယ့် ကုန်သွယ်မှုပမာဏပိုင်းမှာ ကျတော့ တအားနည်းနေတယ်ဗျ။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ကဏ္ဍတစ်ချို့မှာ အာရုံစိုက်သွားဖို့ လိုတယ်။ ကျွန်တော် အရင်က ပြောခဲ့တဲ့ အတိုင်း စိုက်ပျိုးရေး၊ ပညာရေးနဲ့ တီထွင်ဆန်းသစ်မှုကဏ္ဍ တွေပေါ့၊ ကျန်းမာရေးကဏ္ဍနဲ့ ပတ်သက်လို့ ကျွန်တော် ရန်ကုန်အထွေထွေ ဆေးရုံကြီးနဲ့ မျက်စိဆေးရုံ တို့ကို သွားခဲ့တယ်။ အစ္စရေး ဆရာဝန် နှစ်ယောက်ကလည်း ရှိနေတယ်၊ မျက်စိဆရာဝန်တွေဆို ရန်ကုန်မျက်စိ ဆေးရုံကို လာပါတယ်၊ သူတို့ ခွဲစိတ်မှုတွေလုပ်တယ်၊ မျက်စိအတွင်းတိမ် ခွဲစိတ်မှုတွေလုပ်တယ်၊ ရေတိမ်လည်းခွဲတယ်၊ သူတို့ ကောင်းကောင်းလုပ်ခဲ့ကြတယ်။ ခင်ဗျားသိတဲ့အတိုင်း သူတို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်၊ မြန်မာက ဒေါက်တာတွေကို သူတို့ အရမ်းသဘောကျတယ်၊ ပြီးတော့ သူတို့ လူငယ် စာတန်းဖတ်ပွဲ တစ်ခုလည်း လုပ်ခဲ့တယ်။ ဒါက ကုန်သွယ်နေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါက ကုန်သွယ်မှုဖက်ကို သွားနေတာပါ။ ဘာလို့လဲ ဆိုတော့ ခင်ဗျားတို့အနေနဲ့ အစ္စရေး ဆရာဝန်တွေရဲ့ နည်းလမ်းတွေကို သဘောကျပြီဆိုရင် အစ္စရေးနည်းပညာကိုလည်း သဘောကျမှာ ဖြစ်တယ်။ ကျွန်တော်တို့ဆီမှာ ဆေးဘက်ဆိုင်ရာ တပ်ဆင်ပစ္စည်းတွေနဲ့ ပတ်သက်လို့ အဆင့်မြင့် နည်းပညာတွေရှိတယ်၊ ဒါက တဲ့ပြောတာပါ၊ ဒါက ဝေမျှဖလှယ်တာပါ။ နောက်ပြီး ကျွန်တော် အပေါ်မှာ ပြောခဲ့သလိုပဲ တစ်ခြားလုပ်ငန်း ကဏ္ဍတွေလည်း ကျွန်တော်တို့ အာရုံစိုက်ဖို့ လိုတယ်ဗျ။

မေး။ ။ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ သံအမတ်ကြီးတို့ရဲ့ လူ့စွမ်းအားမြင့်တင်ရေး အစီအစဉ်နဲ့ ပတ်သက်လို့ရော အနည်းငယ်လေး ရှင်းပြပေးလို့ ရဦးမလားဗျာ။

ဖြေ။ ။ ခင်ဗျားသဘောတူမယ်ဆိုရင် ကျွန်တော်လူ့အခွင့်အရေးကိစ္စ နောက်တစ်ခုဆီသွားချင်ပါတယ်။ ဥပမာအနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာ အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးဖို့က အရမ်းအရမ်းကို အရေးကြီးပါတယ်။ ကျွန်တော်တို့ဆီမှာ အမျိုးသမီးကျွမ်းကျင် ပညာရှင်တစ်ဦးရှိတယ်။ သူဆိုရင် ရှမ်းပြည်နယ်ကို သွားခဲ့ပါတယ်။ အဲ့ဒီမှာ စိုက်ပျိုးရေး နယ်ပယ်ထဲက အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်ရေးနဲ့ ပတ်သက်လို့ အလုပ်ရုံဆွေးနွေးပွဲတစ်ခု သူလုပ်ခဲ့တယ်။ အစ္စရေးမှာ အခြားကုမ္ပဏီတစ်ခုလည်း ရှိတယ်။ အဲ့ဒီမှာဆိုရင် ဒီလိုမျိုး အထူး Program တစ်ခုရှိပါတယ်။ အဆင့်မြင့်နည်းပညာနဲ့ အရမ်း Lavel မြင့်တဲ့ အရင်းအမြစ်တွေနဲ့ ပတ်သက်လို့ အသိပညာတွေကို စွမ်းအားမြင့်တင်မှုပိုင်းမှာ အသုံးပြုနိုင်အောင် ဆောင်ရွက်တဲ့ Program တစ်ခုပါ။ အခု ကျွန်တော် လူ့အခွင့်အရေးအပိုင်းဘက် ခင်ဗျားနဲ့ ဆွေးနွေးချင်တယ်။ ဒါကတော့ ကိုယ်အင်္ဂါမသန်စွမ်းသူတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်တဲ့ အကြောင်းပါ။ အစ္စရေးမှာဆိုရင် ဒီမသန်စွမ်းသူတွေနဲ့ ပတ်သက်လို့ လုပ်ကိုင်ပေးနေတဲ့ NGO တွေ အများကြီးရှိတယ်။ သူတို့ကိုလည်း ဒီကိုလာစေချင်တယ်။ ဒီကအလေ့အထ သဘောသဘာဝနဲ့ ဒီမှာ ရှိတဲ့ မသန်စွမ်းတွေရဲ့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို သိရှိနားလည်အောင် သူတို့ကို ဒီကိုလာစေချင်တယ်။ ဒီလိုမျိုး မသန်စွမ်းဖြစ်နေရှာသူတွေကို အဆင်ပြေစေဖို့ အတွက် နည်းပညာနဲ့ အသိပညာတွေယူဆောင်ပေးရမှာ ဖြစ်တယ်။ တကယ်လို့များ ခင်ဗျားဟာ နားမကြားသူတစ်ယောက်ဖြစ်တယ်ဆိုရင်၊ ဒါမှမဟုတ် အမြင်အာရုံဆုံးရုံးနေသူ တစ်ယောက် ဖြစ်နေမယ်ဆိုရင်၊ ဒါမှမဟုတ် ဝှီးချဲနဲ့ သွားနေရသူ တစ်ဦး ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ဆီမှာ အဲ့ဒီအဖွဲ့အစည်းတွေရှိတယ်။ သူတို့လည်း ဒီကို လာချင်ကြတယ်။ နောက်ပြီး သဘာဝဘေးဒုက္ခတွေ ကြုံရချိန်မျိုးမှာ ဆိုရင် ဒီမသန်စွမ်းတွေ အသက်ရှင် လွတ်မြောက်ဖို့ တော်တော့်ကို ခက်ခက်ခဲခဲ ကြိုးပမ်းရနိုင်တယ်။ ကျွန်တော်တို့က အစ္စရေးမှာရှိတဲ့ မသန်စွမ်းသူတွေ ရသင့်တဲ့ အခွင့်အရေးနဲ့ နည်းပညာတွေကြား ဆက်သွယ်မှု၊ အထူးသဖြင့် အရေးပေါ် အခြေအနေမျိုး မှာပေါ့။ သူတို့နဲ့အတူ ကျွန်တော်တို့အနေနဲ့ လူ့အသိုက်အဝန်း၊ မြန်မာလူ့အသိုက်အဝန်းရဲ့ ဒီအပိုင်း ကဏ္ဍကို စွမ်းအားမြှင့်တင် ပေးချင်တယ်ဗျ။

မေး။ ။ သံအမတ်ကြီးတို့ နိုင်ငံဟာ နည်းပညာနဲ့ ပတ်သက်ပြီးတော့ အတော်လေးကို စိတ်အား ထက်သန်ပုံ ရပါတယ်။ အဲဒီတော့ ဒီနည်းပညာအကြောင်းလေး ကျွန်တော်တို့ကို နည်းနည်းရှင်းပြပါဦး လားဗျာ။

ဖြေ။ ။ ဒါကဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ အစ္စရေးတို့ရဲ့ အဆင့်မြင့်နည်းပညာတွေရဲ့ ရင်းမြစ် အကြောင်း ကျွန်တော် ခင်ဗျားကို ပြောပြမယ်။ အစ္စရေးဆိုရင် Start-up နိုင်ငံလို့တောင် လူသိများကြ တယ်လေ၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ Start-up နိုင်ငံဖြစ်နေလို့ပဲ၊ ဒါနဲ့ပတ်သက်လို့ အကြောင်းပြချက် တစ်စိတ်တစ်ဒေသကတော့ မဟာဗျူဟာလိုအပ်ချက်တွေ၊ လုံခြုံရေးဆိုင်ရာ လိုအပ်ချက်တွေကြောင့်ပဲ ဖြစ်တယ်။ ဒီစာအုပ်ထဲမှာဆိုရင် Talbiot Project အကြောင်း ရေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်ဆိုတာ ကျွန်တော် ပြလို့ရတယ်ဗျ။ အဲ့ဒီထဲမှာက Hebrew လိုဆိုရင်တော့ အထက်တန်းလွှာတွေပေါ့၊ အဲ့ဒီတော့ လူတွေ သုံးနှစ်ကြာ လူသစ်စုဆောင်းမှုအတွက် စစ်တပ်ကို သွားကြတဲ့အခါ သူတို့စစ်ထဲဝင်မယ်လို့ ကတိခံကြရတယ်၊ စစ်တပ်က သင့်တော်တဲ့ သူတွေကို ရွေးချယ်နိုင်တယ်၊ တကယ် အလွန်တော်တဲ့ လူအများစုကို ရွေးပါတယ်။ ပြီးတော့ သူတို့ကို တက္ကသိုလ်တွေဆီ ပို့ပေးပြီး သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒတွေကို သင်ယူခိုင်းတယ်။ ပြီးတော့ သူတို့ဟာ အစ္စရေး သိပ္ပံကျောင်းသားသစ်တွေ ဖြစ်သွားတယ်၊ စစ်တပ်ပြီးရင်တော့ သူတို့ ပုံမှန်အားဖြင့် နှစ်နှစ်လောက် ဘာမှ မလုပ်ရပါဘူး။ ဒါပေမယ့် စစ်တပ်မှာ ခြောက်နှစ်ကြာ ပြီးပြီဆိုရင်တော့ သူတို့အစိုးရ လုပ်ငန်းဘက်၊ ပုဂ္ဂလိက လုပ်ငန်းဘက်၊ ပညာရပ် သင်ကြားမှုဘက်ကို သွားကြရတယ်။ အစ္စရေးမှာ နောက်ထပ် အချက်တစ်ခုရှိနေတယ်။ အရမ်းကြီးမှားတဲ့ ဆက်နွယ်မှု တစ်ခုရှိနေပါတယ်။ တက္ကသိုလ်တွေနဲ့ ပုဂ္ဂလိက ကဏ္ဍအကြား အရမ်းကြွယ်ဝ အားကောင်းတဲ့ ဆက်နွယ်မှုတစ်ခု ရှိပါတယ်။ အဲ့ဒီမှာပဲ သူတို့တွေက တီထွင်ဆန်းသစ်မှု အဖွဲ့အစည်းတစ်ခုကို ထူထောင်နေကြတယ်။ သူတို့တွေက တက္ကသိုလ်တွေက ဓာတ်ခွဲခန်းတွေထဲက တီထွင်ဆန်းသစ်မှုတွေကို ပုဂ္ဂလိက လုပ်ငန်းဘက်ယူဆောင်သွားချင်ကြပါတယ်။ ပြီးတော့ အကောင်းဆုံး နည်းပညာဖြစ်ဖို့ သူတို့ နည်းမှန်လမ်းမှန်နဲ့ စီစဉ်ကြတယ်။ ဒါနဲ့ ပတ်သက်လို့ ကဏ္ဍအများအပြားမှာ ခင်ဗျား ဥပမာတွေ အများကြီးတွေ့နိုင်တယ်။ ကျန်းမာရေးကဏ္ဍမှာ ဆိုရင်လည်း emerge in solution လိုမျိုး၊ စိုက်ပျိုးရေးကဏ္ဍမှာဆိုရင်လည်း ကျွန်တော်တို့ မျိုးစေ့တွေအကြောင်း ပြောခဲ့ကြတယ်။ ဒီမျိုးစေ့တွေရဲ့ DNA က အရမ်းအရေးကြီးတယ်ဗျ၊ ကွန်ပျူတာကဏ္ဍနဲ့ ပတ်သက်လို့ ပြောရရင်လည်း ရင်းနှီးမြုပ်နှံမှုနဲ့ တီထွင်ဖန်တီးမှု အများကြီး ကျွန်တော်တို့ အစ္စရေးကွန်ပျူတာ လုပ်ငန်းထဲမှာ လုပ်ထားတယ်။ ဘယ်ကဏ္ဍမှာမဆို တီထွင်ဆန်းသစ်မှုတွေ လုပ်နေတာက အခုဆို အလေ့အထတစ်ခုလိုတောင် ကျွန်တော်တို့မှာ ဖြစ်နေပြီ။ အခုကျွန်တော်တို့ အစ္စရေးမှာ တီထွင်ဆန်းသစ်မှုဆိုင်ရာ Start-up နိုင်ငံတစ်ခုရဲ့ အလေ့အထတစ်ခုရှိနေပြီ။ ခင်ဗျားလည်း သိပါလိမ့်မယ်။ အစ္စရေးမှာ Start-up တစ်ခု ဒါမှမဟုတ်၊ တီထွင်ဆန်းသစ်မှုအသစ်တစ်ခု ဖန်တီးဖို့ လူတိုင်းက အများကြီးအလုပ်လုပ်ကြရတယ်။ လူတိုင်းက အများကြီး လုပ်လိုကြတယ်။ ဒီနေရာမှာ ခင်ဗျားတို့ ဒီမြန်မာနိုင်ငံမှာ ရှိတဲ့ အသိဉာဏ်စွမ်းအားတွေနဲ့ ကျွန်တော်တို့ အတူတကွ လက်တွဲပြီး၊ ဒီ တီထွင်ဆန်းသစ်မှု လမ်းကြောင်းကို လျှောက်လှမ်းနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

