ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ၏ မူဝါဒ သဘောထား

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၂၅ ။          ။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်းက ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၂၅ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော မဲဆန္ဒရှင်မိဘပြည်သူအပေါင်းတို့ခင်ဗျား -

အားလုံကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပါစေကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

ကျွန်တော်ကတော့ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်းဖြစ်ပါတယ်။ ပါတီရဲ့မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များကို ပြည်သူအပေါင်းအား တင်ပြခွင့်ရတဲ့အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်ပါတယ်။ ဦးစွာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီကို မိတ်ဆက်လိုပါသည်။

ကျွန်တော်တို့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီကို ၂၀၁၃ ခုနှစ် မတ်လ၁၃ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၆၃)ဖြင့် ဖွဲ့စည်းထူထောင်ခွင့်ရရှိပြီးပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီ တစ်ခုဖြစ် ပါသည်။ ပါတီရဲ့ဌာနချုပ်ကို အမှတ် (၁၁၆/၁၁၈) (၆)လွှာ ဘိုကလေးဈေးလမ်း (၈) ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီးတွင် တည်ထားပါသည်။

လေးစားအပ်ပါသော မဲဆန္ဒရှင်မိဘပြည်သူအပေါင်းတို့ခင်ဗျား -

ကျွန်တော်တို့ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီရဲ့ ရည်ရွယ်ချက်ကတော့

-ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အဝန်းတွင် လူ့အခွင့်အရေးမှန်ကန်မျှတစွာရရှိရေး၊ စစ်မှန်ပြည့်ဝသော ဒီမိုကရေစီဖော်ဆောင်ရေးနှင့်လူ့အခွင့်အရေးဆုံးရှုံးခံနေရသူများအား ကာကွယ်မြှင့် တင်ပေးရေးတို့ကို ဆောင်ရွက်ရန်။

- ဒို့တာဝန်အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထိန်းသိမ်းရာတွင် တစ်တပ်တစ်အားပါဝင်ရန်။

- နိုင်ငံတော်ရှိ တိုင်းရင်းသားလူမျိုးများ၏ စည်းလုံးညီညွတ်ရေးနှင့်ချစ်ကြည်ရင်းနှီးမှု တည်တံ့ခိုင်မြဲရေးအား အစဉ်သဖြင့် တည်တံ့ခိုင်မြဲရေးကို ရည်ရွယ်သည့်အပြင် ရခိုင်ပြည်နယ်တွင် မှီတင်းနေထိုင်လျက်

ရှိကြသော တိုင်းရင်းသားညီနောင်အားလုံးနှင့် ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ရန်။

- မြန်မာနိုင်ငံတွင် နိုင်ငံသာတစ်မျိုးတည်းသာရှိပြီး အားလုံးတန်းတူရည်တူအခွင့်အရေးရရှိရေးကို ရည်ရွယ်သော နိုင်ငံရေးယဉ်ကျေးမှု ''Political Culture'' တစ်ရပ်တည်ဆောက်ရန်။

- နိုင်ငံတော်ရှိ တိုင်းရင်းသားလူနည်းစု အသီးသီးနှင့် ပြည်သူအားလုံး၏စည်းလုံးရေးနှင့် တန်းတူညီမျှရေးအတွက် ရေရှည်အာမခံချက်ရှိသောနိုင်ငံရေးဖြေရှင်းချက်များပေါ်ထွက်လာအောင် ဆောင်ရွက်ရန်။

- နိုင်ငံရေး၊ စီပွားရေး၊ လူမှုရေးအမြင်အယူအဆချင်း တူညီသော နိုင်ငံရေးပါတီများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန်။

မဲဆန္ဒရှင်မိဘပြည်သူအပေါင်းတို့ခင်ဗျား-

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ၏ ခံယူချက်ကိုတင်ပြရလျှင်-

- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် စစ်မှန်သောဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရာ၌ နိုင်ငံသားတစ်ရပ်လုံး နိုင်ငံရေး၊ စီပွားရေး၊ လူမှုရေးတို့တွင် တန်းတူရည်တူအခွင့်အရေးများရှိစေရမည်ဟု ခံယူသည်။

- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် တရားဥပဒေစိုးမိုးသည့်စစ်မှန်သောဒီမိုကရေစီကို ဖော်ဆောင်နိုင်မှသာ မကြာသော ကာလတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်လာမည်ဟု ခံယူသည်။

