မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ မူဝါဒ၊ သဘောထား

မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ မူဝါဒ၊ သဘောထား

နေပြည်တော် စက်တင်ဘာ ၂၅ ။        ။ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးက ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၂၅ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

လေးစားအပ်တဲ့ မဲဆန္ဒရှင် မိဘပြည်သူအပေါင်းတို့ခင်ဗျား -

မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိကြတဲ့ ဆင်းရဲသားလယ်သမား၊ အလုပ်သမားများနှင့်တကွ တိုင်းသူပြည်သားအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဦးစွာပဏာမဆုတောင်းမေတ္တာများ ပို့သလိုက်ပါတယ်။ ကျွန်တော်ကတော့ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုး ဖြစ်ပါတယ်။

မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီလို့ခေါ်တဲ့ကျွန်တော်တို့ရဲ့လယ်သမားပါတီဟာ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ဖ.ဆ.ပ.လ ခေတ်၊ န.ဝ.တ ခေတ်စတဲ့ ခောတ်အဆက်ဆက်မှာ လုံဝပေါ်ပေါက်နိုင်ခဲ့ပါဘူး။ ယခုလို ဒီမိုကရေစီခေတ်ရောက်မှသာ လယ်သမားထုကြီးနဲ့ဖွဲ့စည်းထားတဲ့ လယ်သမားပါတီကြီးပေါ်ပေါက်လာတာဟာ အလွန်ပဲအံသြ ဝမ်းသာဖို့ကောင်းနေပါတယ်။

ဒီပါတီကြီးပေါ်ပေါက်လာတာဟာ ကျွန်တော်တော်လို့ မဟုတ်ရပါဘူး။ကျွန်တော်ကတော့ ဒီဆင်းရဲသားလယ်သမားပါတီပေါ်ပေါက်လာအောင် စုစည်းဖော်ဆောင်ပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ဆင်းရဲသားလယ်သမားထုကြီးဟာ တိုင်းပြည်လူဦးရေရဲ့၇၀ % ကျော်ရှိပါတယ်။ ဒါပေမယ့် အဲဒီလယ်သမားထုကြီးဟာ တိုင်းပြည်မှာ အလုပ်လုပ်  ဆုံးလူသားတွေဖြစ်ပြီး အဆင်းရဲဆုံးလူသားတွေလည်း ဖြစ်နေပါတယ်။

အလုပ်မလုပ်လို့ ဆင်းရဲတာဆင်းရဲထိုက်ပေမယ့် အလုပ်လုပ်ရင်းနဲ့ဆင်းရဲတာသဘာဝလုံးဝမကျပါဘူး။ လယ်သမားထုကြီးရဲ့စိတ်ထဲမှာ အခုမှ ငါတို့ကိုကိုယ်စားပြုမယ့် တို့ရဲ့မိရင်းဖရင်းပါတီကြီး ပေါ်ပေါက် လာပြီကွဆိုပြီး တစ်ခဲနက် ပါဝင်လာကြတဲ့အတွက် သုံးနှစ်တာကာလအတွင်း လျင်လျင်မြန်မြန် အင်အားကြီးထွားလာခဲ့ခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ပါတီရဲ့အလံနဲ့တံဆိပ်ကို ကြည့်လိုက်မယ်ဆိုရင်လည်းအင်္ဂလိပ်ကိုလိုနီခေတ်က အသက်ကိုပဓာနမထားဘဲ တိုင်းပြည်အတွက်ရွပ်ရွပ်ချွံချွံအသက်ပေးပြီးတော်လှန်ခဲ့တဲ့ ဂဠုန်နဂါးတံဆိပ်ကြီးရဲ့ မှုလပိုင်ရှင်ဖြစ်တဲ့ ဂဋ္ဌုန်ဆရာစံကြီးရဲ့အမှတ်တံဆိပ်ကို လက်ဆင့်ကမ်းသယ်ဆောင် လာခဲ့ခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ ဆင်းရဲသားလယ်သမားထုကြီးဟာ ယနေ့ထိတိုင်အောင်နှစ်ပေါင်းများစွာ ဘာအခွင့်အရေးမှ မတောင်းဆိုခဲ့ကြပါဘူး။ ကျေးလက်မှာနေ၊ မြို့ပြဆိုရင်အထင်ကြီး၊ ကိုယ့်တိုင်းပြည်ခေါင်းဆောင် ဆိုရင်လေးစား၊ ရိုးရိုးသားသားနဲ့ အခွန်ထမ်းပြီး တိုင်းပြည်ကို အလုပ်ကျွေးပြုလာတဲ့ လူထုလူတန်းစားကြီးဆိုရင်လည်း ငြင်းလို့မရပါဘူးခင်ဗျာ။

အခုလို ဒီမိုကရေစီခေတ်ရောက်လာတဲ့အခါမှာတော့ ဘယ်လိုလူတန်းစားမဆို နိုင်ငံတော်ကို မိမိတို့ရဲ့ဘဝအခြေအနေမှန်တွေကို ပြောဆိုတင်ပြလာနိုင်ပြီဆိုတာ လယ်သမားထုကြီးလည်း သဘောပေါက် လာခဲ့ကြပါပြီ။ ဒါကြောင့် ကျွန်တော်တို့ ဆင်းရဲသားလယ်သမားထုကြီးကလည်း ကိုယ့်လယ်သမားပါတီကိုယ်ထူထောင်ကာ လွှတ်တော်ထဲမှာ မိမိတို့အကြောင်း၊မိမိတို့ဘဝနဲ့လိုအပ်ချက်တွေကို တိုင်းပြည် သိအောင်တင်ပြနိုင်ဖို့ ကြိုးစားလာခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ ဆင်းရဲသားလယ်သမားတွေဟာ ရွှံ့တော၊ နွံတောထဲမှာနှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံပြီး တိုင်းပြည်အကျိုးကို သယ်ပိုးနေခဲ့ကြရတဲ့ကာလတွေကြာရှည်လွန်းလို့ ကိုယ့်အကြောင်းလေးကိုယ် တင်ပြနိုင်အောင် ရွှံ့တောထဲကနေ လမ်းမပေါ်တက်လာကြတာကို တွန်းမချလိုက်ပါနဲ့လို့ မေတ္တာရပ်ခံအပ်ပါတယ်။

ကျွန်တော်တို့ ဆင်းရဲသားလယ်သမားထုကြီးဟာ မြန်မာနိုင်ငံသားစစ်စစ်တွေဖြစ်ပြီး တိုင်းပြည်ကို တစ်ခါမှဒုက္ခမပေးခဲ့ဖူးပါဘူး။ ဒါကြောင့်ကျွန်တော်တို့ လွှတ်တော်ထဲသွားပြီး ပြောနိုင်ဆိုနိုင်အောင် ထမင်းစားတဲ့ သူတိုင်းက ကျေးဇူးဆပ်တဲ့အနေနဲ့မဲပေးပြီး လွှတ်တော်ထဲကို အရောက် ပို့ပေးပါလို့ ပြောပါရစေ။ လွှတ်တော်ထဲရောက်ခဲ့ရင်လည်း ယခင်ထက်ပိုပြီးတိုင်းသူပြည်သားအကျိုးကို ပိုမိုပြီး ထမ်းဆောင်သွားပါမယ်လို့ အားလုံးကိုကတိပေးပါတယ်။

ကျွန်တော်တို့လယ်သမားအားလုံးရဲ့ဘဝဟာ မြန်မာလယ်သမားလည်းဆင်းရဲတာပဲ၊ ရှမ်းလယ်သမားလည်း ဆင်းရဲတာပဲ၊ ကချင်လယ်သမားလည်း ဆင်းရဲတာပဲ၊ ကရင်လယ်သမားလည်း ဆင်းရဲတာပဲ၊ မွန်လယ်သမား၊ ရခိုင်လယ်သမား စတဲ့ညီနောင်တိုင်းရင်းသား လယ်သမားအားလုံး ဆင်းဆင်းရဲရဲနေခဲ့ရတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ဒါကြောင့် ဆင်းရဲသားလယ်သမားဘဝကို ဆင်းရဲသား လယ်သမား ပါတီကသာ နားလည်ပြီး ကိုယ်ချင်းစာတတ်မှာပါ။

ကျွန်တော်တို့  မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေနဲ့ တိုင်းဒေသကြီးများမှာရှိတဲ့ တောင်သူလယ်သမားများရဲ့သိမ်းဆည်းခံလယ်ယာမြေပေါင်းများစွာကို ဥပဒေဘောင်အတွင်း ကနေပြီး နိုင်ငံတော်ကို တင်ပြတောင်းဆိုပေးခဲ့ပြီး ဖြစ်ပါတယ်။ မရရှိသေးတဲ့လယ်ယာမြေများကိုလည်း ဆက်လက်တိုက်ပွဲဝင် တောင်းဆိုသွားဦးမှာဖြစ်ပါတယ်။

ကျွန်တော်တို့ တောင်သူလယ်သမားအားလုံးဟာ နှစ်ပေါင်းများစွာပြောင်းလဲမှုမရှိဘဲ ဆင်းရဲတွင်းနက်လာကြတဲ့အတွက် ကျွန်တော်တို့အားလုံးဟာ အပြောင်းအလဲကြီးတစ်ခုကို လိုချင်နေကြပြီဆိုတာ တစ်တိုင်းပြည်လုံးငြင်းလို့မရပါဘူး။ အမှန်တကယ် ချွေးနဲ့သွေးနဲ့ အလုပ်လုပ်နေကြရတဲ့ ဆင်းရဲသားလယ်သမား အလုပ်သမားထုကြီးကသာ တိုင်းပြည်ကို တိုးတက်မြင့်မားအောင် ပြောင်းလဲနိုင်မယ်လို့ ယုံကြည်ပါတယ်။

မဲဆန္ဒရှင် မိဘပြည်သူများခင်ဗျား -

ကျွန်တော်တို့ရဲ့စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လယ်ယာမြေနှင့်နိုင်ငံခြားရေးဆိုင်ရာ မူဝါဒများကို ဆက်လက်တင်ပြလိုပါတယ်။

(က) စီးပွားရေးဆိုင်ရာမူဝါဒ

(၁) လွတ်လပ်သော အမျိုးသားစီးပွားရေးမူဝါဒအား ချမှတ်ကျင့်သုံးပြီး လယ်ယာထွက်ကုန်များအား လွတ်လပ်စွာစိုက်ပျိုးခွင့်၊ ရောင်းချခွင့်၊သိုလှောင်ခွင့်ရရှိစေရန် ဆောင်ရွက်မည်။

(၂) လယ်ယာသုံးစက်ကိရိယာနှင့် မြေသြဇာအပါအဝင် လယ်ယာလုပ်ငန်းခွင်အတွက် လိုအပ်သည့် ကုန်ပစူ္စည်းများအား အဖိုးနှုန်းသက်သာစွာဖြင့် ဝယ်ယူတင်သွင်းခွင့်ရရှိစေရန် ဆောင်ရွက်မည်။

(၃) စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးထုတ်ကုန်ပစူ္စည်းများ နိုင်ငံတကာအဆင့်မီထုတ်လုပ်နိုင်ရေးနှင့် ပြည်ပဈေးကွက်ဝေစုရရှိရေး ဦးစားပေးဆောင်ရွက်မည်။

(ခ) ပညာရေးဆိုင်ရာမူဝါဒ

(၁) နိုင်ငံသားတိုင်းစာတတ်မြောက်ရေးအတွက် သက်ဆိုင်ရာ လူမှုရေး၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည်။

(၂) အရည်အချင်းပြည့်ဝသော ပညာရေးဝန်ထမ်းများ မွေးထုတ်ပေးနိုင်ရန်နှင့် ပညာရေးဝန်ထမ်းများအတွက် လုံလောက်သောလစာ၊ ရိကူ္ခာ၊ခံစားခွင့်များရရှိစေရန် ဆောင်ရွက်မည်။

(၃) မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူ များကို နိုင်ငံတော်မှ ကျွေးမွေးထောက်ပံ့နိုင်အောင် ကြိုးစားသွားမည်။ ဒါမှသာ ကာယ/ဉာဏအားများ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်လာမည်။

(ဂ) ကျန်းမာရေးဆိုင်ရာမူဝါဒ

(၁) နိုင်ငံသားတိုင်းထိရောက်သော ကျန်းမာရေးကူညီစောင့်ရှောက်မှုရရှိစေရန်နှင့် အခြေခံလူတန်းစားများ အခမဲ့ဆေးကုသခွင့်ရရှိစေရေးဆောင်ရွက်မည်။

(၂) ကျေးလက်ဒေသနှင့် တိုင်းရင်းသာလူမျိုးတို့ နေထိုင်ရာ နယ်စပ်ဒေသများတွင် မြို့ပြနှင့်တစ်ပြေးညီ ကျန်းမာရေးကူညီစောင့်ရှောက်မှုများရရှိစေရေးဆောင်ရွက်မည်။

(ဃ) လယ်ယာမြေဆိုင်ရာမူဝါဒ

(၁) စိုက်ပျိုးမြေများ တိုးချဲ့ဖော်ဆောင်၍ ဒေသနှင့်ကိုက်ညီသောသီးနှံများလွတ်လပ်စွာဥပဒေနှင့်အညီ စိုက်ပျိုးနိုင်ရေးဆောင်ရွက်မည်။

(၂) လယ်ယာလုပ်ငန်းအတွက်လိုအပ်သော စိုက်ပျိုးစရိတ်နှင့် အခြားထောက်ပံ့မှုများအား အတိုးမဲ့ကူညီထောက်ပံ့နိုင်ရန် ဦးစားပေးဆောင်ရွက်မည်။

(၃) ပိုင်ဆိုင်မှုအထောက်အထားခိုင်လုံသော်လည်း အကြောင်းကြောင်းကြောင့် လယ်ယာမြေလက်လွတ်ဆုံးရှုံးခဲ့ရသော လယ်သမားများအတွက်လယ်ယာမြေလက်ဝယ်ပြန်လည်ရရှိစေရေး ဥပဒေနှင့်အညီ အလေးထားဆောင်ရွက်မည်။

(၄) ၂၀၁၂ ခုနှစ်လယ်ယာမြေဥပဒေကို မြေပြန့်တောင်တန်း မခွဲခြားဘဲ ထိထိရောက်ရောက်အသက်ဝင်ရန် ဆောင်ရွက်သွားမည်။ ထို ၂၀၁၂ခုနှစ် ဥပဒေထဲမှ လိုအပ်သလို ထပ်မံဖြည့်စွက်/ ပယ်ဖျက်ပေး သွားမည်။

မဲဆန္ဒရှင် မိဘပြည်သူအပေါင်းတို့ခင်ဗျား -

ကျွန်တော်တို့တိုင်းပြည်မှာ ကျွန်တော်ရော တိုင်းသူပြည်သားအားလုံးပါ လိမ်ပြောစရာမလိုဘဲ ဘဝကိုဖြတ်သန်းနိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့လူမျိုးဟာ ကြောက်ရင်လည်း လိမ်ပြောပေးလိုက်တာပဲ၊ သနားရင်လည်း လိမ်ပြောပေးလိုက်တာပဲ၊ အားနာရင်လည်း လိမ်ပြောပေးလိုက်ကြတာပဲ၊ အဲဒီလိုလိမ်ပြောလိုက်တာဟာ ခဏတစ်ဖြုတ်တော့ အဆင်ပြေသွားမှာပါဘဝအတွက်တော့ကြာလာရင် အခက်အခဲပေါင်းများစွာ ဖြစ်လာပါတယ်။ တိုင်းပြည်နဲ့လူမျိုး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အမှန်တရားကို သတ္တိရှိရှိရဲရဲဝံ့ဝံ့ ပြောရဲလုပ်ရဲဖို့လိုပါတယ်။ ကြောက်ကြောက်ကြောက်ကြောက်နဲ့ နေရင်လည်း သေမှာပဲ၊ ရဲရဲဝံ့ဝံ့ နဲ့နေလည်းသေမှာပဲ၊ သေမယ့်အတူတူ ရဲရဲဝံ့ဝံ့နဲ့သေသွား ချင်ပါတယ်။ ဒါကြောင့် ရဲရဲဝံ့ဝံံ့နဲ့ဆောင်ရွက်မယ့် ဂဋ္ဌုန်နဂါးတံဆိပ်နဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကို မဲပေးရွေးချယ်ကြဖို့ တိုက်တွန်းလိုပါတယ်။

သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းက ကမ္ဘာကြီးဟာ မကောင်းတာလုပ်သူတွေကြောင့် ပျက်စီးသွားမှာ မဟုတ်ပါဘူး။ မကောင်းတာလုပ်နေတာကိုမြင်လျက်နဲ့ လက်ပိုက်ကြည့်နေသူတွေကြောင့် ပျက်စီးသွား မှာပါလို့ဆိုခဲ့ပါတယ်။ ကျွန်တော်တို့တောင်သူလယ်သမားတွေ အနေနဲ့လည်း လယ်သမားတွေရဲ့ဘဝကို လယ်သမားတွေကသာ ပြောင်းလဲတိုးတက်အောင် လုပ်နိုင်မှာမို့လက်ပိုက်ကြည့်နေလို့မရဘဲ လွှတ်တော်ထဲအထိ ချီတက်အရေးဆိုကြရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းအားလုံးဟာ တိုင်းပြည်အတွက် သစ္စာရေသောက်ပြီးမှ တိုင်းပြည်အကျိုးကိုလုပ်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံကြီး တိုးတက်တာကိုမြင်ချင်တဲ့သူဟာ မြန်မာနိုင်ငံသားစစ်စစ်ပဲဆိုတာ ယုံကြည်လို့ရပါတယ်။ မြန်မာနိုင်ငံသားဖြစ်ပါရဲ့နဲ့ မြန်မာနိုင်ငံကြီးပွားတိုးတက်တာကို မမြင်ချင်ရင်တော့ မြန်မာနိုင်ငံသား စစ်စစ်မဟုတ်ဘူးလို့ မှတ်ယူရမှာပဲ။ ခေါင်းဆောင်ဆိုတာ ပြည်သူတွေရဲ့လက်ရှိအခြေအနေကို တိုးတက်မြင့်မားအောင် လုပ်ဆောင်ပေးနိုင်မှသာ ခေါင်းဆောင်လို့ ခေါ်ထိုက်ပါတယ်။

ကျွန်တော်တို့ပြည်သူတွေဟာ ရေမလာလည်း ဘာမှမပြောပါဘူး၊မီးမလာလည်း ဘာမှမပြောဘဲသည်းခံနေကျ။ ကျွန်တော်တို့အားလုံး တောင်းဆိုချင်နေတာ လင်ခရူစာကားကြီးတွေ၊ ကွန်ဒိုတိုက်ခန်း ကြီးတွေလည်း မဟုတ်ပါဘူး။ ထမင်းလေး၀၀လင်လင်စားပြီး ကြွေကင်းကင်းလေးနေရပြီး တဲအိမ်လေးနဲ့နေရလည်း ပျော်နေပါပြီ။ အဲ့ဒါဟာ ပြည်သူအားလုံးရဲ့ဆန္ဒပါ။

နိုင်ငံတော်ဆိုတာ ပြည်သူအားလုံးကို ကိုယ်စားပြုထားတဲ့နေရာပါ၊အစိုးရဆိုတာ ပြည်သူကိုစောင့်ရှောက်ဖို့ ပြည်သူကအပ်နှင်းထားတာပါ။ကိုယ့်ရဲ့ဘဝကို အပ်ထားတဲ့သူကို ချစ်ပဲချစ်ချင်ပါတယ်။ မကြောက် ပါရစေနဲ့လို့ ပြည်သူအားလုံးက ဆုတောင်းနေပါတယ်။ ကျွန်တော်တို့ အခု လုပ်နေတာဟာ တကယ့်နိုင်ငံအရေးမဟုတ်သေးပါဘူး။ နိုင်ငံရေးသမားလို့အမည်ခံပြီး လူထုကိုပြောလိုက်၊ ဂျာနယ်/ မဂ္ဂဇင်း/ စာစောင်တွေက ထည့်ရေးလိုက်နဲ့ ဒါလေးနဲ့ကျေနပ်နေတာပါ။ ပြည်သူလူထုကတော့ နေပူထဲမှာဆင်းရဲမြဲဆင်းရဲ၊ စိတ်ပင်ပန်း လူပင်ပန်းနေတာ မပြောင်းလဲသေးပါဘူး၊ တိုင်းပြည်ရဲ့နိုင်ငံရေးသမားစစ်စစ် ဆိုတာ ပြည်သူလူထု စိတ်ချမ်းချမ်းသာသာနဲ့ ဘဝတိုးတက်မြင့်မားအောင် ပြောင်းလဲပေးနိုင်ရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ဆင်းရဲသားလယ်သမား၊ အလုပ်သမားလူထုကြီးကိုမှာလိုတာက မိမိရဲ့စိတ်ခံစားမှုလေးတစ်ခုတည်းကိုကြည့်ပြီး တိုင်းပြည်အတွက် အရေးကြီးဆုံးကာလမှာ တိုင်းပြည်အတွက်အများအကျိုး အတွက် လျစ်လျူရှုလိုက်မယ်ဆိုရင် မိမိဘဝကိုရက်ရက်စက်စက် ဖျက်ဆီးလိုက်တာနဲ့တူတယ်။ နောင်မှနောင်တရလို့မဆုံး ဖြစ်နေလိမ့်မယ်။