မေး။ ။   ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့် အပေါ်မှာရော သံအမတ်ကြီး ဘယ်လို ရူမြင်ပါသလဲဗျ။

ဖြေ။ ။ ဒါကလည်းဗျာ၊ ဒီမိုကရေစီနဲ့ ပတ်သက်နေတာပေါ့၊ ဒီမိုကရေစီနိုင်ငံမှာ အရမ်းကောင်းတဲ့ တရားစီရင်ရေး စနစ်တစ်ခုရှိတယ်။ မြန်မာအနေနဲ့လည်း တရားစီရင်ရေးစနစ်ကို အဆင့်မြှင့်တင် လိုတယ်လို့ ကျွန်တော် ယုံကြည်တယ်။ ခင်ဗျားပြောခဲ့သလိုပေါ့။ အဲဒီလို ကိစ္စဖြစ်စဉ်တွေထဲမှာ ဆိုရင် တစ်ခုပေါ့။ ရိုက်တာကိစ္စလိုပေါ့ဗျာ၊ ဒီကိစ္စက အယူခံဝင်ရတဲ့ ကိစ္စဖြစ်တယ်။ နောက်တစ်ခြားကိစ္စတစ်ခု ကတော့ တရားရုံးမှာ ဆက်ကြားနာနေတဲ့ ကိစ္စတွေ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် တရားဥပဒေ စိုးမိုးရေးအကြောင်း ပြောတာလည်း ကြားထားပြီးသားပါ။ ဒီတရား ဥပဒေစိုးမိုးရေးက ဒီမိုကရေစီ အတွက် အရမ်း အရေးကြီးတယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဘယ်သူမဆို သူတို့ အမှုတွေ ဖြစ်လာရင် ဒါကို တရားရုံးမှာ သွားရောက် ရင်ဆိုင်ကြရမှာ ဖြစ်တယ်။ တရားစီရင်ရေးက အရမ်းကို အရေးကြီးတယ်ဗျ၊ ဘာကြောင့်လဲဆိုတော့ ဒါက တရားဥပဒေစိုးမိုးရေးရဲ့ အကြီးဆုံးသော အစိတ်အပိုင်း တစ်ခု ဖြစ်နေလို့ပဲ၊ ဥပဒေစိုးမိုးရေးကတော့ ဒီမိုကရေစီရဲ့ အသက် ဝိဉာဉ်လို့ ကျွန်တော် ယုံကြည်တယ်ဗျ။

မေး။ ။ သံအမတ်ကြီးဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အတွေ့အကြုံ တော်တော်များပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ လူ့အခွင့်အရေး အခြေအနေပေါ်မှာရော ဘယ်လိုရှုမြင်ပါသလဲဗျာ။

ဖြေ။ ။ လူ့အခွင့် အရေးကိစ္စပေါ့ဗျာ။ ဒီမှာ အပိုင်းနှစ်ပိုင်း ရှိတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဘက် နှစ် ဘက် ပေါ့၊ လူ့အခွင့်အရေးဟာ အရမ်းပဲ အရေးကြီးတယ်။ လူ့အခွင့် အရေးဆိုတာ ဘာလဲ၊ ဒါဟာ လူတွေရဲ့ အခွင့်အရေးပါ။ လူတိုင်းလူတိုင်းအတွက် အခွင့်အရေးပဲ ဒါဟာတကယ်ကိုပဲအရေးကြီးတယ်၊ တစ်ဖက်မှာလည်း လူ့အခွင့်အရေးဆိုတာဟာ နိုင်ငံရေးကစားကွက် ဖြစ်သွားနိုင်တယ်။ ကောင်းမွန်တဲ့ လမ်းကြောင်းမှာ အသုံးချမှာ မဟုတ်တဲ့ နိုင်ငံရေးအသုံးချခံ ဖြစ်သွားနိုင်တယ်၊ ဒါကို ကမ္ဘာတစ်လွှားက အစ္စရေးတိုက်ပွဲမှာ ကျွန်တော်တို့ အစ္စရေးတွေ ကိုယ်တွေ့ ကြုံခဲ့ရပြီးပြီဗျ။ အစ္စရေးကို တိုက်ခိုက်နေတဲ့ အကြမ််းဖက် အဖွဲ့တွေရှိတယ်။ ကမ္ဘာတစ်လွှားမှာလည်း အကြမ်းဖက်အဖွဲ့ စာရင်းဝင်တွေ အများကြီး အများကြီးရှိတယ်။ ကိုယ့်နိုင်ငံကို ကာကွယ်ရေးအတွက် အကြမ်းဖက် အဖွဲ့တွေကို တိုက်ခိုက်နေရတဲ့ တစ်ချိန်တည်းမှာပဲ Geneva (ဂျနီဗာ) က ကုလသမဂ္ဂဟာလည်း လူ့အခွင့်အရေးဘက်ကနေ အစ္စရေးရဲ့ အခြေအနေကို နားလည်အောင် ကြိုးစားနေသလို ၊ဆုံးဖြတ်ချက်တွေ အများအပြားကိုလည်း ချမှတ်ဖို့ လုပ်နေတာဖြစ်တယ်။ နောက်ဆုံးမှာတော့ ကျွန်တော် ဂျနီဗာကို သွားရတယ်။ ကျွန်တော်တို့ ဂျနီဗာကို သွားကြတယ်၊ အစ္စရေးမှာရှိတဲ့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အတူ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ကို ကျွန်တော်တို့ ရောက်သွားတယ်။ ဘယ်လို အဖွဲ့အစည်းတွေလဲ ဆိုတော့ မသန်စွမ်းသူများ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး၊ စီဒေါ စည်းမျဉ်းအရ လိင်တန်းတူညီမျှရေးကော်မရှင်နာ မင်းကြီးရုံး၊ အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ convention ၊ ကလေးသူငယ် အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး တက်ကြွ လှုပ်ရှားသူ စတာတွေနဲ့ ကျွန်တော်တို့ အစ္စရေးဟာ ကုလသမဂ္ဂကို ရောက်ခဲ့တယ်၊ ကျွန်တော်တို့ အားလုံး လူ့အခွင့်အရေးကောင်စီမှာ လာရောက် ပြောဆိုတယ်။ လူ့အခွင့်အရေးနယ်ပယ်တိုင်းမှာ အစ္စရေးဟာ ဘယ်လိုရှေ့တန်းက ရပ်တည်ကြောင်း ကို အသိပေးပြောဆိုတယ်။ ပဋိပက္ခအတွင်းက လူ့အခွင့်အရေးတစ်ခုတည်းကိုပဲ မဟုတ်ဘူး။ အဲ့ဒီပဋိပက္ခအတွင်းက လူ့အခွင့်အရေးဆိုတာကလည်း တကယ်အရမ်းအရေးကြီးတယ်။ ဒါပေမယ့် လူ့အခွင့်အရေးဆိုတာနဲ့ ပတ်သက်ပြီး အခြားနယ်ပယ်တွေ အများအပြားရှိနေပြီး၊ ဒါတွေသာ ဖွံ့ဖြိုး တိုးတက်ရမှာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာလည်း အလားတူအတိုင်းပဲ ရှိလိမ့်မယ်လို့ ကျွန်တော်ထင်တယ်ဗျ။

မေး။ ။   သံအမတ်ကြီးရဲ့ သံအမတ်သက်တမ်းမှာ မြန်မာနိုင်ငံအတွက် ဘာတွေများ မျှော်လင့်ထားပါသလဲဗျ။

ဖြေ။ ။ သံအမတ်တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့် သက်တမ်းဟာ အရမ်းပဲ အကန့်အသတ်ရှိတယ်ဗျ၊ ကျွန်တော် ဒီကိုလာတာ သုံးလေးနှစ်ရှိပါပြီ၊ ဒါဟာတော်တော်လေး နည်းပါးတဲ့ အချိန်ကာလပါ ၊ နှစ်နိုင်ငံကြား ဆက်ဆံရေးအတွက် ကျွန်တော် အကောင်အထည်ဖော်သွားလိုတာ အားလုံးကို လုပ်ကိုင်ဆောင်ရွက်ဖို့ အချိန်များများစားစား ကျွန်တော့်မှာ မရပါဘူး။ ဒါကြောင့် ကျွန်တော်က ပစ်မှတ်ထားပြီး လုပ်ကိုင်ဆောင်ရွက်ရပါတယ်။ ကျွန်တော်ဆက်လက် ဖော်ဆောင်လုပ်ကိုင် လိုတာတွေကို ဦးစားပေး ရွေးချယ်ရပါတယ်။ ဒါပေမယ့် ဒီလိုပစ်မှတ်ထား လုပ်ကိုင်ဆောင်ရွက်တဲ့ အခါမှာလည်း ဦးစားပေးရဲ့ဘေးပန်းကိုကျော်ပြီး၊ ရလဒ်ထွက်ပေါ်တာတွေလည်း ရှိတယ်။ ဒါဟာ သာမန်သံအမတ်ကြီး တစ်ဦးဖြစ်တဲ့ ကျွန်တော့်အတွက် အလွန်ကိုပဲ အရေးကြီးပါတယ်။ ဒီနိုင်ငံကို လာကြမယ့် အစ္စရေး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နည်းပညာတွေအတွက် ကျွန်တော်က ဦးဆောင်လမ်းညွန်ရမယ့်လူ ဖြစ်တာကြောင့် စီးပွားရေးယဉ်ကျေးမှု ကွာဟချက်ကို ချိတ်ဆက်နိုင်ရေး ကျွန်တော် ပြင်းပြင်းထန်ထန်အလုပ်လုပ်ဖို့ လိုပါတယ်။ အစိုးရချင်း ပူးပေါင်းဆောင်ရွက်မှု၊ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်၊ လုပ်ငန်းရှင်ချင်း ပူးပေါင်းဆောင်ရွက်မှုတွေ အတွက် ကွာဟချက်တွေကို ဆက်စပ််နိုင်ဖို့ လိုပါတယ်။ ဒီကွာဟချက်တွေကို ကျွန်တော် လွယ်ကူချောမွေ့အောင် လုပ်ဆောင်ပြီး၊ လမ်းပြ ဦးဆောင်ရမယ့် သူပါ။ အစ္စရေးကနေ ဒီကို လာကြမယ့် သူတွေကို ကျွန်တော်ဟာ နည်းပေးလမ်းပြပေးနိုင်ဖို့ လိုပါတယ်။ လာမယ့်သူတွေကလည်း အချိန်များများ မရမှာကတော့ ခင်ဗျားလည်းအသိပါပဲ။ စီးပွားရေးလုပ်ကိုင်ဆောင်ရွက်ဖို့ စိတ်အားထက်သန်စွာနဲ့ ဒီကို လာကြမှာ ဖြစ်တယ်။ ဒါပေမယ့် ခင်ဗျားလည်း အသိပဲ ဘယ်နိုင်ငံကမှ အလွန်နည်းတဲ့ အချိန်အတွင်းမှာ စီးပွားရေးကို လမ်းကြောင်းမှန်မှန်နဲ့ လုပ်ကိုင်နိုင်ကြမှာ မဟုတ်ဘူးဆိုတာပဲ။ ဒီအတွက် သံရုံးက အားကိုးရမှာ ဖြစ်တယ်။ သံရုံးမှာ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေ ရှိတယ်။ မြန်မာနဲ့ အစ္စရေး လုပ်ဖော်ကိုင်ဖက်တွေ ရှိတယ်။ သူတို့ဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ အခွင့်အလမ်းတွေကို အားပေးလှုံ့ဆော် ရင်းနဲ့ ကွာဟချက်တွေ ကျဉ်းမြောင်းစေရေးအတွက် ပင်ပင်ပန်းပန်း လုပ်ကိုင်ဆောင်ရွက်နေကြတာ ဖြစ်တယ်။ ခင်ဗျားတို့ နိုင်ငံ၊ မြန်မာနိုင်ငံဆိုရင် အခွင့်အလမ်းတွေ ကြီးကြီးမားမားရှိနေတဲ့ နိုင်ငံပါ။ ဒီကြီးမားတဲ့ အခွင့်အလမ်းတွေမှာ အစ္စရေးက ပါဝင်လုပ်ကိုင်ချင်နေတာပဲ ဖြစ်တယ်။

မေး ။    ။ဟုတ်ကဲ့၊ တစ်ခြားဖြည့်စွက်ပြောချင်တာရှိရင် ပြောပါခင်ဗျား။

ဖြေ။ ။ အရင်ဆုံး ခင်ဗျားကို ကျွန်တော် ကျေးဇူးတင်လိုပါတယ်။ မြန်မာနိုင်ငံမှာ အစ္စရေးရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ဖော်ထုတ်ပေးလို့ ခင်ဗျားကို အထူးပဲ ကျေးဇူးတင်တယ်။ အခု ဒုတိယအကြိမ် ကျွန်တော်တို့ တွေ့ဆုံမှု အပြီး၊ နောက်ထပ် အကြိမ်ပေါင်းများစွာ ကျွန်တော်တို့ ထပ်တွေ့ဖြစ်ဖို့       ကျွန်တော် မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေနဲ့ ခေါင်းဆောင်တွေကို ကျွန်တော်တို့ သိစေချင်တဲ့ သတင်းစကားတွေ အသိပေးနိုင်တာက အတော့်ကို အရေးကြီးပါတယ်။ ကျွန်တော့်အတွက် တကယ့်ကို အရေးပါတယ်။ ပြီးတော့ ကျွန်တော်ဟာ မြန်မာနိုင်ငံဆီ အစ္စရေးကနေ လာရောက်ကြတဲ့ သံအမတ်ကြီးတွေရဲ့ ရှည်ကြာတဲ့ သမိုင်းမှာ တစ်ခန်းတစ်ကဏ္ဍဖြစ်ချင်ပါတယ်။ ကျွန်တော်ဟာ ၂၃ ယောက်မြောက် သံအမတ်ကြီးပါ။ ဒီ့အတွက် ဂုဏ်ယူရကြောင်းကိုလည်း ဒီကနေ့မှာ ကျွန်တော် ပြောဆိုလိုပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီးရဲ့ သမိုင်းမှာ ကျွန်တော် တစ်စိတ်တစ်ပိုင်း အဖြစ် ပါဝင်သွားချင်သူပဲ ဖြစ်ပါတယ်၊ ကျေးဇူးတင်ပါတယ်။    ။

မြန်မာအစိုးရကို ကျွန်တော်တို့ အကူညီပေးနိုင်မလား၊ ကျွန်တော်တို့ အရမ်းသိချင်တယ်ဆိုတဲ့ အစ္စရေးသံအမတ်ကြီး နှင့်တွေ့ဆုံမေးမြန်းခြင်း - အပိုင်း( ၁ )  အပြည့်အစုံ - - http://www.mizzimaburmese.com/article/53354

Mizzima Weekly