- တိုင်းရင်းသာလူမျိုးစုအရေးကိစ္စများနှင့် လူ့အခွင့်အေရေးကိစ္စများကိုသက်ဆိုင်သူတို့အားလုံးနှင့်ပူးပေါင်း၍ ဆွေးနွေးညှိနှိုင်းဖြေရှင်းခြင်းဖြင့် အေးချမ်းသာယာသော နိုင်ငံတော်ကြီး ဖြစ်လာမည်ဟု ခံယူသည်။

- မြန်မာပြည်သူ ပြည်သားများကို လူမျိုး၊ ဘာသာ၊ နေရာဒေသမရွေးအသားအရောင်ခွဲခြားခြင်းမပြုဘဲ တူညီသောစံ၊ တူညီသော ဥပဒေများဖြင့်သာ အုပ်ချုပ်ရမည်ဟု ခံယူသည်။

- အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ရောက်ရှိနေသော မြန်မာနိုင်ငံသားများ နေရပ်ပြန်လာခွင့်ရှိပြီး ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် တစ်တပ်တစ်အားပါဝင်ခွင့်ရရှိစေမည်ဟု ခံယူသည်။

လေးစားအပ်ပါသော မဲဆန္ဒရှင်မိဘပြည်သူအပေါင်းတို့ခင်ဗျား-

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီကချမှတ်သော လုပ်ငန်းစဉ်များအနက်အချို့ကိုတင်ပြလိုပါတယ်။

ပညာရေးကဏ္ဍ

- အခြေခံမူလတန်းနှင့် အလယ်တန်းပညာရေးကို တစ်နိုင်ငံလုံးမသင်မနေရသတ်မှတ်ပြီး ထိုပညာရေးကို အခမဲ့ သင်ယူခွင့်ရရှိအောင်ကြိုးပမ်းမည်။

- အခြေခံအထက်တန်းပညာရေးနှင့် အဆင့်မြင့်ပညာရေးများကို စရိတ်စက သက်သာစွာဖြင့် သင်ယူနိုင်ရန်ကြိုးပမ်း ဆောင်ရွက်မည်။

- ဘက်စုံပညာရေး အဆင့်တန်းမြင့်လာရေးအတွက် လိုအပ်သောပညာရေးရန်ပုံငွေကို နိုင်ငံတော်မှ ဘတ်ဂျက်မှ ပိုမိုရရှိနိုင်ရေးအတွက်ကြိုးပမ်းမည်။

- ကမူ္ဘာ့အသိအမှတ်ပြုပညာရေးဝန်ဆောင်မှုပေးနိုင်သော နိုင်ငံအဖြစ်ရောက်ရှိနိုင်ရေးအတွက် လိုအပ်သော အစီအမံများကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်မည်။

ကျန်းမာရေးကဏ္ဍ

- စရိတ်စကသက်သာစွာဖြင့် အရည်အသွေးပြည့်ဝသော ကျန်းမာရေးဝန်ဆောင်မှုကို ပြည်သူအားလုံး ခံစားခွင့်ရရှိအောင် ကြိုးပမ်းဆောင်ရွက်မည်။

- ကူးစက်ရောဂါအားလုံးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုပြည်သူတစ်ရပ်လုံးဦးဆောင်ပေးနိုင်သော စွမ်းရည်ရှိအောင် ကြိုးစားမည်။

- ဆေးပညာရပ်များ၊ ဆေးကုသနည်းများ၊ ဆေးဝါးထုတ်လုပ်ရေးနည်းများ၊ တိုင်းရင်းဆေးဖွံ့ဖြိုးတိုးတက်ရေးတို့ကို နိုင်ငံတကာအဆင့်မီလာစေရန်လိုအပ်သော အစီအမံများကိုချမှတ်ဆောင်ရွက်မည်။

စီးပွားရေးကဏ္ဍ

- ဈေးကွက်စီးပွားရေးစနစ်ပီပြင်စွာပေါ်ပေါက်လာရေး၊ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ လူမျိုးစုအလိုက်ဒေသအလိုက် တန်းတူညီမျှသော အလုပ်လုပ်နိုင်သော အခွင့်အရေးများရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်။

- ရေတို၊ ရေရှည်အကျိုးရှိမည့် Micro, Macro စီးပွားရေးလုပ်ငန်းများကိုသဘာဝပတ်ဝန်းကျင်မပျက်စီးရန် အလေးထား၍ ဖော်ဆောင်တည်ဆောက်နိုင်အောင် ကြိုးစားမည်။

တောင်သူလယ်သမားကဏ္ဍ

- တောင်သူလယ်သမားများသည် ဥပဒေနှင့်အညီလယ်ယာမြေပိုင်ဆိုင်

ခွင့်နှင့် လွှဲပြောင်းပိုင်ခွင့် ဆက်ခံပိုင်ခွင့်ရှိရမည်။ မိရိုးဖလာစိုက်ပျိုးရေးမှခေတ်မီတိုးတက်သော စက်မှုလယ်ယာစနစ်သို့ ဆင့်ကဲဆင့်ကဲပြောင်း လာအောင် ဆောင်ရွက်မည်။

- မြေလွတ်မြေရိုင်းများကိုဖော်ထုတ်၍ မြေမဲ့ယာမဲ့လယ်လုပ်သားများနှင့်မူလလုပ်ပိုင်ခွင့်ရ တောင်သူများအား တရားဝင်လုပ်ကိုင်ခွင့်ရရှိအောင်ကြိုးစားမည်။

- စိုက်ပျိုးရေးသုတေသနလုပ်ငန်းများဈ မျိုးကောင်းမျိုးသန့်ထုတ်လုပ်ရေးနှင့် အရည်အသွေးကောင်း လယ်ယာထွက်ကုန် ပစူ္စည်းများထုတ်လုပ်ရေးလုပ်ငန်းများကို ပြည်တွင်း/ပြည်ပကုမ္ပဏီများနှင့်ပူးပေါင်း၍ တောင်သူလယ်သမားများအကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်မည်။

- တောင်သူလယ်သမားများ၏နစ်နာဆုံးရှုံးမှုများ၊ ရပိုင်ခွင့်များ၊ ပြဿနာအရေးကိစ္စများကို တောင်သူလယ်သမား အကျိုးအတွက် လွတ်လပ်စွာဆောင်ရွက်နိုင်ရန် တောင်သူလယ်သမားအဖွဲ့များ ဖွဲ့စည်းနိုင်ရေးကြိုးပမ်းဆောင်ရွက်မည်။

အလုပ်သမားကဏ္ဍ

- အလုပ်သမားတိုင်းထိုက်တန်သောလုပ်ခလစာရရှိရေး၊ အလုပ်လက်မဲ့ဖြစ်ခြင်းမှ ကာကွယ်ရေးအတွက်ဆောင်ရွက်မည်။

- လူမျိုး၊ ဘာသာ၊ နေရာဒေသ၊ ကျား/မခွဲခြားခြင်းမခံရဘဲ တူညီသောအလုပ်အတွက် တူညီသော အခကြေးငွေရရှိရေးဆောင်ရွက်မည်။

- အဓမ္မ အလုပ်ခိုင်းစေခြင်း၊ လုပ်ငန်းခွင်တွင် နှိပ်စက်ခြင်းများကို တားဆီးနိုင်ရန် ကြိုးပမ်းမည်။

- အလုပ်သမားတိုင်း မိမိအကျိုးခံစားခွင့်ကို ကာကွယ်နိုင်ရန် အလုပ်သမားအဖွဲ့အစည်း များဖွဲ့စည်းဆောင်ရွက်ခွင့်ရရှိနိုင်အောင် ကြိုးပမ်းမည်။

- အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO) ၏ ပြဋ္ဌာန်းချက်များနှင့်ညီညွတ်စေရန် ကြိုးပမ်းမည်။

ကျောင်းသားလူငယ်ကဏ္ဍ

- လူငယ်များသည်တိုင်းပြည်၏အဖိုးတန်ဆုံးအင်အားတစ်ရပ်ဖြစ်သည့်အားလျော်စွာ နိုင်ငံ၏အနာဂတ်ဖြစ်သော လူငယ်များ၏စွမ်းရည်ဖော် ထုတ်ရေးကို ဦးစားပေးဆောင်ရွက်မည်။

- ကျောင်းသားများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုလျက် ကျောင်းသား သမဂ္ဂများကို ဥပဒေနှင့်အညီ ဖွဲ့စည်းခွင့်ရရေးကို အားပေးမည်။

တရားရေးကဏ္ဍ

- တရားစီရင်ရေးမဏ္ဍိုင်ကို ဒီမိုကရေစီစံနှင့်ကိုက်ညီ၍ လွတ်လပ်စွာရပ်တည်စေရန် ကြိုးပမ်းမည်။

- တရားသူကြီးများသည် ဥပဒေပြဋ္ဌာန်းချက်များကိုသာ လိုက်နာကျင့်သုံး၍လွတ်လပ်မှန်ကန်စွာ တရားစီရင်ခွင့်ရရှိ စေရမည်။

- အုပ်ချုပ်ရေးမဏ္ဍိုင်နှင့်သက်ဆိုင်သည့် မည်သည့်အဖွဲ့အစည်းကိုမျှတရားစီရင်ခွင့် အာဏာမအပ်နှင်းရ။ ဝင်ရောက်စွက်ဖက်ခွင့်မပြုရအောင်ကြိုးပမ်းမည်။

- တရားရုံးအဆင့်ဆင့်၏ တရားစီရင်ရေးနှင့်တကွ စီရင်ချက်များကိုအများပြည်သူတို့၏ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည်။

- ပြစ်မှုများအတွက် စွပ်စွဲခံရသူများအား ဥပဒေနှင့်အညီ ခုခံချေပခွင့် အပြည့်အဝပေးရမည်။ အယူခံပိုင်ခွင့်ရှိရမည်။

- မည်သည့် ပြစ်မှုဆိုင်ရာဥပဒေများ နောက်ကြောင်းပြန်၍ အာဏာသက်ရောက်မှု မရှိစေရ။

- ဥပဒေအရ ပြစ်မှုထင်ရှားစီရင်ခြင်းမရှိသေးသမျှ မည်သူ့ကိုမဆို အပြစ်ကင်းသည်ဟု မှတ်ယူရမည်။ မှတ်ယူရမည်။

- လူ့ဂုဏ်သိက္ခာညှိုးနွမ်စေမည့်စစ်ဆေးမှု၊ အပြစ်ပေးမှု ပြစ်ဒဏ်ခံစားစေမှုများ မပြုလုပ်ရ။

- ပြစ်မှုကျုးလွန်ကြောင်း ထင်ရှားသဖြင့် အပြစ်ပေးအရေးယူရာတွင် ပြစ်မှုကျုးလွန်သူနှင့်ပတ်သက်သော မိသားစုဆွေမျိုး၊ လူမျိုးစု၊ ကိုးကွယ်သည့် ဘာသာ၊သာသနာအပေါ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ သက်ရောက်မှုမရှိစေရ။

အုပ်ချုပ်ရေးကဏ္ဍ

- တရားဥပဒေစိုးမိုးသော၊ ပွင့်လင်းမြင်သာသော၊ တာဝန်ခံမှုရှိသောအကျင့်ပျက်မှုကင်းသော၊ လူမျိုး/ ဘာသာ ဒေသစွဲကင်းသော၊ ဒီမိုကရေစီကျသော၊ တရားမျှတမှုရှိသော အုပ်ချုပ်ရေးယန္တတရား ဖြစ်ပေါ်စေရန် ကြိုးပမ်း တည်ဆောက်မည်။

- ဒီမိုကရေစီနှင့် လူ့အခွင့်အရေးစံနှုန်းထားနှင့်မကိုက်ညီသော ဥပဒေရေးရာမှာ ရှုပ်ထွေးမှု ဖြစ်စေသော အုပ်ချုပ်ရေးယန္တရား မဖြစ်ပေါ်စေရန် ကြိုးစားတည်ဆောက်မည်။

နိုင်ငံခြားရေးကဏ္ဍ

- နိုင်ငံတကာနှင့်ဆက်ဆံရာတွင် တက်ကြွပြီးလွတ်လပ်၍ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးမည်။

- နိုင်ငံတကာနှင့်ဆက်ဆံရာတွင် လူထုအခြေပြုအဖွဲ့အစည်းများ၏ကဏ္ဍကို အထူးအလေးပေးဆောင်ရွက်မည်။

တိုင်းရင်းသားလူမျိုးများကဏ္ဍ

- တိုင်းရင်းသားလူမျိုးများအားလုံး၏ တန်းတူရည်တူအခွင့်အရေးများကို အသိအမှတ်ပြုခြင်း၊ ချစ်ကြည်ရင်းနှီးခြင်း၊ တစ်ဦး၏ အယူအဆယဉ်ကျေးမှု ထုံဓလေ့များကို တစ်ဦးလေးစားခြင်း၊ အခြေခံလူ့ အခွင့်အရေးလေးစားလိုက်နာခြင်းဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ရအောင် အားထုတ်မည်။

- တိုင်းရင်းသားလူမျိုးများ၏ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများ ဖွံ့ဖြိုးတိုးတက်ရန် အားထုတ်မည်။

- တိုင်းရင်းသားများအချင်းချင်း အမြင်ချင်းဖလှယ်ခြင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းခြင်းဖြင့် တိုင်းရင်းသားများအတွင်းယုံကြည်ချစ်ကြည်မှုရအောင် ကြိုးပမ်းအားထုတ်မည်။

- တိုင်းရင်းသားနယ်မြေအသီးသီးတွင် စီးပွားရေးအခြေခံ အဆောက် အအုံများတည်ဆောက်ခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ လွတ်လပ်စွာ ဆောင်ရွက်ခြင်း၊ ဆင်းရဲမှုပပျောက်ရေး၊ တိုင်းရင်းသားများ၏ လူ့စွမ်းအား အရင်းအမြစ်များ မြှင့်တင်ခြင်းဖြင့် အကျိုးပြုနိုင်ရန် ကြိုးပမ်းမည်။

- တိုင်းရင်းသားလူမျိုးများ၏  မွေးရာပါအခြေခံအခွင့်အရေးများ ပြည့်ဝစွာ ခံစားခွင့်ရရေး၊ တိုင်းရင်းသားလူမျိုးများ၏ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေး ကြိုးပမ်းမည်။

- တိုင်းရင်းသားလူမျိုးများ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော် နိုင်ရန်လေးနက်သောနိုင်ငံရေးဖြေရှင်းချက် တစ်ရပ်ရရှိလာအောင် ကြိုးပမ်းမည်။

- တိုင်းရင်းသားလူမျိုးများ၏ တိမ်ကောနေသော သမိုင်းမှန်နှင့်ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေး မည်။ မည်သည့်တိုင်းရင်းသားလူမျိုးကိုမဆို ကွဲပြားခြားနားသောဘာသာရေး ယဉ်ကျေးမှုထုံးတမ်းစဉ်လာများကို အခြေခံ၍ အခြေခံအခွင့်အရေးများ ပိတ်ပင်ခြင်းမပြနိုင်အောင် အားထုတ်မည်။

ကာကွယ်ရေးနှင့်လုံခြုံရေးကဏ္ဍ

- တပ်မတော်သည်နိုင်ငံတော်တွင် မရှိမဖြစ်လိုအပ်သော အဖွဲ့အစည်းဖြစ်သည့် အားလျော်စွာစွမ်းရည်မြင့်မာသော ၊ နည်းပညာပိုင်းဆိုင်ရာတိုးတက်သော၊ စွမ်းရည်မြင့်မားသော တပ်မတော်ကြီးဖြစ်ရန် အားပေးကူညီမည်။

- ပြည်သူချစ်သော၊ ပြည်သူ၏ ယုံကြည်ကိုးစားမှုခံထိုက်သော တပ်မတော်ကြီးဖြစ်ရန် အားပေးကူညီမည်။

- ရဲတပ်ဖွဲ့သည် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာတွင်ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ မိမိ၏တာဝနန်များ ကိုကျေပွန်အောင်ဆောင်ရွက်ခြင်းဖြင့် ပြည်သူအများအားကိုး အားထားရသော ရဲတပ်ဖွဲ့ ဖြစ်လာစေရန် အားပေးကူညီမည်။

လေးစားအပ်ပါသော မဲဆန္ဒရှင်မိဘပြည်သူတို့ခင်ဗျား -

ကျွန်တော်များဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ၏ Logo အမှတ်တံဆိပ်မှာ ချိန်ခွင်ဖြစ်ပြီး နိုင်ငံသားအားလုံးတန်းတူညီမျှရေးကို ဖော်ဆောင် သော သင်္ကေတဖြစ်ကြောင်းတင်ပြရင်း နိဂုံးချုပ်တင်ပြအပ် ပါတယ်။

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ

 ၁။  ပါတီအမည်  -  ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ
 ၂။  ပါတီအမည်(English)  -  Democracy and Human Rights Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂၆.၄.၂၀၁၂
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၂၂ ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးကျော်မင်း(ခ)မာမောက်ရှောင်ရှုအာနောရှုလာဟောက်၊ ဦးခင်ဇော်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၁၉.၁၀.၂၀၁၂
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၅.၁၁.၂၀၁၂
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၁၂.၃.၂၀၁၂
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၆၃)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးကျော်မင်း(ခ)မာမောက်ရှောင်ရှုအာနောရှုလာဟောက်၊ ဦးကျော်စိုးအောင် (တွင်း/မှုး)
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၁၁၆/၁၁၈) ၊ ၆လွှာ(B)၊ ဘိုကလေးဈေးလမ်း၊ (၈) ရပ်ကွက်၊ ဗိုလ်တထောင် မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၅၀၀၇၃၄၈၊ ၀၁-၆၆၇၈၈၀ (ဦးခင်ဇော်)၊ ၀၉-၇၃၂၄၇၈၈၇(ဦးကျော်မင်း)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly