တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေများ ပြင်ဆင်ရန် စီစဉ်နေ

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေများ ပြင်ဆင်ရန် စီစဉ်နေ
ဓာတ်ပုံ-နွန်နွန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ။           ။ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေများကို ပြည်ထောင်စုလွှတ်တော်မှ ပြင်ဆင်သွားရန် ရှိနေပြီး သက်ဆိုင်ရာဒေသအလိုက် သဘောထားများ ရယူပြီးမှသာ ပြင်ဆင်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“ကျွန်တော်တို့က ပြင်လို့မရဘူး။ ပြည်ထောင်စုလွှတ်တော်ကပဲ ပြင်လို့ရမယ်။ ဒါပေမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ရဲ့ သဘောထားကို ရယူပြီးမှ သူတို့ပြင်မယ်ဆိုတဲ့ သဘော။ ဒါကြောင့်မို့ ပြည်နယ်မှာ လေ့လာသုံးသပ်မှုတွေ လုပ်နေတယ်။” ဟု ၎င်းက ဆိုသည်။

ပြင်ဆင်လိုသည့်အပိုင်းကို မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက လေ့လာသုံးသပ်ပြီး နည်းဥပဒေမူကြမ်းကို လက်ရှိပြင်ဆင်ထားကြောင်း မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

“လွှတ်တော်ဆိုင်ရာနည်းဥပဒေကို တင်ထားတာ၊ တင်ထားတယ်ဆိုတာ အကြမ်းပဲ ရှိသေးတယ်။ ဒါကို မွန်ပြည်နယ်လွှွှတ်တော်အတည်ပြုမှာ။ အဲဒါတာက ကျွန်မတို့ အစည်းအဝေး မခေါ်ရသေးဘူး။ Review (ပြန်လည်ဆန်းစစ်ခြင်း) မလုပ်ရသေးဘူးပေါ့နော်။ နည်းဥပဒေကတော့ ကျွန်မတို့ လုပ်ထားတာ ရှိပါတယ်။ အကြမ်းလည်း ထွက်ထားတာ ရှိပါတယ်။”ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

ထွက်ရှိထားသည့် နည်းဥပဒေမူကြမ်းကို ပြည်နယ်လွှတ်တော်တွင် အတည်ပြုပြီးပါက ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

လွှတ်တော်အစည်းအဝေးခေါ်ယူခြင်း၊ မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်း၊ ဘတ်ဂျက်တင်ပြခြင်း စသည့် ဥပဒေဆိုင်ရာများကို လေ့လာသုံးသပ်ပြီး ပြင်ဆင်လိုသည့် အချို့အပိုင်းတွင် ဖြည့်စွက်စရာ ရှိကောင်းရှိကြောင်း ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“အစည်းအဝေးခေါ်တာတို့ ရေးရာကော်မတီတွေရဲ့လုပ်ပိုင်ခွင့်တို့ ၊ လွှတ်တော်အစည်းအဝေးကျင်းပတဲ့အခါမှာ မေးခွန်းတွေ၊ အဆိုတွေ ။ နောက်ပြီး ဘတ်ဂျက်တွေ တင်ပြတဲ့အခါမှာ လုပ်လာတဲ့လုပ်ငန်းစဉ်မှာ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်တဲ့နည်းဥပဒေတွေ တချို့အပိုင်းတွေကြတော့ ဖြည့်စွက်စရာ ရှိကောင်းရှိနိုင်တယ်။”ဟု မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌက ပြောသည်။

ယင်းသို့ လေ့လာသုံးသပ်၍ ရလာသည့် ယင်းနည်းဥပဒေများကို လာမည့် ဇန်နဝါရီလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ပြည်ထောင်စုလွတ်တော်ထံ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required