လေးစားအပ်တဲ့ မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား-

ပြည်သူလူထုကြီးက ယုံယုံကြည်ကြည် ရဲရဲတင်းတင်း တာဝန်ပေးအပ်နိုင်ဖို့အတွက် ဆင်းရဲသားတောင်သူလယ်သမား အလုပ်သမားများကို ကိုယ်စားပြုမယ့် ကျွန်တော်တို့ ''မြန်မာနိုင်ငံ တောင်သူလယ် သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ'' ရဲ့ဒေါင်ဒေါင်မြည် ကိုယ်စားလှယ်လောင်း ၂၈၅ယောက်ကို ပြည်သူတွေရှေ့မှောက် အရောက်ပို့လိုက်ပါပြီ။ မဲဆန္ဒရှင်မိဘပြည်သူများကလည်း ကျွန်တော်တို့ပါတီရဲ့ အမှတ် အသားဖြစ်တဲ့ဂဠုန်နဂါးတံဆိပ်ရဲ့ဘေးမှာ အမှတ်တံဆိပ်ခတ်နှိပ်ပြီး ပြည်သူကို ကိုယ်စားပြုမယ့် ပြည်သူ့ပါတီကို မဲပေးရွေးချယ်ပေးကြပါလို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

" လယ်သမားသမ္မတ"

ရေး/ဆို- ညီဝင်းစိန်

V: { သပြေထွန်းတဲ့တောင်ကျွန်းဒီပါ မြန်မာပြည်ကြီးဝယ်၊ လယ်သမားအတွက် ဆောင်ရွက်နေတာ ဒီပါတီပါကွယ်}၂    ကျေးလက်တောရွာ အနှံ တကယ်ဆောင်ရွက်နေပါတယ်၊ ဆုံးရှုံးမှုတွေပျောက်ကွယ် အမှန်တရားပေါ်လွင်မယ်၊ အောင်ပန်းဆွတ်ခါ လယ်ယာစနစ်တွေ ထွန်းသစ်ခါသာရယ် လယ်သမားသမ္မတ၊ သမ္မတဟေ့လို့ တို့များကြွေးကြော်မယ်။

Cho;  {(ကြိုးစားမယ်) ၂ တို့တွေကြိုးစားမယ်၊ ပါတီဂုဏ်ရှိန်မြင့်အောင်ကွယ် တို့များကြံဆောင်မယ်} ၂ ဆက်လက်တည်စေမယ်၊ ဂဋ္ဌုန်နဂါးအလံ အောင်ပွဲခံလို့ ကမ္ဘာအနှံသိစေမယ်။

မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိူးတိုးတက်ရေးပါတီ

 ၁။  ပါတီအမည်  -  မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိူးတိုးတက်ရေးပါတီ
 ၂။  ပါတီအမည်(English)  -  Myanmar Farmer’s Development Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂၂.၈.၂၀၁၂
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၈ ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးကျော်စွာစိုး(ခ)ဦးကျော်စွာအောင်၊ ဦးချစ်ဦး
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂၄.၉.၂၀၁၂
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၁.၁၀.၂၀၁၂
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၆.၁၁.၂၀၁၂
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၆၁)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးကျော်စွာစိုး(ခ)ဦးကျော်စွာအောင်၊ ဒေါ်ခင်သန်းဦး
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  ခြံ-၂၂၊ ၁၆၆ လမ်း၊ တာမွေကြီးရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  - ၀၉-၅၁၇၇၇၁၄ (ဦးကျော်စွာစိုး)၊ ၀၁-၅၄၃၀၆၃
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  -

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly