မန္တလေး၊ ဒီဇင်ဘာ ၁၉ ။ ။ အိန္ဒိယ-မြန်မာ မဏိပူရ် Business Matching, Investment Conference & Exibition ပွဲကို ဒီဇင်ဘာလ ၁၉ ရက် နံနက်ပိုင်းမှ စတင်ကာ မန္တလေးမြို့ရှိ MRCCI တွင် ပြုလုပ်ကျင်းပခဲ့သည်။
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား နက်ရှိုင်းသော နားလည်မှုကို ဖြစ်ထွန်းစေရေး၊ ကုန်သွယ်မှု ဆက်ဆံရေးအရှိန်မြှင့်တင်နိုင်ရေးနှင့် လုပ်ငန်းအချင်းချင်း ချိတ်ဆက်မှုများကို ပိုမိုဖန်တီးပေးနိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ပြလုပ်ခြင်းဖြစ်သည်။
အဆိုပါပွဲတွင် H.E.Mr.Nandan Singh Bhaisora (Consul General of India, Mandalay) ၊Manipur CCI မှ တာဝန်ရှိသူများနှင့်အဖွဲ့ဝင်များ၊MRCCI မှ တာဝန်ရှိသူများနှင့် EC/CEC များ၊ညီနောင်အသင်းမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
မြန်မာနှင့်အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏအနေဖြင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအထိ အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၃၁ သန်းရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ အဓိက ပို့ကုန်များမှာ ပဲမျိုးစုံ၊ အထပ်သားနှင့်သစ်ပါးလွှာ၊သစ်ခွဲသားအမျိုးမျိုး၊သတ္ထု၊သတ္ထုရိုင်းနှင့် ရေချိုရေငံငါးမျိုးစုံတို့ ဖြစ်သည်။
အိန္ဒိယနိုင်ငံမှ အဓိက သွင်းကုန်အဖြစ် ဆေးဝါးပစ္စည်းများ၊ဆောက်လုပ်ရေးလုပ်ငန်းသုံး သံနှင့်သံမဏိပစ္စည်းများ၊သယ်ယူပို့ဆောင်ရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများ၊တွင်းထွက်စက်သုံးဆီများ၊စက်နှင့်စက်ပစ္စည်းများဖြစ်ကြသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည့်နိုင်ငံပေါင်း ၄၉ နိုင်ငံအနက် အိန္ဒိယနိုင်ငံသည် အဆင့် ၁၁ တွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။