၂၀၁၈ ဘီဘီစီ အာဖရိက တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆာလတ် ဆွတ်ခူး

၂၀၁၈ ဘီဘီစီ အာဖရိက တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆာလတ် ဆွတ်ခူး
Photo: Mohamed Salah/Twitter

အီဂျစ်နဲ့ လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား မိုဆာလတ်ဟာ ဘီဘီစီကနေ ချီးမြှင့်တဲ့ ၂၀၁၈ အာဖရိက တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။ ဒီဆုကို ဆာလတ်က ၂ နှစ်ဆက်တိုက် ရရှိခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၂၆ နှစ်ကစားသမားဟာ အာဖရိက တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဘီနာတီယာ၊ ကူလီဘာလီ၊ မာနေးနဲ့ သောမတ်စ်ပါတေးတို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်းအတွက် ၅၂ ပွဲကစားခဲ့ရာမှာ ၄၄ ဂိုးအထိ သွင်းယူခဲ့ပါတယ်။

“ဒီဆုကို ထပ်ပြီး ဆွတ်ခူးနိုင်တဲ့အတွက် အရမ်းကို ကျေနပ်အားရမိပါတယ်။ ကျနော် ပျော်ရွှင်မိပါတယ်။ လာမယ့်နှစ်မှာလည်း ရယူသွားချင်ပါသေးတယ်။ ၂၀၁၈ ခုနှစ်က ကျနော့်အတွက် ကောင်းမွန်တဲ့ အခိုက်အတန့်တွေ အများကြီးရှိခဲ့ပါတယ်။ အန်ဖီးလ်မှာ ရိုးမားနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ဟာ မယုံကြည်နိုင်စရာပါပဲ။ ကျနော် ဂိုးတွေ သွင်းပြီး အသင်းကို အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နိုင်အောင် ကူညီပေးနေပါတယ်။ ဒါတွေက အမြဲပဲ အားရကျေနပ်စရာပါ။”လို့ ဆာလတ်က ပြောပါတယ်။

ဆာလတ်က ၂၀၁၉ အတွက် သူ့ရဲ့ ရည်မှန်းချက်ဟာ “ကလပ်အသင်းနဲ့အတူ ဆုဖလားတစ်ခုခု ရယူပြဖို့ဖြစ်ပြီး အသင်းမှာရှိတဲ့ လူတိုင်းကလည်း စိတ်လှုပ်ရှားနေကြတယ်။ ကျနော်အနေနဲ့လည်း နေ့တိုင်း အသင်းကို ကူညီမှုပေးနိုင်အောင် ကိုယ့်ကိုကိုယ်တွန်းတင်တင်ပြီး ကြိုးစားနေပါတယ်။”လို့ ဆိုပါတယ်။

ဆာလတ်ဟာ ဒီဆုကို နိုက်ဂျီးရီးယားကစားသမား ဂျေဂျေအိုကိုချာနောက်ပိုင်း ၂ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly